News

POST TYPE

HEALTH

ဒေါ်နယ်ထရမ့်၏ စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ မည်သည့်အခါကမျှ မေးခွန်းမထုတ်မိခဲ့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား


နယူးယောက်၊ ဇန်နဝါရီ ၆

မကြာသေးခင်ရက်ပိုင်းက ထွက်ရှိလာသော စာအုပ်တစ်အုပ်တွင် အိမ်ဖြူတော်ဝန်ထမ်းများက ဒေါ်နယ်ထရမ့်ကို ကလေးငယ်တစ်ဦးသဖွယ် ရှုမြင်ကြောင်းနှင့် ထရမ့်သည် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်မရှိသူတစ်ဦးဖြစ်ကြောင်း ရေးသားထားမှုနှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ကာကွယ်ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မစ်ရှယ်ဝုဖ်ဆိုသူ စာရေးဆရာတစ်ဦး ရေးသားထားသော အဆိုပါစာအုပ်တွင် အိမ်ဖြူတော်အမှုထမ်းများသည် ဒေါ်နယ်ထရမ့်ကို စိတ်အင်အားမရှိသူတစ်ဦးအဖြစ် ရှုမြင်ကြသည်ဟု ရေးသားဖော်ပြထားသည်။ 

Fire and Fury: Inside the Trump WhiteYouse ဟု အမည်ရသည့် အဆိုပါစာအုပ်ကို အိမ်ဖြူတော်အရာရှိများက ထုတ်ဝေခွင့်မပြုနိုင်အောင် ကြိုးပမ်းခဲ့ကြသော်လည်း ဖြန့်ချိရောင်းချနိုင်ခဲ့သည်။ 

ဒေါ်နယ်ထရမ့်ကမူ အဆိုပါစာအုပ်သည် ပျင်းစရာကောင်းပြီး မှန်ကန်မှုမရှိဟုဆိုပြီး စာရေးသူ မစ်ရှယ်ဝုဖ်သည် အရှုံးသမားတစ်ယောက်သာဖြစ်သည်ဟု ဝေဖန်သွားသည်။ 

အဆိုပါကိစ္စသည် မီဒီယာများနှင့် အခြားပုဂ္ဂိုလ်များက မိမိကို ထိခိုက်နစ်နာအောင် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု ဆိုသည်။ 

“သူတို့တစ်တွေ ရွေးကောက်ပွဲတစ်ခုမှာ နိုင်အောင်ကြိုးစားသင့်တယ်။ ဝမ်းနည်းစရာပါပဲ” ဟု ဒေါ်နယ်ထရမ့်က Twitter တွင် ရေးသားဖော်ပြသည်။ 

ယင်းစာအုပ်နှင့်ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က ရေးသားဖော်ပြမှုများ လွဲမှားနေကြောင်း ကာကွယ်ပြောဆိုသည်။ 

“ဒေါ်နယ်ထရမ့်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မေးခွန်းထုတ်စရာ အကြောင်းမရှိပါဘူး”ဟု ရက်စ်တေလာဆန်က ပြောကြားသည်။ 

ဒေါ်နယ်ထရမ့်သည် အတိတ်ကာလက အမေရိကန်သမ္မတများနှင့်မတူသည့် သမ္မတတစ်ဦးဖြစ်သည်ဟု ဆိုသည်။ 

“အဲဒီအချက်ကိုတော့ ကောင်းကောင်းသတိပြုမိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီအတွက်ကြောင့်လည်း အမေရိကန်ပြည်သူတွေက သူ့ကိုရွေးချယ်ခဲ့ကြတာပါပဲ” ဟု ရက်စ်တေလာဆန်က သုံးသပ်ပြောကြားသည်။ 

သောကြာနေ့က ပြုလုပ်သော ရုပ်သံအင်တာဗျူးတစ်ခုတွင် စာရေးဆရာ မစ်ရှယ်ဝုဖ်က အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒေါ်နယ်ထရမ့်၏ဘေးတွင် ဝန်းရံနေကြသူ ၁၀၀ ရာခိုင်နှုန်းသည် ဒေါ်နယ်ထရမ့် သမ္မတရာထူးအတွက် ကိုက်ညီမှု ရှိ၊ မရှိ မေးခွန်းထုတ်ကြသည်ဟု ပြောကြားသည်။ 

အိမ်ဖြူတော်ဝန်ထမ်းတစ်ဦးက အမေရိကန်သမ္မတသည် ကလေးဆန်သူတစ်ဦးဖြစ်သည်ဟု ဖော်ပြပြောဆိုကြောင်း မစ်ရှယ်ဝုဖ်က ဆိုသည်။ 

“သမ္မတကြီးက စာလည်းမဖတ်ဘူး၊ ဘာပြောပြော နားလည်းမထောင်ဘူး၊ သူဟာ တောင်ရောက် မြောက်ရောက်ဖြစ်တတ်တဲ့ ဘောလုံးတစ်လုံးလိုပဲ”ဟု အဆိုပါအမှုထမ်းက ပြောကြားကြောင်း မစ်ရှယ်ဝုဖ်က ဆိုသည်။

F-01