News

POST TYPE

HEALTH

တီဘီရောဂါကို စက်များဖြင့် အခမဲ့စစ်ဆေး
20-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တီဘီရောဂါ ရှိ မရှိ စစ်ဆေးခြင်းကို ယင်းရောဂါရှာဖွေစက် (Gene Xpert) များဖြင့် ရန်ကုန်မြို့တွင်း ၁၀ နေရာတွင် အခမဲ့ စစ်ဆေးနိုင်ကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။

အင်းစိန်(အောင်ဆန်း) တိုင်းတီဘီ ရောဂါတိုက်ဖျက်ရေးဌာန၊ မြောက်ဥက္ကလာ (ဥဇ္ဇနာ) တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းအတွင်း တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဌာန၊ သာကေတမြို့နယ် ကျန်းမာရေးဌာန၊ မင်္ဂလာဒုံ အထူးကုဆေးရုံ၊ ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဒဂုံမြို့နယ် ကျန်းမာရေးဌာနနှင့် အင်းစိန်အကျဉ်းထောင်ဌာနများတွင် ယင်းရောဂါ ရှိ မရှိကို အခမဲ့ စစ်ဆေးနိုင်ကြောင်း ယင်းစီမံကိန်းအရ သိရသည်။

တီဘီရောဂါသည် လေထဲတွင် ကူးစက်ပြန့်ပွားတတ်ပြီး မျက်စိနှင့်မမြင်နိုင်သည့် အဏုဇီဝပိုးဖြစ်သော တီဘီရောဂါပိုး (Mycobacterium Tuberculosis) ကြောင့်ဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်ပွားဆုံး နိုင်ငံပေါင်း ၃၀ တွင် ပါဝင်ကြောင်း နေပြည်တော်၊ ခုတင် ၁၀၀၀ ဆံ့ ဆေးရုံကြီးမှ ဆေးပညာ ပါမောက္ခ ဒေါက်တာတင့်တင့်ကြည်က ပြောကြားသည်။

တီဘီရောဂါသည် ကုသ၍ရသော ရောဂါဖြစ်သည့်အတွက် ရောဂါ ရှိ၊ မရှိကို စစ်ဆေး၍ ရောဂါရှိခဲ့ပါကလည်း ဆေးကုသမှုကို ပြီးဆုံးအောင် ခံယူကာ ဆေးယဉ်ပါး တီဘီမဖြစ်ပွားစေရန် ကာကွယ်နိုင်ကြောင်း၊ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်၌ တီဘီရောဂါ ဝေဒနာရှင် ၃၂,၇၇၇ ဦးဖြစ်ပွားပြီး မြန်မာတစ်နိုင်ငံလုံး၏၂၃ ရာခိုင်နှုန်းရှိကြောင်း အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါ Gene Xpert စက်များကို လှိုင်မြို့နယ် ကျန်းမာရေးဌာန၊ လှိုင်သာယာမြို့နယ် ကျန်းမာရေးဌာနနှင့် သာကေတ အထူးကုဆေးရုံကြီးများတွင်လည်း မကြာမီကာလအတွင်း ထပ်မံ တပ်ဆင်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းစီမံကိန်းအရ သိရသည်။

J-12