News

POST TYPE

HEALTH

မြန်မာနိုင်ငံတွင် ကုထုံးသစ်ဖြင့် ပထမဆုံးအကြိမ် နှလုံးအဆို့ရှင်လဲလှယ်
15-Feb-2018



မန္တလေး၊ ဖေဖော်ဝါရီ ၁၄

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ လူနာလေးဦးကို နှလုံးအဆို့ရှင် အစားထိုးကုထုံးသစ်ဖြင့် ကုသပေးခဲ့ရာတွင် အောင်မြင်မှုရခဲ့ကြောင်း ယင်းဆေးရုံကြီး နှလုံးရောဂါကုသဌာနထံမှ သိရသည်။

နှလုံးအဆို့ရှင်လဲလှယ်ရာတွင် ကုထုံးသစ်ဖြစ်သော ပေါင်ခြံသွေးကြောမှတစ်ဆင့် ပိုက်ထည့်ကာ အဆို့ရှင်လဲလှယ်သည့် ကုထုံးဖြင့် ဖေဖော်ဝါရီလ ၁၂ ရက် နှင့် ၁၃ ရက်နေ့တို့တွင် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဆေးရုံကြီး နှလုံးရောဂါကုသဌာန ပါမောက္ခဌာနမှူး ဒေါက်တာသန်းသန်းကြိုင်က ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် ယခင်က နှလုံးအဆို့ရှင်လဲလှယ်ရာတွင် ခွဲစိတ်လဲလှယ်သည့် ကုထုံးဖြင့်ကုသနေရာမှ ပေါင်ခြံသွေးကြောမှတစ်ဆင့် ပိုက်ထည့်ကာ လဲလှယ်သည့်ကုထုံးဖြင့် ပထမဆုံးအကြိမ် လဲလှယ်ပေးခြင်းဖြစ်ကြောင်း၊ လူနာငါးဦးကို လဲလှယ်ပေးရန် လျာထားသော်လည်း လူနာတစ်ဦးသည် ယင်းကုထုံးဖြင့် ကုသရန် အဆင်မပြေသောကြောင့် လေးဦးသာ ကုသပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းက နှလုံးအဆို့ရှင် လဲမယ်ဆိုရင် ရင်ဘတ်ကိုခွဲပြီးတော့မှ လဲလို့ရတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီလိုကုသတဲ့နေရာမှာ လူနာတိုင်းခွဲစိတ်လို့မရတဲ့ အခြေအနေတွေရှိတယ်။ တချို့ကမေ့ဆေး အကြာကြီးပေးလို့ မရတာမျိုး၊ အချို့ကျတော့လည်း သွေးကျဲဆေး ပေးလို့မရတာမျိုး၊ အသက်အရွယ်အရ ခွဲစိတ်ဖို့မသင့်တာမျိုးတွေရှိတယ်။ အခုနည်းမှာကျတော့ ခွဲစိတ်ဖို့မလိုဘူး။ ပေါင်ခြံကနေပိုက်တစ်ချောင်းထည့်ပြီးတော့ လဲလှယ်ပေးတာ။ တချို့လူနာဆို မေ့ဆေးတောင်ပေးစရာ မလိုဘူး။ ထုံဆေးပေးပြီး လဲပေးလို့ရတယ်။ အဲ့ဒီတော့ အချိန်ကုန်သက်သာတယ်။ လူနာအတွက်လည်း အနာသက်သာတယ်။ နောက်တစ်ခုက ကိုယ့်နိုင်ငံမှာ ကုသနည်းအသစ်တစ်ခု လုပ်နိုင်သွားတယ်”ဟု ဒေါက်တာသန်းသန်းကြိုင်က ရှင်းပြသည်။

အဆိုပါကုထုံးကို Trancutaneous Aortic Valve Implantation ဟု ခေါ်ဆိုပြီး ယင်းကုထုံးကို ပြင်သစ်နိုင်ငံမှ ဆရာဝန်ကြီးများက ၂၀၀၂ ခုနှစ်က စတင်အသုံးပြုခဲ့ပြီး ဥရောပနိုင်ငံများတွင် ၂၀၀၉ ခုနှစ်ကတည်းက အသုံးပြုခဲ့ကြောင်း၊ အာရှနိုင်ငံများတွင် အသုံးပြုနေကြပြီဖြစ်သော်လည်း မြန်မာနိုင်ငံအနေနှင့် ယခုမှသာ စတင်အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းကုထုံး၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ (မြန်မာကျပ်ငွေ သိန်းငါးရာခန့်) အထိ ကုန်ကျနိုင်ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး နှလုံးရောဂါကုသဌာနထံမှ သိရသည်။

ယင်းသို့ကုသနိုင်ရန် အမေရိကန်နိုင်ငံမှ Edward Life Science ကုမ္ပဏီက အဆို့ရှင် ၁၂ ခု လှူဒါန်းခဲ့ပြီး စင်ကာပူနိုင်ငံ University Hospital မှ နှလုံးအထူးကု ဆရာဝန်ကြီးများဖြစ်ကြသည့် Dr. Edger Tay၊ Dr. Jimmy Hun တို့က နည်းပညာပိုင်း ကူညီပံ့ပိုးပေးကာ မန္တလေးဆေးရုံကြီးမှ နှလုံးအထူးကုဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များ ပူးပေါင်းကုသခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းဌာနထံမှ ထပ်မံသိရသည်။ 

M-04

  • VIA