News

POST TYPE

HEALTH

အိတ်ခ်ျအိုင်ဗီကူးစက်နှုန်းများသည့် ဒေသများအတွက် ကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိ စီမံချက်စတင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ 

အိတ်ခ်ျအိုင်ဗီကူးစက်မှုနှုန်း မြင့်မားသည့်ဒေသများအတွက် USAID က အမေရိကန်ဒေါ်လာ ၁၀ သန်းတန်ဖိုးရှိ ၂ နှစ်တာကာလ စီမံချက်ကို စတင်မည်ဖြစ်ကြောင်း USAID ထံမှ သိရသည်။

ထိုလုပ်ငန်းများကို ကူးစက်မှုမြင့်မားနေသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း Community Partners International ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစည်သူရက ပြောကြားသည်။

“ဒီနေရာတွေမှာ လုပ်နေတာက နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီပရောဂျက်ဝင်လာတဲ့အတွက် အရင်တုန်းက လစ်လပ်နေတဲ့နေရာတွေမှာ အလုပ်တွေ ပိုချဲ့လာနိုင်မယ်။ ဒါ့အပြင် လိုအပ်နေတဲ့ ငွေကြေးနဲ့ နည်းပညာတွေကိုလည်း ဒီပရောဂျက်က ဖြည့်ပေးမယ်ပေါ့”ဟု ၎င်းက ရှင်းပြသည်။

ယင်းစီမံချက်သည် မူးယစ်ဆေးဝါး အကြောဆေးထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် လိင်တူဆက်ဆံသူ အုပ်စုများအတွက် အိတ်ခ်ျအိုင်ဗီပိုး စစ်ဆေးပေးခြင်း၊ ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီဖြစ်ပွားသူ နှစ်သိန်းနှစ်သောင်းကျော်ရှိကြောင်း USAID ထံမှ သိရသည်။

ယခုစီမံချက်ကို USAID-U.S President’s Emergency Plan for AIDS Relief (PEPFAR) ၏ ရန်ပုံငွေ အထောက်အပံ့ဖြင့် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုလွှမ်းခြုံပေးနိုင်စေရန်ရည်ရွယ်ပြီး Community Partners International နှင့်အတူ အခြားသော မိတ်ဖက်အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

J-12