News

POST TYPE

HEALTH

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အစီရင်ခံစာ ထုတ်ပြန်
05-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၎

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်သည့် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အစီရင်ခံစာကို ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေနှင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ရာသီတုပ်ကွေးရောဂါပိုး ကူးစက်မှုအဓိကဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှစတင်ကာ ယင်းရောဂါ အတည်ပြုလူနာ ၃ ဦးကို စတင်တွေ့ရှိခဲ့ကြောင်း၊ အဆိုပါရောဂါသည် အသက် ၅ နှစ်အောက်ကလေးများ၊ အသက် ၆၅ နှစ် အထက်လူကြီးများ၊ ကိုယ်ဝန်ဆောင်များ၊ ဆီးချိုရောဂါ အစရှိသည့် နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားကျဆင်းသူများတွင် ရောဂါပိုမိုပြင်းထန်တတ်ပြီး အသက်သေဆုံးနိုင်ကြောင်း သုတေသန အချက်အလက်များအရ တွေ့ရှိရကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလ ၉ ရက်နေ့အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်သည့်လူနာ ၁၁၉၈ ဦးအနက် H1N1 ပိုးတွေ့လူနာ ၄၀၁ ဦး၊ H3N1 ပိုးတွေ့လူနာ ၄၉ ဦး တွေ့ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့သည် ဖြစ်ပွားမှုအများဆုံး ဖြစ်ခဲ့ကြောင်း၊ ထို့အပြင် သာမန်ရာသီ တုပ်ကွေးရောဂါဖြစ်ပွားမှုတွင် အသက်အရွယ် ငယ်လွန်းသူများ၊ အသက်အရွယ် ကြီးရင့်သူများ၊ ဆီးချို၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ စသည့် နာတာရှည်ရောဂါရှိသူများအနေနှင့် ရောဂါ ကူးစက်ခံရပါက ပြင်းထန်ပြီး အသက်အန္တရာယ်ရှိသဖြင့် ရာသီတုပ်ကွေးရောဂါကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရောဂါစောင့်ကြပ်ခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲတို့ ပူးပေါင်းကာ ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုမည့် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ စစ်တွေဆေးရုံကြီး၊ မူဆယ်ဆေးရုံကြီး၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးနှင့် မြဝတီဆေးရုံကြီး စသည့် ဆေးရုံ ၇ ရုံတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောက်ပံ့မှုဖြင့် သင်တန်းများပို့ချခြင်းနှင့် လိုအပ်သော Viral Transpot Media နှင့် Rapid Diagnostic Tests များကို ထောက်ပံ့ပေးသွားရန် အပါအဝင် အခြားသောအချက်များကို ယင်းရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် နိုင်ငံတော်အဆင့် အစည်းအဝေးများ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ထို့အပြင် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများနှင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်နိုင်ရန်အတွက် Pandemic Influenza Preparedness Frame-work နှင့် အပြည်ပြည်ဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများ (၂၀၀၅) ပါ လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်သင်တန်းပေးခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းများကို စစ်တွေဆေးရုံကြီး၊ မူဆယ်ဆေးရုံကြီး၊ မြစ်ကြီးနားဆေးရုံကြီး၊ မြဝတီဆေးရုံကြီး၊ မန္တလေးဆေးရုံကြီး၊ နေပြည်တော်ဆေးရုံကြီးနှင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတို့တွင် ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရာသီတုပ်ကွေး ရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ သိရသည်။

J-12