News

POST TYPE

HEALTH

ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စီမံချက်မန်နေဂျာ ဒေါက်တာဇော်လင်းနှင့် တွေ့ဆုံခြင်း
17-Jan-2018



“လူတစ်ယောက်က အပြင်ပန်းကကြည့်ရင် ရောဂါပိုးကူးစက်တာခံရလား၊ မခံရလားဆိုတာ ဘယ်နည်းနဲ့မှမသိနိုင်ဘူး”

ဆင်ခြေထောက်ရောဂါကာကွယ်ဆေးကို ၂၀၀၁ ခုနှစ်မှစတင်ကာ တိုက်ကျွေးခဲ့ပြီး ယခုနှစ်အတွက် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၁၀ ရက်တိုင် ခန့်မှန်း လူဦးရေ ၃၄ သန်းခန့်ကို တိုက်ကျွေးသွားမည်ဖြစ်သည်။ အိမ်တိုင်ရာရောက် တိုက်ကျွေးမည့် ဆင်ခြေထောက်ဆေးနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်သူလူထုသိရှိစေနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စီမံချက်မန်နေဂျာ (သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ) ဒေါက်တာဇော်လင်းနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆင်ခြေထောက်နဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေကို ပြောပြပေးပါဦး။
Dr.ZL : ဆရာတို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုက်တာကတော့ ၂၀၁၇ ခုနှစ်အတွက်ပေါ့။ ဒါပေမဲ့လည်း တကယ်လုပ်ငန်း ဆောင်ရွက်တဲ့အချိန်က ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ၃၁ ရက်နေ့အထိပေါ့။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိတဲ့ မြို့နယ် ၁၉၂ မြို့နယ်ထဲက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၁ ခုပေါ့။ လွယ်အောင်ပြောရရင် ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှုမရှိတာက ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်မှာတော့ တစ်ပြည်နယ်လုံးမရှိဘူး။ ဒါပေမဲ့ ရခိုင်ဒေသနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တစ်မြို့နယ်ကတော့ ပါတယ်။ အရင်ကတော့ ကချင်ပြည်နယ်မှာ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိလေမလားလို့ သတ်မှတ်ခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု မရှိဘူးဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး သက်သေပြနိုင်ခဲ့တယ်။ ဒီပြည်နယ်၊ တိုင်းတွေကနေလွဲပြီးတော့ ကျန်တဲ့ တိုင်းဒေသကြီးတွေမှာ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးအတွက် လူတိုင်းဆေးကျွေးခြင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်။ ဆင်ခြေထောက်သန်ချဆေးနဲ့ သန်ချဆေးနှစ်မျိုးပေါင်းပြီးတော့မှ ဆင်ခြေထောက်ပိုးကောင်တွေကနေ ထွက်လာတဲ့ သန်ကောင်မွှားလေးတွေကို သေစေတဲ့ဆေးကို တိုက်ကျွေးမှာဖြစ်ပါတယ်။

Voice : အသက်အရွယ် ဘယ်လောက်ကနေစပြီး ဒီဆေးကို တိုက်ကျွေးသွားမှာပါလဲ။
Dr.ZL : အသက် ၂ နှစ်အောက်ဆိုရင် လုံးဝမတိုက်ပါဘူး။ ၂ နှစ်ပြည့်ပြီး အထက်ကိုတိုက်မှာပါ။ ကိုယ်ဝန်ဆောင်တွေကို လုံးဝမတိုက်ပါဘူး။ ဒီနှစ်မျိုးကတော့ လုံးဝရှောင်ပါတယ်။ နောက်တစ်မျိုးကတော့ ရောဂါပြင်းပြင်းထန်ထန် ခံစားနေရတဲ့လူတွေကိုတော့ မတိုက်ဘူး။ နောက်ပြီး အရက်သေစာကို အလွန်အကျွံ သောက်စားထားတဲ့သူတွေကို သောက်စားထားတဲ့အချိန်မှာ မတိုက်ဘူးပေါ့။ ဒါတွေက အဓိကကျတဲ့ အခြေအနေလေးတွေပေါ့။ အသေးစိတ် အချက်အလက်တွေကို သက်ဆိုင်ရာဆေးတိုက်မယ့်အဖွဲ့တွေကို သင်ကြားထားပြီးသား ဖြစ်ပါတယ်။

Voice : ဆင်ခြေထောက်ဆေးကို လူဦးရေ ဘယ်လောက်အထိ တိုက်ကျွေးဖို့ ရည်မှန်းထားပါသလဲ။ ဒီဆေးကို ဘယ်နှခုနှစ်လောက်ကစပြီး တိုက်ကျွေးခဲ့တာပါလဲ။
Dr.ZL : ခန့်မှန်းလူဦးရေက ၃၄ သန်းခန့်ပါ။ ဒီဆေးကို ၂၀၀၁ ခုနှစ်တည်းက နှစ်စဉ်တိုက်တာပါ။ စတိုက်တုန်းကတော့ တစ်နိုင်ငံလုံးကို မတိုက်နိုင်ခဲ့ဘူး။ စခဲ့တာကတော့ မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မင်းဘူးနဲ့ သရက်ခရိုင်မှာ စတင်တိုက်ခဲ့ပြီးတော့မှ တဖြည်းဖြည်းနဲ့ အမြစ်တွယ်မှုရှိတဲ့ ဒေသတွေကို တိုက်လာတာပေါ့။ ကာလရှည်လျားစွာ တိုက်ခဲ့တာပေါ့။ ဒီနှစ်က ထူးခြားတာက မြန်မာတစ်နိုင်ငံလုံးက ဆေးတိုက်ရမယ့် ဒေသအားလုံးမှာ ဒီနှစ်တိုက်ကျွေးပြီးရင် ငါးကြိမ် တိုက်ကျွေးပြီးသားဖြစ်မှာပါ။ ဘာလို့ငါးကြိမ်ကို အထူးဂရုပြုသလဲဆိုတော့ ငါးကြိမ်တိုက်ကျွေးပြီးတဲ့ နေရာတွေကို ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု ဆက်ရှိသေးရဲ့လားဆိုတာကို အကြိုဆန်းစစ်မှုရယ်၊ အဓိကဆန်းစစ်မှုရယ် နှစ်ခုလုပ်ရပါတယ်။ အကြိုဆန်းစစ်မှုကို ဆေးအနည်းဆုံးငါးကြိမ် တိုက်ကျွေးပြီးတော့မှ လုပ်ရတာဖြစ်ပါတယ်။ အကြိုဆန်းစစ်မှုအောင်မှ အဓိကဆန်းစစ်မှုကို လုပ်ရပါတယ်။ ဒီလို ဆန်းစစ်မှုတွေလုပ်ပြီး အောင်မြင်သွားခဲ့ပြီဆိုရင်တော့ ဆေးတိုက်မှုကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ မြန်မာတစ်နိုင်လုံးမှာ ၄၅ ခရိုင် သတ်မှတ်ခဲ့ပါတယ်။ အခု ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှုရှိတဲ့ဒေသဆိုပြီး သတ်မှတ်ထားပါတယ်။ အခု မြန်မာနိုင်ငံမှာ ၇၄ ခရိုင်ခန့် ဆက်လက်တိုးပွားလာပေမယ့် ဆင်ခြေထောက်ဆေးလုပ်ငန်းနဲ့ ပတ်သက်ရင်တော့ လိုက်မတိုးပွားဘူး။ မူလ ၄၅ ခရိုင်ကိုပဲ ဆင်ခြေထောက်အမြစ်တွယ်မှုရှိတဲ့ ဒေသအဖြစ် သတ်မှတ်ပြီး တိုက်ကျွေးပါတယ်။ အဲဒီလိုတိုက်ကျွေးတဲ့အထဲက အခုဆိုရင် ၁၀ ခရိုင် သို့မဟုတ် ၁၀ ဒေသက ဆေးထပ်တိုက်စရာ မလိုတော့ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီးဆိုရင် ကလေး၊ တမူး၊ ကသာ။ မကွေးဆိုရင် မင်းဘူး။ မန္တလေးမှာဆိုရင် ပြင်ဦးလွင်၊ ညောင်ဦး။ ကချင်မှာက မြစ်ကြီးနား၊ ဗန်းမော်။ ရခိုင်မှာဆိုရင် ကျောက်ဖြူနဲ့ သံတွဲပေါ့။ ဒီတော့ ၄၅ ဒေသမှာ ၁၀ ဒေသ ထွက်သွားပြီဆိုတော့ ၂၂ ရာခိုင်နှုန်း ဆေးတိုက်တာကို အောင်မြင်စွာ ရပ်ဆိုင်းနိုင်ခဲ့ပါပြီ။ ဆရာတို့က ၂၀၂၀ ခုနှစ်မှာ တစ်နိုင်ငံလုံး ဆေးတိုက်မှု၊ ဆေးသောက်မှုကို ရပ်ဆိုင်းနိုင်အောင် ကြိုးစားနေပါတယ်။ ဒီအတွက် ပြည်သူလူထုက ဆေးသောက်သုံးခြင်းဖြင့် ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။

Voice : ဆင်ခြေထောက်ရောဂါက ဘယ်လိုလူတွေမှာ ပိုပြီးဖြစ်ပွားပါသလဲ။
Dr.ZL : ဘယ်လိုလူတွေမှာ ပိုပြီးဖြစ်ပွားတယ်လို့ ပြောလို့မရဘူး။ သူ့ရဲ့ပြဿနာက အမြစ်တွယ်တဲ့ ဒေသမှာနေတဲ့ လူအားလုံးမှာ အန္တရာယ်ရှိတယ်။ ဆင်ခြေထောက်ရောဂါပိုးရဲ့ ပြင်းပြင်းထန်ထန် သတိထားဖို့ကောင်းတဲ့အချက်က တချို့ရောဂါပိုးတွေက လူ့ခန္ဓာကိုယ်ထဲဝင်လာပြီး အချိန်အတိုင်းအတာတစ်ခုအထိ နေတယ်ဆိုပေမယ့် အဲဒီအချိန်အတိုင်းအတာကာလက သိပ်ကြာလေ့မရှိဘူး။ သူကတော့ တော်တော်ကြာတယ်။ ဆိုလိုတာက ကူးစက်နေတာနဲ့ တကယ်ကိုယ်သိလိုက်တဲ့အချိန်က ကြာတယ်။ ခြေထောက်ကြီးလာတာတွေ၊ အမျိုးသမီးတွေမှာဆိုရင် ရင်သားတွေကြီးလာ တတ်တယ်၊ လက်မောင်းတွေ ကြီးလာတတ်တယ်။ အမျိုးသားမှာဆိုရင် ရေမုတ္တကြီးလာတတ်တယ်။ ဒါမျိုးတွေ ဖြစ်လာတဲ့အချိန်နဲ့ ရောဂါပိုးဝင်နေတဲ့ကြားမှာ တော်တော်လေးကြာတယ်။ လူတစ်ယောက်က အပြင်ပန်းကကြည့်ရင် ရောဂါပိုးကူးစက်တာ ခံရလား၊ မခံရလားဆိုတာ ဘယ်နည်းနဲ့မှ မသိနိုင်ဘူး။ သူ့ကို နှစ်နည်းနဲ့ စမ်းလို့ရတယ်။ တစ်နည်းကတော့ ညဘက် ၁၀ နာရီ ကျော်ရင် သွေးဖောက်ကြည့်ပြီး မှန်ဘီလူးပေါ်မှာကြည့်ရင် သန်ကောင်မွှားလေးတွေကို တွေ့ရတယ်။ နောက်တစ်ခုက သူ့ထဲမှာရှိတဲ့ ဓာတ်တစ်မျိုးကို ရှာဖွေခြင်းအားဖြင့် သိနိုင်ပါတယ်။ သို့သော် ဒါက လူတိုင်းကို လိုက်ကြည့်နိုင်တာမျိုး မဟုတ်ပါဘူး။ အကြိုဆန်းစစ်မှုတို့၊ အဓိကဆန်းစစ်မှုတို့ဆိုတာ ဒီလိုတွေ့ရှိမှုကို အခြေခံထားတာပါ။

Voice : ဆင်ခြေထောက်ရောဂါက ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်စေတာပါလဲ။
Dr.ZL : အမြစ်တွယ်မှုရှိတဲ့ ၁၉၂ မြို့နယ်လုံးမှာ ဖြစ်နိုင်ခြေရှိပါတယ်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေကတော့ ပိုအန္တရာယ်ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် ၁၅၀ ခန့်က မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်မှာ ပထမဆုံး ဆင်ခြေထောက်လူနာကို တွေ့ရှိခဲ့တယ်။ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသလေးတွေကတော့ တခြားဒေသထက်စာရင် အန္တရာယ်ရှိပါတယ်။ ကျန်တဲ့နေရာတွေလည်း အန္တရာယ်ရှိပါတယ်။ 

Voice : ဆေးက ဘေးထွက်ဆိုးကျိုးတွေရော ရှိနိုင်ပါသလား။
Dr.ZL : ဆေးတိုင်းက ဘေးထွက်ဆိုးကျိုးတော့ ရှိပါတယ်။ ဒီမှာနှစ်မျိုးရှိပါတယ်။ Side Effect လည်းရှိသလို Side Reaction လို့ ခေါ်တာလေးလည်း ရှိတတ်တယ်။ Side Effect က နည်းနည်းလေးတော့ မူးတတ်တယ်။ ပျို့တတ်တယ်။ အဲဒီနှစ်ခုတော့ရှိတယ်။ အဲဒီအတွက် ညနေအိပ်ခါနီး ထမင်းစားပြီးတဲ့အချိန် တိုက်တာဖြစ်ပါတယ်။ Side Reaction ကတော့ ကိုယ်ပူတတ်တယ်။ အင်ပျဉ်ထတတ်တယ်။ ဒါက ခန္ဓာကိုယ်ထဲမှာရှိတဲ့ သန်ကောင်မွှားတွေနဲ့ ဆေးသွားတွေ့လို့ပါ။ အဲဒီလိုလက္ခဏာတွေဖြစ်ရင် အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲမှာ သန်ကောင်မွှားတွေရှိနေပြီ။ သန်ကောင်မွှားတွေနဲ့ ဆေးတွေ့ပြီး ဖြစ်လာတာကို Side Reaction လို့ခေါ်တယ်။ ဆေးက ညနေထမင်းစားပြီးတဲ့အချိန်မှ လိုက်တိုက်ရတာပါ။ ဆေးသောက်ပြီး အိပ်လိုက်ပြီဆိုရင် သက်သောင့်သက်သာဖြစ်ပြီးတော့မှ အကြောအခြင်တွေပါ ပြေတယ်ပေါ့။ အိပ်လို့လည်း ကောင်းတယ်ပေါ့။

Voice : ဆင်ခြေထောက်ရောဂါနဲ့ပတ်သက်ပြီး ထူးခြားတဲ့ဖြစ်စဉ်တွေ ရှိခဲ့ဖူးသလား။
Dr.ZL : ထူးခြားဖြစ်စဉ်က အခုကာလအပိုင်းအခြားမှာ မရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတော့ ဆေးနင်တာမျိုးရှိခဲ့တယ်။ ကလေးတွေမှာ ဖြစ်တာပေါ့။ ဒီတော့ ကလေးတွေကို ချုပ်ပြီးတော့မှ တိုက်တာမျိုးတွေ မလုပ်ပါနဲ့။ သန်ချဆေးကတော့ ချိုချိုမွှေးမွှေးလေးပါ။ ဆေးကြောင့်တော့ ဘာမှမဖြစ်ခဲ့ဖူးပါဘူး။ ဒါကို သတိထားသင့်ပါတယ်။

Voice : ဆေးတိုက်တဲ့သူတွေက အိမ်ရှိလူကုန် တစ်ယောက်ချင်းကို တိုက်မှာလား၊ ဒါမှမဟုတ် ဆေးပဲ ဝေခဲ့မှာလား။
Dr.ZL : ကျန်းမာရေးဝန်ထမ်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းတွေဖြစ်တဲ့ မြန်မာနိုင်ငံ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်း အပါအဝင် လူမှုရေးအသင်းတွေ၊ ရပ်ကွက်ထဲက စေတနာ့ဝန်းထမ်းတွေအားလုံးကို သင်တန်းတွေအဆင့်ဆင့်ပေးပြီးတော့မှ တစ်အိမ်တက်ဆင်း လိုက်တိုက်မှာဖြစ်ပါတယ်။ ညနေ ၅ နာရီခွဲလောက်ကနေ ည ၁၀ နာရီ လောက်အထိ တိုက်သွားမယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာရှင်တွေကတော့ နှစ်စဉ်နှစ်တိုင်း အားသွန်ခွန်စိုက် ကူညီလေ့ရှိပါတယ်။ ဆေးဝေခဲ့သလားဆိုတဲ့ မေးခွန်းမှာ ဆေးဝေခဲ့တဲ့ဖြစ်စဉ်မျိုးလေးတွေလည်း ရှိတတ်ပါတယ်။ ဒါကလည်း ဆေးတိုက်ကျွေးတဲ့နေရာမှာ အထူးဂရုစိုက်ရမယ့် ကိစ္စရပ်ဖြစ်ပါတယ်။ ဆေးသောက်သုံးရမယ့် ပြည်သူလူထုဖြစ်တဲ့ အိမ်ရှင်တွေကလည်း ဆေးဝေခဲ့တဲ့သူတွေကို သေချာမေးမြန်းရပါမယ်။ နှစ်ဦးနှစ်ဖက် အတူတကွဆောင်ရွက်မှ ဖြစ်မှာဖြစ်ပါတယ်။ ဆေးယူတဲ့သူကလည်း ယူလိုက်ပြီးမှ ဘယ်လိုသောက်သုံးရမလဲဆိုတာ မသိတဲ့အဖြစ်မျိုး မဖြစ်စေချင်ပါဘူး။ ဆရာပြောချင်တာက တိုက်တဲ့သူကလည်း သေသေချာချာလေး တိုက်စေချင်ပါတယ်။ သောက်တဲ့သူကလည်း သေသေချာချာလေး ယူပြီးတော့မှ သောက်စေချင်ပါတယ်။

Voice : ဒီရောဂါရဲ့လက္ခဏာတွေကို ပြောပြပေးပါဦး။
Dr.ZL : သန်မွှားကောင်လေးတွေက သားလောင်းအဆင့်မှာ Culex Quinquefasciatus လို့ခေါ်တဲ့ မြောင်းပုပ်တွေ၊ ရေပုပ်မြောင်းတွေ၊ ရေဆိုးတွေရှိတဲ့ နေရာတွေမှာ ပေါက်တဲ့ခြင်ပါ။ အဲ့ဒီခြင်က ဖွံ့ဖြိုးဆဲတိုင်းပြည်မှာ ယေဘုယျအားဖြင့်ရှိတယ်။ ဆင်ခြေထောက်သန်ကောင်တွေရဲ့ သန်မွှားသန္ဓေသားအဆင့်မှာ ကိုက်ရာကနေ ကူးစက်ခံရတယ်။ ခြင်ထဲမှာလည်း သန္ဓေသားအဆင့်လေးတွေ ပြောင်းလိုက်သေးတယ်။ ပြောင်းပြီးနောက်ဆုံးမှာ လူကိုကူးတဲ့အဆင့် ရောက်သွားတယ်။ လူမှာ သွေးကြောတွေရှိတယ်။ သွေးလွှတ်ကြောတို့၊ သွေးပြန်ကြောတို့ပေါ့။ အဲ့ဒါအပြင် ပြန်ရည်ကြောဆိုတာ ရှိသေးတယ်။ သွေးကြောက သယ်လို့ကျန်ခဲ့တဲ့အရည်တွေကို အဲ့ဒီအကြောတွေက ပြန်သယ်ပေးတယ်။ အဲ့အကြောတွေထဲကို သန်ကောင်လေးတွေက ဝင်သွားပြီးတော့ သန်ကောင်ကြီးတွေ ဖြစ်သွားမယ်။ ဖြစ်သွားရင် အဲ့ကောင်တွေက တော်တော်နဲ့မသေတော့ဘဲ နှစ်ပေါင်းများစွာနေပြီး ဥတွေထုတ်တာပေါ့။ သန်ကောင်မွှားလေးတွေပေါ့။ ဒါတွေက တစ်ယောက်နဲ့တစ်ယောက် ကူးတော့တာပဲ။ ကူးပြီး လူထဲဝင်သွားရင် ချက်ချင်းမသိသေးဘဲ နှစ်တွေတော်တော်ကြာတော့မှသိတော့ ခြေထောက်က ယောင်ယောင်လေးစပြီး ကြီးလာတယ်။ ပင့်ကူရှပ်တယ်လို့၊ မျှင်ထတယ်လို့ ပြောကြတယ်။ ဒါတွေက ခြေထောက်တွေမကြီးခင် ဖြစ်တတ်တဲ့သဘာဝလေးတွေပေါ့။ ခြေထောက်စကြီးပြီဆိုရင် နည်းနည်းစနောက်ကျသွားပြီ။ အဲဒီခြေထောက်ကို သေချာစောင့်ရှောက်ပြုစုမှု မလုပ်ဘူးဆိုရင် တဖြည်းဖြည်းနဲ့ကြီးလာလိုက်၊ အမာရွတ်တွေဖြစ်၊ ဗက်တီးရီးယားပိုးတွေကူးစက်၊ ပြည်တွေတည်ပြီး ဆင်ခြေထောက်အကြီးကြီးတွေ ဖြစ်တော့တာပဲ။ ဆင်ခြေထောက်ရောဂါရဲ့ဆိုးကျိုးက အသက်လည်းမသေဘူး။ လူ့ဘဝရဲ့ Quality Of Life အရည်အသွေးတွေ ဆုံးရှုံးတယ်။ ကာယကံရှင်ကိုက လူတွေနဲ့သိပ်မတွေ့လိုသလို ဖြစ်လာတယ်။ အပျို၊ လူပျိုဆိုလည်း အိမ်ထောင်ပြုဖို့ ခက်သလိုဖြစ်လာတယ် စသဖြင့်ပေါ့။ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတယ်။ အဲဒီလိုအချိန်မှဖြစ်ရင် နောက်ကြောင်းပြန်ဖို့က အင်မတန်မှကို ကြိုးစားအားထုတ်ရတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးဖြစ်လို့ ဒီဆေးကိုတိုက်တာပါ။ ဒီရောဂါက လူကနေလူကို တိုက်ရိုက်တော့မကူးဘူး။ လူကနေတစ်ဆင့် ခြင်ကနေ လူကိုကူးတာပေါ့။

Voice : ရခိုင်ဒေသမှာရော ဒီဆေးတိုက်ကျွေးမှုကို ဘယ်လိုဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
Dr.ZL : ခုနပြောသလိုပဲ။ ဆေးက ငါးကြိမ်တိုက်ပြီးရင် ဆန်းစစ်လို့ရပြီလေ။ ရခိုင်သည် ကံအားလျော်စွာ ဆေးစောစောတိုက်တဲ့အထဲမှာ ပါသွားတယ်။ ဆရာ့ရှေ့က ဆေးတိုက်ခဲ့တဲ့ ဆရာ့ရဲ့အစ်ကို၊ အစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ်။ စောစောတိုက်ခဲ့ကြတဲ့အတွက် ရခိုင်ဒေသက ငါးကြိမ်ပြည့်ပြီးဖြစ်တဲ့အတွက် ဒီနှစ်မှာ ကျောက်ဖြူနဲ့သံတွဲက ဆေးဆက်တိုက်စရာ မလိုတော့ဘူး။ စစ်တွေနဲ့ မောင်တောက ကျန်ခဲ့တယ်။ ဆန်းစစ်မှုတွေအရ စစ်တွေသည် ဆေးတိုက်ဖို့ရာ လိုကောင်းလိုလာနိုင်တဲ့ အခြေအနေမျိုးရှိလာနိုင်တယ်။ ဆန်းစစ်မှုတွေ အတိအကျထပ်လုပ်ဖို့ လိုသေးတယ်။ မောင်တောဒေသက ဆန်းစစ်ဖို့တောင်မှ တော်တော်ခက်ခဲနေတဲ့ ဒေသဆိုင်ရာ အချက်လေးတွေရှိတဲ့အတွက် ဆန်းစစ်မှုတောင် မလုပ်နိုင်ပါဘူး။ သို့သော်လည်း ၂၀၂၀ မှာ တစ်တိုင်းပြည်လုံးကင်းဝေးအောင် လုပ်ရမယ်ဆိုရင် ဒီလိုဒေသတွေကို ဆရာ့အနေနဲ့ တစ်ဖက်က မြန်မြန်ငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်။ အကယ်၍ ဒီလိုဆက်ဖြစ်နေမယ်ဆိုရင် ဘာဆက်လုပ်မလဲဆိုတဲ့ စီမံချက်လေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ အသေးစိတ် တိုင်ပင်ထားတာရှိပါတယ်။ လာမယ့်သုံးနှစ်မှာ ဆက်လက်လုပ်ကိုင်သွားရမှာပေါ့။

Voice : ဒီရောဂါဖြစ်ရင် လုံးဝပျောက်ကင်းအောင် လုပ်လို့ရသလား။ ကြီးနေတာကနေ သေးအောင်ပဲ လုပ်လို့ရနိုင်တာလား။
Dr.ZL : ဆရာတို့မှာ အပစ်ပယ်ခံ၊ အမေ့လျော့ခံ နှစ်မျိုးရှိတယ်။ တစ်ဖက်ကကျတော့ အလှူရှင်တွေ၊ လှူမယ့်တန်းမယ့်သူတွေကိုယ်တိုင်က မေ့လျော့နေတဲ့ ရောဂါတွေရှိတယ်။ အဲဒီထဲမှာ အနာကြီးရောဂါတို့၊ ဆင်ခြေထောက်ရောဂါတို့ ပါပါတယ်။ သဘောသဘာဝက သွားတူတာပေါ့။ ဘယ်လိုလုပ်လို့ရမလဲဆိုတော့ ဇွဲကတော့ရှိရမယ်။ နံပါတ်တစ် ရည်မှန်းချက်က ကိုယ့်ရဲ့လက်ရှိ ဆင်ခြေထောက်သည် ယောင်ယောင်လေးကြီးနေတယ်ဆိုရင် ထပ်မကြီးအောင် ဂရုစိုက်လို့ရတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လိုအပ်တဲ့ဆေးဝါးတွေ သောက်သုံးရမှာပေါ့။ ဆေးဝါးသောက်သုံးမှ အထဲမှာရှိတဲ့ ပိုးမွှားတွေက သေသွားမှာပေါ့။ ထပ်မကြီးအောင် ဂရုစိုက်ရပါမယ်။ အဲဒီလို သေသေချာချာလုပ်ရင် တဖြည်းဖြည်းနဲ့ မိမွေးတိုင်းဖမွေးတိုင်း ပြန်ဖြစ်လာမယ်။ ဒါပေမဲ့ အဆင့်တစ်ဆင့်ကို ရောက်သွားရင်တော့ အကောင်းအတိုင်းပြန်ဖြစ်ဖို့အတွက် အင်မတန်ခဲယဉ်းတဲ့ အနေအထားမျိုးတွေ ရှိသွားနိုင်တယ်။ ကြီးနေတာကို ဆက်မကြီးအောင်ထိန်းမယ်။ ဒါကိုပဲ အတတ်နိုင်ဆုံးလေး လျှော့ချမယ်။ လုံးလုံးတော့ ပြန်မကောင်းသွားနိုင်ဘူး။ လောလောဆယ်တော့ ဒီထက်ပိုမကြီးသွားအောင်၊ ကြီးနေတဲ့အဆင့်ကနေ ပြန်ပြီး အထိုက်အလျောက် သေးငယ်သွားအောင် ကြိုးစားလုပ်ရမှာဖြစ်တယ်။ မိမွေး၊ ဖမွေးတိုင်းဖြစ်အောင်လုပ်ဖို့ ခက်တာဖြစ်တဲ့အတွက် တကယ်ကုသတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းတယ်လို့ ပြောတာပါ။

Voice : တစ်အိမ်တက်တစ်အိမ်ဆင်း ဆေးတိုက်ရမှာဖြစ်တဲ့အတွက် တချို့က တိုက်ခန်းတွေဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိလာနိုင်မလား။ အဲဒီအချိန်မှာရော ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ရှိပါသလဲ။
Dr.ZL : ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ရင်ဆိုင်ဖြေရှင်းရတာ တော်တော်လေးကြိုးစားရပါတယ်။ မြို့ကြီးတွေမှာ အဓိက ဒီကိစ္စတွေ ကြုံပါတယ်။ မြို့ပေါ်မှာနေတဲ့သူတွေကတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သိပ်မရင်းနှီးတာတော့ မဟုတ်ဘူး။ ရင်းတော့ရင်းနှီးပါတယ်။ သို့သော်လည်းပဲ သူတို့က ကိစ္စကလည်းများတော့ တံခါးပိတ်ထားတဲ့အခြေအနေတွေလည်း ရှိပါတယ်။ ဆရာတို့က ကြိုတင်ပြီးတော့ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် ကြေညာပြီးတော့ အသိပေးနေပါပြီ။ နောက်ပြီး SMS ပို့ပါမယ်။ ဆရာက မေတ္တာရပ်ခံချင်တာက ပြည်သူလူထုကို ဆေးသောက်သုံးပေးခြင်းအားဖြင့် ပါဝင်စေလိုပါတယ်။ မိမိတို့ရဲ့ အိမ်တံခါးတွေကို မိမိတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလာပေးတဲ့သူတွေကို တံခါးဖွင့်လှစ်ပေးပြီး သောက်သုံးပေးစေချင်ပါတယ်။

Voice : အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ