News

POST TYPE

HEALTH

ကျောင်းမုန့်ဈေးတန်းများ အသင့်စားမုန့် ကင်းစင်ရေး ဆောင်ရွက်မည်
07-Feb-2018



ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးတန်းများတွင် အသင့်စားမုန့်များ ကင်းစင်ရေး (Junk Food Free) အဖြစ် ဆောင်ရွက်ရန် ကြိုးစားလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ကျန်းမာရေးဌာနမှ ခေတ္တဌာနမှူး ဒေါက်တာသန်းသန်းလွင်က ပြောကြားသည်။

အသင့်စား အစားအစာများဖြစ်သော ချိုချဉ်၊ သကြားလုံး၊ ပီကေ အစရှိသော နိုင်ငံခြားမုန့်များ လုံးဝကင်းစင်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း Junk Food Free အဖြစ် အထက (၂) စမ်းချောင်းတွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ အခြားကျောင်းများအနေဖြင့်လည်း ကြိုးစားလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“ရယ်ဒီမိတ်တွေပေါ့။ အဲဒါတွေထဲကမှ လိပ်စာမပါတဲ့မုန့်တွေရဲ့ ပြဿနာကလည်း ရှိသေးတယ်။ ဖုန်းနံပါတ်၊ လိပ်စာ၊ ထုတ်လုပ်ရက်စွဲ ဘာမှမပါတာမျိုးပေါ့။ တချို့က ဖုန်းနံပါတ်ပါတယ်။ ဖုန်းနံပါတ်ဆိုတာကလည်း အခုခေတ်မှာ တစ်ကတ်မဟုတ် တစ်ကတ်သုံးလို့ရတော့ ဘယ်နေရာကဆိုတာ အမှန်မဖြစ်ဘဲ လိုက်စစ်ရတာ ခက်ခဲပါတယ်။ ဒါကြောင့် ကျောင်းမုန့်ဈေးတန်းတွေက လက်မခံဖို့အရေးကြီးတာပေါ့”ဟု ဒေါက်တာသန်းသန်းလွင်က ရှင်းပြသည်။

ကလေးများအနေဖြင့် အသင့်စားအစားအစာများအပြင် အချိုရည်များ၊ အားဖြည့်အချိုရည်များ သောက်သုံးခြင်းကြောင့် အရွယ်မတိုင်မီ အဝလွန်ခြင်း၊ ဆီးချိုရောဂါနှင့် မကူးစက်တတ်သောရောဂါများကို စောစီးစွာ ဖြစ်ပွားနိုင်သဖြင့် ရှောင်ကြဉ်ရန်လိုအပ်ပြီး ယင်းတို့သည် ခန္ဓာကိုယ်အတွက် အာဟာရတန်ဖိုး မဖြစ်စေသော အစားအစာများဖြစ်သည်။

“ဆရာမကတော့ ရာသီစာကိုပဲ အားပေးတယ်။ ဥပမာ ပြောင်းဖူး၊ ကန်စွန်းဥပြုတ် စသဖြင့်ပေါ့။ သန့်ရှင်းမှုမရှိတာတွေ၊ အသင့်စားအစားအစာတွေက မသန့်ရှင်းတာအပြင် ဓာတုဆိုးဆေးပါပါတော့ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ထဲမှာစုပြီးတော့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေက တစ်ဆင့်နာတာရှည်ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်”ဟု ဒေါက်တာ သန်းသန်းလွင်က ဖြည့်စွက်ပြောကြားသည်။

J-12