News

POST TYPE

HEALTH

လေနာရောဂါ
24-Jan-2018 tagged as ကျန်းမာရေး



“လေနာနေတဲ့အချိန်မှာ ကလေးကို ပက်လက်အနေအထားနဲ့မသိပ်ဘဲနဲ့ လူကြီးမိဘရင်ခွင်မှာ မတ်တတ်လေးချီပြီး လမ်းလျှောက်သိပ်ပါ”

နို့စို့အရွယ် အသက်ခြောက်လအောက် ကလေးများတွင် လေနာရောဂါအဖြစ်များပြီး သုတေသနမှတ်တမ်းများအရ ကလေးငါးယောက်တွင် တစ်ယောက်နှုန်း လေနာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ကလေးငယ်များတွင် ဖြစ်တတ်သော လေနာရောဂါနှင့်ပတ်သက်၍ ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးတွေမှာဖြစ်တဲ့ လေနာရောဂါဆိုတာကို ရှင်းပြပေးပါဦး။
Dr.TYZ : လေနာတယ်ဆိုတာက နေကောင်းနေတဲ့ကလေးက ရုတ်တရက် အကြောင်းအရင်းမရှိဘဲ ထငိုပါတယ်။ ငိုတဲ့အခါမှာလည်း စူးစူးဝါးဝါးကို ခြစ်ပြီးငိုပါတယ်။ ဘယ်လိုနည်းနဲ့မှ ချော့လို့၊ မြှူလို့မရအောင်ကို ငိုပါတယ်။ ငိုတဲ့အခါမှာ လက်တွေ ခြေတွေကိုကုပ်ပြီးတော့ တက်မတက် ချက်မတက်ပေါ့။ မိခင်က နို့ဆာတယ်ထင်ပြီးတော့ နို့တိုက်ရင် နို့ကိုသေချာမစို့ဘူး။ တစ်ချက်၊ နှစ်ချက်စို့ပြီးတော့ အသည်းအသန် ပြန်ငိုပါတယ်။ ငိုတာမှ ချွေးထွက်လာပြီးတော့ တစ်ကိုယ်လုံးကို အေးစက်သွားတဲ့အထိပါပဲ။ ပက်လက်သိပ်လည်း မရ၊ ပွေ့ချီသိပ်လည်းမရ၊ အိပ်လည်းမအိပ် စတဲ့ပုံစံမျိုးနဲ့ တွေ့ရပါတယ်။ လေနာတဲ့အချိန်ကလည်း အထူးသဖြင့် ညနေစောင်း လေးနာရီ၊ ငါးနာရီလောက်ကနေ မနက်မိုးလင်း လေးနာရီ၊ ငါးနာရီလောက်အထိကို ဖြစ်တတ်ကြတာလည်းရှိပါတယ်။ သားဦးတွေနဲ့ နှစ်ယောက်၊ သုံးယောက်မွေးထားတဲ့ မိခင်တွေကိုယှဉ်ကြည့်မယ်ဆိုရင် သားဦးတွေမှာ ပိုပြီးတော့ ဒုက္ခရောက်ကြတယ်။ စိတ်သောက ရောက်ရတာပေါ့။

Voice : ကလေးအသက်အရွယ် ဘယ်လောက်အထိ လေနာတာကို ဖြစ်စေတာပါလဲ။
Dr.TYZ : အသက်အရွယ်အရ ပြောမယ်ဆိုရင်တော့ ကလေးအသက် နှစ်ပတ်ကနေ လေးလအတွင်းမှာ ဖြစ်တာကို တွေ့ရလေ့ရှိတယ်။ အထူးသဖြင့်တော့ ကလေးအသက် တစ်လခွဲနဲ့ နှစ်လလောက်မှာ အဖြစ်များတာ တွေ့ရပါတယ်။ တချို့ဆိုရင် ကလေးအသက် ခြောက်လလောက်အထိကို ဖြစ်တတ်ပါတယ်။

Voice : လေနာရောဂါက ဘာကြောင့်ဖြစ်ရတာပါလဲ။
Dr.TYZ : ဘာကြောင့်ဖြစ်ရသလဲဆိုတာ အယူအဆမျိုးစုံရှိတယ်။ တောရွာတွေမှာတော့ ဒါကို မကောင်းဆိုးဝါး ပြုစားမှုကြောင့်လား၊ ဒါမှမဟုတ် တချို့က မိခင်တွေ အစားအသောက်မဆင်ခြင်လို့လား၊ ကလေးတွေကို ပြုစုစောင့်ရှောက်ကိုင်တွယ်ပုံ မမှန်လို့လား စသဖြင့် မျိုးစုံစဉ်းစားလေ့ရှိပါတယ်။ အဲဒီနေရာမှာလည်း မှားယွင်းတဲ့ ကျန်းမာရေးအပြုအမူကြောင့် ကလေးတွေမှာ အန္တရာယ်ဖြစ်တာတွေ ရှိပါတယ်။ ဥပမာအားဖြင့် မိခင်က အစားအသောက်မဆင်ခြင်လို့ ကလေးမှာ လေနာဖြစ်ရပါတယ်ဆိုပြီးတော့ မိခင်ကို အသားတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲတွေ၊ အာလူးတွေမကျွေးဘဲ ငါးခြောက်တစ်မျိုးကိုပဲ ကျွေးလေ့ကျွေးထ ရှိပါတယ်။ ဒါတွေက ရှေးရိုးစွဲ မြန်မာမိသားစုတွေမှာ ရှိတတ်ကြပါတယ်။ အဲဒီအချိန်မှာ ကလေးရော၊ မိခင်ပါ ဗီတာမင်ဘီဝမ်းဓာတ်ချို့တဲ့ပြီး ကလေးတွေမှာ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ရောဂါဖြစ်ပြီး နှလုံးအမောဖောက်လို့ ရုတ်တရက် သေဆုံးရတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါကို အများစုက ပယောဂကြောင့်ဆိုပြီးတော့ တခြားရိုးရာ ခမည်းတွေ၊ ရေမန်းတွေနဲ့ ကုကြတာ ပြဿနာမရှိပေမယ့် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပိတ်ပင်ထားတဲ့ တချို့လေပုပ်ထုတ်ဆေး၊ ချွဲပျော်ဆေး၊ လေနိုင်ဆေး စတဲ့ဆေးတွေတိုက်လို့ ကလေးတွေ အသက်အန္တရာယ် ဖြစ်ပွားကြတာတွေလည်း ရှိတဲ့အတွက် ဆင်ခြင်စေချင်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးသိပ္ပံပညာကလည်း ကလေးတွေမှာ လေနာဘာလို့ဖြစ်ရသလဲဆိုတာကို အကြောင်းရင်း ရှာဖွေဖော်ထုတ်ကြပါတယ်။ တချို့ကလည်း မိခင်နို့စို့ရင်းနဲ့ လေအများကြီး မျိုချမိလို့လားဆိုပြီးတော့ ယူဆကြတယ်။ 
ကလေးတွေကို အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသင့်ပါတယ်။ တချို့နယ်တွေမှာတော့ ကလေးကို အသက်တစ်လလောက်ကတည်းကစပြီး ထမင်းဝါးခွံ့တာ၊ ဆန်မှုန်ခွံ့တာတွေ လုပ်လေ့လုပ်ထရှိပါတယ်။ ဒါတွေကြောင့်လည်း ရံဖန်ရံခါမှာ မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ကြပါတယ်။ လေနာတာနဲ့အတူ အသက်အန္တရာယ်ကို အလွန်တရာ ဒုက္ခပေးတဲ့ ရောဂါတစ်ခုကတော့ အူစွပ်ခြင်းပါပဲ။ အူစွပ်တာက အကြောင်းအရင်းမရှိဘဲ ရုတ်တရက်အူစွပ်နိုင်သလို ရှေ့မှာပြောခဲ့သလိုပဲ အချိန်မတန်သေးဘဲ အစားအစာကျွေးမိတာကြောင့် အူစွပ်နိုင်တာလည်း ရှိပါတယ်။ လေနာတာနဲ့ အူစွပ်တာ နှစ်ခုလုံးမှာ တူညီတဲ့လက္ခဏာကတော့ ကလေးက ရုတ်တရက်ချော့မရအောင် ငိုတာပဲဖြစ်ပါတယ်။ အူစွပ်တာရဲ့ နောက်ဆက်တွဲအနေနဲ့ ဂျယ်လီတုံးတွေလို အနီရောင်ချွဲကျိကျိ ဝမ်းအပျော့၊ ချွဲနဲ့သွေးပါတဲ့ ဝမ်းတွေသွားနိုင်တာပါပဲ။ ရိုးရိုးလေနာတဲ့ ကလေးကတော့ ပုံမှန်ဝမ်းပဲ သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးအသက် ခြောက်လမတိုင်ခင်မှာ ဖြည့်စွက်စာကျွေးတာကို မလုပ်သင့်ပါဘူး။ 

Voice : လေနာတာကို ခံစားနေရတဲ့ ကလေးရဲ့ မိဘတွေအနေနဲ့ရော ကလေးကို ဘယ်လိုပြုစုမှုပေးရပါမလဲ။
Dr.TYZ : လေနာတယ်ဆိုလည်း မိခင်နို့ကိုပဲ ဆက်ပြီး တိုက်ကျွေးသင့်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် မိခင်နို့မတိုက်လည်း အခြားနို့မှုန့်တွေကို တိုက်တယ်ဆိုလည်း ခြောက်လအောက်ကလေးတွေအတွက် အထူးစီမံထားတဲ့ နို့မှုန့်ကို တိုက်ကျွေးစေချင်ပါတယ်။ လက်ဖက်ရည်တို့၊ ကော်ဖီတို့ထဲထည့်ဖျော်တဲ့ နို့မှုန့်တွေကို မတိုက်ဖို့မှာချင်ပါတယ်။ လေနာတာဟာ မိခင်ရဲ့ အစားအသောက်မှာ အပူအစပ်တွေ၊ ဆေးဝါး၊ ကော်ဖီတွေသောက်လို့လားဆိုပြီး ယူဆကြတာတွေရှိပါတယ်။ နောက်တစ်ခုက ကလေးက မွေးရာပါ အစာအိမ် အူလမ်းကြောင်း ချို့ယွင်းမှုကြောင့်လားဆိုပြီးတော့ စဉ်းစားကြပါတယ်။ ဒါပေမဲ့ အများစုက ဘာအကြောင်းအရင်းမှမရှိဘဲနဲ့ ဖြစ်လေ့ဖြစ်ထရှိတာ တွေ့ရပါတယ်။

Voice : လေနာတာမဖြစ်ခင်မှာ ဆေးဝါးတွေကို ကြိုတင်တိုက်သင့်ပါသလား။
Dr.TYZ : လေနာပျောက်ဆေးတွေကတော့ အမျိုးမျိုးရှိပါတယ်။ လေကွဲဆေး၊ လေနာပျောက်ဆေးစတဲ့ ပြည်တွင်း၊ ပြည်ပထုတ် မျိုးစုံရှိပါတယ်။ တချို့ဆို အားဆေးအနေနဲ့တောင် တိုက်နေတဲ့ လေဆေးတွေလည်း ရှိပါတယ်။ ကလေးတစ်ယောက် လေနာပြီဆိုရင် ဆေးတော်တော်များများက တိုက်ရတာ ရံဖန်ရံခါမှာ မတူဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း မတူပါဘူး။ လေနာရောဂါဖြစ်ပြီဆိုရင် လုပ်ဆောင်ရမယ့် အကြောင်းတချို့ရှိပါတယ်။ ဆေးသိပ္ပံပညာအနေနဲ့ လုပ်ဆောင်သင့်တယ်လို့ အကြောင်းအရင်းခိုင်လုံစွာ သက်သေပြထားတာတော့ မဟုတ်ပေမယ့် အများစုအဆင်ပြေတဲ့ နည်းလမ်းတွေကတော့ ကလေးတအားငိုနေတဲ့အချိန်မှာ ချက်ချင်းနို့မတိုက်ဘဲ ကလေးအငိုတိတ်အောင်ချော့ပါ။ လေနာနေတဲ့အချိန်မှာ ကလေးကို ပက်လက်အနေအထားနဲ့မသိပ်ဘဲနဲ့ လူကြီးမိဘရင်ခွင်မှာ မတ်တတ်လေးချီပြီး လမ်းလျှောက်သိပ်ပါ။ နောက်ပြီးတော့ မိခင်နို့ကိုပဲ ကလေးအသက်ခြောက်လအထိ တိုက်စေချင်ပါတယ်။ ဖြည့်စွက်စာတွေ ကျွေးနေရင်လည်း ချက်ချင်းရပ်လိုက်ပါ။

Voice : ကလေးမိဘတွေအတွက် ဒီရောဂါနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးပါဦး။
Dr.TYZ : အဓိက မှာချင်တာကတော့ ကလေးအသက် ခြောက်လအထိ ရေမတိုက်၊ ထမင်းစမကျွေးသေးဘဲ မိခင်နို့တစ်ခုသာ ဆာတိုင်း တိုက်ကျွေးစေချင်ပါတယ်။ မိခင်ဘက်ကလည်း ကလေးလေနာမှာ အစိုးရိမ်လွန်ပြီး အစားရှောင်တာ မလုပ်ကြဖို့ပါပဲ။ မိခင်ရဲ့ ကျန်းမာရေးအတွက် မသင့်လျော်တဲ့ အပူအစပ်၊ လက်သုပ်၊ တာရှည်ခံပြုလုပ်ထားတဲ့ ငါးပိ၊ ငါးချဉ်တွေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အစားအစာလောက်ကိုသာ ရှောင်ခိုင်းပြီး အာဟာရဖြစ်မယ့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံမျိုးစုံကို သင့်တင့်စွာ စားသုံးသင့်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ