News

POST TYPE

HEALTH

မိခင်နို့ တိုက်ကျွေးမှုနှုန်းတိုးပါက နှစ်စဉ်ကလေးသေဆုံးမှု လျော့မည်


ရန်ကုန်၊ မတ် ၂၀

ကမ္ဘာပေါ်တွင် မိခင်နို့တိုက်ကျွေးမှု နှုန်းတိုးလာပါက နှစ်စဉ် ကလေးသေဆုံးမှု ရှစ်သိန်းနှစ်သောင်းသုံးထောင်ကျော်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း Save the Children ၏ DON’T PUSH IT အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းသည် ကလေးအတွက် အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်မှုကို ရစေကြောင်း၊ အသက်ခြောက်လကျော်ပါက ဖြည့်စွက်စာနှင့်အတူ မိခင်နို့ကို အသက် ၂ နှစ်နှင့် ၂ နှစ်ကျော်အထိ တိုက်ကျွေးသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ခံထားသည်ဟု သိရသည်။

“နို့မှုန့်က အာဟာရဓာတ်ကို ပေးစွမ်းနိုင်တယ်။ ဒါပေမဲ့ မိခင်နို့ကိုတော့ မမီဘူး။ နို့မှုန့်က ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်နိုင်တယ်။ နောက်ပြီး နို့ဖျော်တဲ့အခါမှာ သောက်ရေသန့်မဟုတ်ဘဲနဲ့ တွေ့ရာရေကျိုပြီး ဖျော်တဲ့အခါမှာ ရောဂါဖြစ်ပွားနှုန်းတွေ မြင့်တယ်။ ရေသန့်ဖို့ကလည်း အရေးကြီးတယ်”ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာမေခင်သန်းက ဆိုသည်။

ကလေးငယ်များသည် မိခင်နို့ရည်တိုက်ကျွေးမှု မလုံလောက်ခြင်းကြောင့်ဖြစ်ပေါ်သည့် အဆုတ်ရောင်ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုမြင့်တက်လာကြောင်း၊ သို့သော်လည်း မိခင်နို့ရည်သာ ပုံမှန်တိုက်ကျွေးမည်ဆိုပါက ကလေးငယ်များ၏ အသက်ရှူလမ်းကြောင်းတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါ သုံးပုံတစ်ပုံနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုနှုန်းကို တစ်ဝက်အထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း Save the Children ၏ အစီရင်ခံစာအရ သိရသည်။

“မိခင်နို့က အကောင်းဆုံးဆိုရင် မိခင်တွေကို နို့တိုက်စေချင်ရင် သူတို့ကို အသိပညာမြှင့်တင်ပေးဖို့လိုတယ်။ ဒီအတွက်လည်း ဆရာမတို့ဌာနက လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေထုတ်ဝေတယ်။ ဒီ့အပြင်ကို အခြေခံကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေကိုပါ ၂ နှစ်အောက် ကလေးတွေ ကျွေးမွေးပြုစုစောင့်ရှောက်နည်း သင်တန်းတွေပို့ချပါတယ်” ဟု ဒေါက်တာမေခင်သန်းက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေး၏ ၃၀ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ ပုညှက်ခြင်းကိုခံစားနေရပြီး ၇ ရာ ခိုင်နှုန်းမှာ လတ်တလော အာဟာရချို့တဲ့ခြင်းကို ခံစားနေရကြောင်း၊ အသက် ခြောက်လအောက် ကလေး ၅၀ ရာခိုင်နှုန်းသာ မိခင်နို့တစ်မျိုးတည်းကို တိုက်ကျွေးခြင်းခံရပြီး ကလေး ၃၈ ရာခိုင်နှုန်းမှာ ၎င်းတို့၏အသက် လေးလမှငါးလအထိသာ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းခံရကြောင်း Save the Children အစီရင်ခံစာ၏ အချက်အလက်များအရ သိရသည်။

J-12