News

POST TYPE

HEALTH

ရန်ကုန်ရှိဆေးရုံအားလုံး သွေးရရှိရန် စေတနာသွေးလှူရှင်များ လိုအပ်
07-Mar-2018

ရန်ကုန်၊ မတ် ၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရဆေးရုံများမှလူနာများ သွေးရရှိနိုင်ရန်အတွက် စေတနာသွေးလှူရှင်များ၏ သွေးများလိုအပ်လျက်ရှိကြောင်း အမျိုးသားသွေးဌာန၏ တာဝန်ခံ ဒေါက်တာ သီတာအောင်က ပြောကြားသည်။

“သွေးလှူရှင်က တစ်လကို ခြောက်ထောင်ကနေ ခုနစ်ထောင်လောက်အထိ လိုတယ်။ အခုချိန်ထိ နှလုံးခွဲတဲ့လူနာကလွဲပြီး ဘယ်သူမှသွေးမရှာရအောင် စေတနာသွေးလှူရှင်က ထောက်ပံ့တယ်။ နောက်ထပ် တစ်ထောင့်ငါးရာလောက် ထပ်လှူမယ်ဆိုရင် စုစုပေါင်း ရှစ်ထောင့်ငါးရာဆိုရင် ကျန်တဲ့ဆေးရုံအကုန်ရနိုင်တယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိအချိန်တွင် ရန်ကုန်ရှိ ဆေးရုံ ၁၃ ရုံကို သွေးထောက်ပံ့မှုပေးလျက်ရှိပြီး ကလေးဆေးရုံနှစ်ရုံ၊ အင်းစိန်ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံနှင့် ဗဟိုအမျိုးသမီးဆေးရုံသာ ကျန်ရှိကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးအနေနှင့် တစ်လလျှင် သွေးအလုံးရေ ခြောက်ထောင်ခန့် အများဆုံးအသုံးပြုလျက်ရှိကြောင်း အမျိုးသားသွေးဌာနထံမှ သိရသည်။

အမျိုးသားသွေးဌာနအနေနှင့် စေတနာသွေးလှူရှင်ပမာဏ တိုးလာစေရေးအတွက် တစ်ဦးချင်းစီအတွက် ဖုန်းခေါ်ဆိုအသိပေးခြင်း၊ စာတို (SMS) ပေးပို့ခြင်း၊ သွေးလှူဖူးသည့်သူများကို ၎င်းတို့၏မွေးနေ့ အနီးကပ်ချိန်တွင် ကြိုတင်ကာ အသိပေးအကြောင်းကြားခြင်း၊ လိုအပ်လျက်ရှိသော သွေးအုပ်စုကို ဖေ့စ်ဘွတ်ခ်တွင်အသိပေးခြင်း၊ ဝက်ဘ်ဆိုက်တွင် ကြိုပွိုင့်ယူ၍ သွေးလှူဒါန်းနိုင်ခြင်း စသော အချက် ၅ ချက်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ယင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အမျိုးသားသွေးဌာန၏ သွေးလိုအပ်ချက်နှင့် သွေးလှူဒါန်းလိုသည့် အကြောင်းအရာများကို www.donateblood myanmar.org ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အဆိုပါသွေးလှူ ဝက်ဘ်ဆိုက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် စတင်ခဲ့ကြောင်း၊ အမျိုးသားသွေးလှူဘဏ်မှ ၂၀၁၆ ခုနှစ်အတွက် သွေးအိတ်ယူနစ်ပေါင်း ၆၉,၀၀၀ ခန့်ရရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

J-12


  • VIA