News

POST TYPE

HEALTH

အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
10-Jan-2018 tagged as

အဆစ်ရောင်ရောဂါ (Gout)
အဆစ်ရောင်ရမ်းရောဂါ (Gout) ရောဂါသည် နာတာရှည်ရောဂါတစ်မျိုးဖြစ်ပြီး အသက် ၃၀ မှ ၅၀ အကြား အမျိုးသားများတွင် အဖြစ်များသည့်ရောဂါ ဖြစ်သည်။ အဆိုပါ Gout ရောဂါနှင့် ဆက်စပ်သည့် ရောဂါလက္ခဏာများကို သိရှိစေနိုင်ရန် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း တာဝန်ခံ) နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အဆစ်ရောင်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးပါလဲ။ ဘယ်လို အကြောင်းအရင်းတွေကြောင့် ဖြစ်စေတာပါလဲ။
Dr.KSO : အဆစ်ရောင်ရမ်းတဲ့ရောဂါကို အဆစ်ရောင်ရောဂါ (Gout) လို့ခေါ်ပါတယ်။ ဒီရောဂါက သွေးထဲမှာ Uric Acid တွေ လွန်ကဲလာလို့ ဖြစ်ပါတယ်။ Uric Acid ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ Purine ဆိုတဲ့ ပရိုတင်းတစ်မျိုးကို ချေဖျက်လို့ ထွက်ပေါ်လာတဲ့ ဓာတ်ပစ္စည်းပေါ့။ Uric Acid ထုတ်တာများတာနဲ့ ကျောက်ကပ်က စွန့်ထုတ်မှု နည်းတာရယ်ပေါ့။ Uric Acid တွေ စုပုံလာတဲ့အခါမှာ အထူးသဖြင့် ခြေမတွေ၊ တံတောင်ဆစ်တွေ၊ လက်ဆစ်တွေမှာ ပုံဆောင်ခဲလေးတွေပုံစံ စုပြီးဖြစ်တယ်။ အရိုးနုတွေ၊ တစ်ရှူးတွေကြားမှာ စုလာတဲ့အခါမှာ Gout ရောဂါခံစားရတယ်လို့ ပြောလို့ရပါတယ်။ 

Voice : ဒီရောဂါက ဘယ်လို အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား ဘယ်သူတွေမှာ ပိုပြီးဖြစ်ပွားနိုင်ပါသလဲ။
Dr.KSO : အမျိုးသားတွေဆိုရင် အသက် ၃၀ ကနေ ၅၀ မှာဖြစ်တယ်။ အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသမီး အများစုက သွေးဆုံးမီးယပ်ကိုင်ပြီး နောက်ပိုင်းမှာ ဖြစ်တာများပါတယ်။ အဲဒီအချိန်မတိုင်မီမှာ ဟော်မုန်းရှိနေတဲ့အတွက် Uric Acid တွေကို ဆီးလမ်းကြောင်းကနေ စွန့်ထုတ်တဲ့အတွက် အဆင်ပြေတာပေါ့။ အမျိုးသားတွေမှာ ပိုပြီးဖြစ်နိုင်ခြေများတာပေါ့။

Voice : ဒီရောဂါရဲ့ လက္ခဏာတွေကရော။
Dr.KSO : အလွယ်တကူပြောမယ်ဆိုရင်တော့ နာ၊ နီ၊ ရောင်၊ ပူပေါ့။ အဆစ်အမြစ်တွေ အရမ်းနာတယ်။ တချို့ဆို ဘယ်လောက်ထိ နာသလဲဆိုတော့ စက္ကူလေးတောင် အတင်မခံနိုင်အောင် နာတယ်လို့ တင်စားကြတယ်။ နောက် အဲဒီအဆစ်တွေက နီပြီးတော့ ရောင်နေတယ်။ အဲဒီနေရာတွေကို ကိုင်မိရင် ပူနေတယ်။ ဒါတွေအပြင် တစ်ခါတလေကျရင် ဖျားတာတွေ၊ နုန်းတာတွေ ခံစားရတယ်။ တချို့လည်း စိတ်အနှောင့်အယှက်တွေဖြစ်ပြီး အလုပ်အကိုင်တွေ ပျက်လာတာပေါ့။ နောက်ဆက်တွဲ အနေနဲ့ကတော့ Uric Acid တွေ အရမ်းများတဲ့အတွက် ကျောက်ကပ်မှာပါ ကျောက်တည်တာတွေ ဖြစ်နိုင်တယ်။

Voice : ဒီရောဂါက နာတာရှည်ရောဂါမျိုးလား။ ကုသမှု ခံယူရင်ရော လုံးဝ ပျောက်ကင်းသွားနိုင်ပါသလား။
Dr.KSO : နာတာရှည်ရောဂါလို့ ပြောလို့ရတယ်။ ဒါက အစားအသောက် မှားတာအပြင် အခြားတွန်းပို့တဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အဲဒါက မျိုးရိုးလိုက်တာပေါ့။ နောက်ပြီး အစားအသောက်တွေမှာ အနီရောင်ရှိတဲ့ အသား(အမဲသား၊ ဆိတ်သား၊ ဝက်သား) တွေ၊ တိရစ္ဆာန်ရဲ့ကလီစာ (အသည်း၊ ကျောက်ကပ်)တွေ၊ ငါးသလောက်၊ ငါးသေတ္တာတွေပေါ့။ နောက်ပြီး ပဲပင်ပေါက်၊ မျှစ်၊ မှိုတွေကလည်း ရောဂါဖြစ်စေဖို့ တွန်းအားပေးတဲ့ အချက်တွေပေါ့။ နောက်ပြီး သကြားဓာတ်များတဲ့ ဖျော်ရည်တွေဖြစ်တဲ့ အသီးဖျော်ရည်နဲ့ အသီးဖျော်ရည်တွေအပြင် အရက်၊ ဘီယာကလည်း ရောဂါဖြစ်စေတဲ့ အကြောင်းအရာထဲမှာ ပါပါတယ်။ နောက် ဘာနဲ့ ဆက်စပ်နိုင်သေးသလဲဆိုတော့ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းတဲ့သူတွေကလည်း ဖြစ်ဖို့ အခွင့်အလမ်းများတယ်။ နောက်ပြီး ရေရှည်သုံးစွဲတဲ့ဆေးတွေကလည်း ဖြစ်ဖို့ တွန်းအားပေးပါတယ်။ ဖြစ်တဲ့အခြေခံအကြောင်းတရားကို ကြည့်ပြီးတော့ ရောဂါလက္ခဏာကို ကုသတယ်။ Uric Acid များနေရင် Uric Acid ကို ခန္ဓာကိုယ်က စွန့်ထုတ်ရမယ့် ဆေးတွေကိုရှိသလို၊ နာကျင်ကိုက်ခဲတာတွေကို သက်သာတဲ့ဆေးတွေနဲ့လည်း ကုသလို့ရပါတယ်။ လုံးဝ ပျောက်သလား ဆိုတော့ စားသောက်နေထိုင်မှု ပုံစံတွေပြင်မယ်။ ဆေးလည်း သေချာသောက်ပြီး ကိုယ်လက်လှုပ်ရှားလည်း လုပ်မယ်ဆိုရင်တော့ လုံးဝ မဟုတ်ပေမယ့် သက်သာပါတယ်။ Uric Acid က ပြန်များလာရင်ဖြစ်မှာပဲ။ Uric Acid ဆိုတာက ခန္ဓာကိုယ်က ပရိုတင်းဓာတ်တစ်မျိုးကို ဖြိုခွဲလိုက်ရတဲ့အခါမှာ နောက်ဆုံးမှာ Uric Acid ထွက်လာတယ်။ ဒီရောဂါဖြစ်စေဖို့ တွန်းပို့တဲ့ အချက်တွေကနေ Uric Acid ကို ပိုထွက်လာစေတာက တစ်ပိုင်းပေါ့။ နောက်တစ်ပိုင်း Uric Acid ကို ကျောက်ကပ်ကနေ သေချာ မစွန့်ထုတ်နိုင်တာပေါ့။ ဒီရောဂါက အသက်အန္တရာယ်တော့ မရှိဘူး။ ဒါပေမဲ့ နေ့စဉ်ဘဝမှာတော့ သက်ရောက်မှု ရှိပါတယ်။ အလုပ်အကိုင်တွေ ပျက်ပြီး စိတ်ပိုင်းဆိုင်ရာအရ စိတ်ဆင်းရဲတာတွေပေါ့။ နောက်ပြီး အလှအပပိုင်းဆိုင်ရာကလည်း စိတ်ညစ်စရာပေါ့။ အဆစ်ကြီးက ကြီးပြီးတော့ ဖုဖောင်းနေတာပေါ့။ မလှပတော့ဘူးပေါ့။ ကြာတော့ လူမှုပတ်ဝန်းကျင်ထဲမှာ သွားလာတဲ့အခါ မသွားရဲ၊ မလာရဲတွေ ဖြစ်လာနိုင်ပါတယ်။

Voice : အဆစ်ကြီးတယ်ဆိုတာက ဘယ်လိုမျိုးကို ပြောတာပါလဲ။
Dr.KSO : ခြေမလိုနေရာမျိုးမှာ အဆစ်ကြီးတာ သိသာတယ်။ ပုံပျက်ပန်းပျက် ဖြစ်တာပေါ့။ တံတောင်ဆစ်တွေ၊ ခြေချင်းဝတ်တွေ၊ ဒူးခေါင်း၊ လက်ကောက်ဝတ်၊ ခြေဖနောင့်၊ ပခုံးတွေမှာ ဖြစ်တာများတယ်။ ဖြစ်လာပြီဆိုရင်လည်း တော်တော်လေးကို ခံစားရပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့အနေနဲ့ စားသောက်မှုပုံစံကို ဂရုစိုက်ဖို့လိုတယ်။ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးရမယ်။ ရေများများသောက်ပေးရမယ်။ ကိုယ်အလေးချိန်ကို လျှော့ရမယ်ပေါ့။ အိပ်ရေးဝဝ အိပ်ရမယ်။ စားသောက်မှုပုံစံမှာ အနီရောင် အသားတွေကို ပုံမှန်စားလို့ရပေမယ့် လိုတာထက် မလွန်ကဲသင့်ပါဘူး။ ရောဂါဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်တယ်။ 

Voice : လူထုအတွက် ကျန်းမာရေး သတင်းစကားလေး ပါးပေးပါဦး။
Dr.KSO : လူထုအနေနဲ့က ကျန်းမာရေး ဗဟုသုတတွေကို လိုက်စားသင့်တယ်။ ပြီးရင်လည်း တခြားသူတွေကို မျှဝေပေးသင့်ပါတယ်။ မျှဝေတာအပြင် လိုက်နာကျင့်သုံးဖို့လည်း လိုအပ်ပါတယ်။ ဒီရောဂါတင်မကပါဘူး။ ကျန်းမာစေဖို့အတွက်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပေးပြီးတော့ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ပေးရပါတယ်။ စိတ်ဖိစီးမှုတွေ လျှော့ပြီး အိပ်ရေးဝဝ အိပ်သင့်တယ်။ အရက်၊ ဘီယာတွေကိုတော့ တတ်နိုင်သလောက် လျှော့သောက်သင့်ပါတယ်။ 

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS