News

POST TYPE

HEALTH

ရွှေစက်တော်ရှိ အခမဲ့နားနေဆောင် ပိုင်ရှင်ကို တရားစွဲ
26-Mar-2018

မကွေး၊ မတ်၂၅

မကွေးတိုင်းအစိုးရက ဖျက်သိမ်းရန် ညွှန်ကြားထားသော ရွှေစက်တော်ဘုရားပွဲတော်အနီးရှိ မီးပျံကျဧရိယာတွင် ဖွင့်လှစ်ထားသည့် မန်းသီတာအခမဲ့ တည်းခိုဆောင်များကို မဖျက်သိမ်းသေးသဖြင့် တည်းကျောင်းပိုင်ရှင်ကို တရားစွဲဆိုထားပြီး အဆိုပါ တည်းကျောင်းသို့သွားရာလမ်းများကိုလည်း ပိတ်ဆို့လိုက်ကြောင်း မန်းရွှေစက်တော်ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ တည်းကျောင်းပိုင်ရှင်ကို ရွှေစက်တော်ဘုရားပွဲတော်အတွက် တရားဝင်လေလံရရှိခဲ့သည့် တည်းကျောင်းပိုင်ရှင်များက တိုင်ကြားခဲ့သဖြင့်မတ်လ ၁၂ ရက် နေ့၌ အပြီးဖျက်သိမ်းပေးရန် မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားခဲ့သော်လည်း လိုက်နာမှုမရှိသဖြင့် အမှုဖွင့်ပြီး လမ်းကြောင်းများ ပိတ်ဆို့ခဲ့ခြင်းဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တည်းကျောင်းတွေ မဖျက်သိမ်းတဲ့အတွက် အမှုဖွင့်ထားတယ်။ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ သူ့ဘက်သွားတဲ့လမ်းတွေကို ပိတ်ပါဆိုလို့ ကျုပ်တို့က ပိတ်ရတာပေါ့ဗျာ။ လမ်းနှစ်ခုပိတ်လိုက်တယ်။ တစ်ခုကိုတော့ဈေးသည်တွေက အင်နဲ့အားနဲ့ ဖျက်လိုက်ကြတယ်။ ကျွန်တော်တို့ အလျှော့ပေးလိုက်ရပါတယ်။ သူတို့က မင်းမဲ့စရိုက်ဆန်ဆန် လုပ်ခဲ့တာတွေကိုလည်း အစိုးရအဖွဲ့ထံတင်ပြထားပါတယ်”ဟုရွှေစက်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးသိန်းလှိုင်က ပြောဆိုသည်။

အဆိုပါ မီးပျံကျဧရိယာတွင် ရွှေစက်တော်ဘုရားပွဲတော်သို့ ဈေးလာရောက်ရောင်းချကြသည့် ဈေးသည်မိသားစုဝင် တစ်ထောင်နီးပါး နေထိုင်နေသည့် အပြင်ယော၊ ဆော၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များမှ ဒေသခံများလာရာ လမ်းကြောင်းဖြစ်သည့်အတွက် ၎င်းတို့ပူးပေါင်းကာ လမ်းပိတ်ဆို့ထားခြင်းကို ဖျက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးက ပြောကြားသည်။

“သူတို့က ဖျက်ပေးဖို့စာထွက်ပေမယ့်မဖျက်ဘူး။ ဒါကြောင့် တရားစွဲတာ။ ကျွန်တော့်ကို တရားစွဲတာက ကျူးကျော်ဝင်ရောက်မှုတဲ့။ အစကတည်းက ဒီနေရာကိုမဝင်ရဘူးဆိုပြီး သူတို့တားထားတာ မဟုတ်ဘူး။ ကျွန်တော်က အဆင့်ဆင့်တင်ပြီးလုပ်ခဲ့တာ။ သူတို့စွဲတဲ့အမှုကိုက မှားနေတယ်”ဟု မန်းသီတာတည်း ကျောင်းပိုင်ရှင် ဦးလူပအောင်က ပြောဆိုသည်။

ဦးလူပအောင်ကို မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ပုဒ်မ (၄၄၇) ဖြင့် အမှုဖွင့်ထားပြီး ဦးလူပအောင်ဘက်ကလည်း ၎င်း၏ဆိုင်းဘုတ်များကို ဖျက်ဆီးခဲ့သည့်အတွက် ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးလူပအောင်ထံမှ သိရသည်။ 

လွင်အေး


  • VIA