News

POST TYPE

HEALTH

ကျိုင်းတုံတွင် သွေးလှူရှင်များကို ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမည်
04-Mar-2018



ကျိုင်းတုံ၊ မတ် ၃ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်နယ်အထွေထွေရောဂါကုဆေးရုံကြီးတွင် သွေးလှူဒါန်းပေးသူများကို မတ်လ ၂ ရက်က စတင်၍ အသည်းရောင်အသားဝါ (B ပိုး) ကာကွယ်ဆေးများ အခမဲ့ထိုးပေးနေကြောင်း အဆိုပါဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က ပြောကြားသည်။

“စေတနာအလျောက် သွေးလှူဒါန်းပေးနေကြတဲ့ သွေးလှူရှင်တွေထဲမှာမှ ဝါရင့်သွေးအလှူရှင် တချို့မှာတောင် ဘီပိုးတွေ့ရှိနေတယ်၊ အမျိုးသားသွေးလှူဘဏ်ထံ တင်ပြတောင်းခံပြီး ဘီပိုးကာကွယ်ဆေးတွေကို အခမဲ့ထိုးပေးတာပါ”ဟု ၎င်းက ဆိုသည်။

ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် ပုံမှန်သွေးလှူပေးနေသော်လည်း အသည်းရောင်အသားဝါ (Bပိုး) ကာကွယ်ဆေးများ တစ်ကြိမ်မှ မထိုးဖူးကြောင်း၊ ယမန်နေ့က ကာကွယ်ဆေးထိုးပေးသည်ဟု သိရသော်လည်း တစ်နှစ်မှ တစ်ရက်သာ ကျင်းပသည့် စော်ဘွားဈေးနေ့သို့ လည်ပတ်နေသဖြင့် မထိုးဖြစ်သေးကြောင်း ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ဆေးရုံကြီးတွင် လစဉ်သွေးအလုံးရေ ၂၀၀ မှ ၂၅၀ အတွင်း လိုအပ်နေပြီး အသည်းရောင်အသားဝါ (B ပိုး) ကာကွယ်ဆေးကို သွေးအလှူရှင် ၂၀၀ ခန့်ကို အခမဲ့ထိုးပေးမည်ဖြစ်ကြောင်း၊ မတ်လ ၂ ရက်တွင် သွေးလှူရှင် ၁၀၀ ခန့် လာရောက်ထိုးနှံခဲ့ပြီး ကျန်ရှိသည့် သွေးလှူရှင်များကို ရုံးဖွင့်ရက်ဖြစ်သည့် မတ်လ ၅ ရက်နှင့် ကျန်နေ့ရက်များတွင် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

R-16