News

POST TYPE

HEALTH

ဆေးပညာပါမောက္ခ ဒေါက်တာတင့်တင့်ကြည်နှင့် တွေ့ဆုံခြင်း
03-Jan-2018

ဆေးယဉ်ပါးတီဘီ
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တီဘီ၊ အိတ်ခ်ျအိုင်ဗီတီဘီနှင့် ဆေးယဉ်ပါးတီဘီ အဖြစ်များသည့် နိုင်ငံ ၃၀ တွင်ပါဝင်ပြီး ဆေးယဉ်ပါးတီဘီသည် (မည်သည့် တီဘီရောဂါမဆို ကူးစက်လွယ်သည်) အလွယ်တကူ ကူးစက်နိုင်သည်။ ထိုအတွက် ဆေးယဉ်ပါးတီဘီနှင့် ဆက်စပ်သည့်အချက်များကို သိရှိနိုင်ရန် နေပြည်တော်၊ ခုတင် ၁၀ဝ၀ ဆံ့ဆေးရုံကြီးမှ ဆေးပညာပါမောက္ခ ဒေါက်တာ တင့်တင့်ကြည်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဆေးယဉ်ပါးတီဘီရောဂါဆိုတာကို ရှင်းပြပေးပါဦး။
Dr.TTK : ဆေးယဉ်ပါးတီဘီ ဆိုတာကို မရှင်းခင် သာမန်တီဘီရောဂါကို ပြောရမယ်။ တီဘီရောဂါဆိုတာက လေထဲကနေပြီး ကူးစက်ပြန့်ပွားတတ်တယ်။ မျက်စိနဲ့မမြင်နိုင်တဲ့ အဏုဇီဝပိုးတစ်ခုဖြစ်တဲ့ Mycobacterium tuberculosis တီဘီပိုးကြောင့်ဖြစ်တယ်။ ကျန်းမာရေးဝန်ထမ်းတွေက တီဘီရောဂါရှာပြီး သတ်မှတ်လမ်းညွှန်တဲ့အတိုင်း ပထမအဆင့် တီဘီဆေးတွေကို ခြောက်လ ဒါမှမဟုတ် ရှစ်လလောက် မှန်မှန်သောက်ရင် ပျောက်နိုင်တာကို သာမန်တီဘီလို့ ခေါ်တယ်။ ဆေးယဉ်ပါးတီဘီ ဆိုတာကတော့ ပထမအဆင့် တီဘီဆေးထဲမှာ နှစ်မျိုးပေါ့။ ဆေးနှစ်မျိုးကို ယဉ်ပါးသွားတယ်။ ဆေးသောက်နေရင်း မပျောက်တဲ့အတွက် ပုံမှန်ကုနေကျ တီဘီဆေးတွေနဲ့ ကုလို့မရတော့ဘူးလို့ သတ်မှတ်ရတဲ့ တီဘီရောဂါကို ဆေးယဉ်ပါးတီဘီလို့ ခေါ်တယ်။ ဆေးယဉ်ပါးတီဘီဖြစ်ရင် စိတ်ပူတာက လက်ရှိ ကုထုံးအရ လ နှစ်ဆယ်လောက်အထိ ကုရတယ်။ နေ့တိုင်း ဆေးထိုးရသလို သောက်ရတဲ့ဆေးအမျိုးအမည်တွေက များလာတယ်။ 

Voice : ဆေးယဉ်ပါးတီဘီ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးပါဦး။
Dr.TTK : သာမန်တီဘီကနေ ဆေးယဉ်ပါးတီဘီ ဘာကြောင့်ဖြစ်ရသလဲဆိုရင် သာမန်တီဘီဖြစ်တုန်းက ဆေးတွေကို ညွှန်ကြားချက်အတိုင်း မှန်မှန် မသောက်တာ၊ ဆေးကုသတဲ့ကာလ မပြီးခင် ကိုယ့်သဘောနဲ့ကိုယ် ဆေးသောက်ရပ်လိုက်တာ၊ သောက်လိုက် မသောက်လိုက်လုပ်တာ၊ ပထမအဆင့် တီဘီဆေးတွေရဲ့ အရည်အသွေး မပြည့်တာတွေ၊ ဆေးယဉ်ပါးတီဘီ ရှိတဲ့သူဆီက တိုက်ရိုက်ကူးခံရတာတွေကြောင့် ဖြစ်တယ်။

Voice : ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ။
Dr.TTK : ဘယ်သူပဲဖြစ်ဖြစ် ကူးတယ်။ ကူးစက်ပုံ ကူးစက်နည်းက အဆုတ်တီဘီတွေ ကူးသလိုပဲ ကူးနိုင်တယ်။ သို့သော် ကိုယ်ခံစွမ်းအားစနစ်ကို ထိခိုက်တဲ့ အခြေအနေတွေကြောင့် ပိုပြီးတော့ ကူးတတ်တယ်။ အဆုတ်တီဘီပဲဖြစ်ဖြစ်၊ သာမန်တီဘီပဲဖြစ်ဖြစ်၊ ဆေးယဉ်ပါးတီဘီပဲဖြစ်ဖြစ် မကွာလှပါဘူး။ အဲဒီရောဂါရှိတဲ့သူက ချောင်းဆိုးလိုက်တာပဲဖြစ်ဖြစ်၊ နှာချေလိုက်တာပဲဖြစ်ဖြစ်၊ အနီးမှာ ရှိတဲ့သူတွေကို ကူးစက်နိုင်ပါတယ်။

Voice : ဘယ်လိုရောဂါ အခံရှိတဲ့သူတွေမှာရော ပိုဖြစ်နိုင်ပါသလဲ။
Dr.TTK : ဖြစ်နိုင်တာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ အများဆုံး တွေ့ရတာက အိတ်ခ်ျအိုင်ဗီပိုး ရှိတဲ့သူတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေ၊ ဆေးလိပ်သောက်တဲ့သူတွေမှာ တွေ့ရတယ်။ အဆုတ်ထဲမှာရှိတဲ့ အနာကျက်နှုန်းတွေက အားနည်းတာ တွေ့ရတယ်။ နောက်တစ်ခါ ခုခံအား ကျဆင်းတဲ့ရောဂါနဲ့ အလားတူတာကတော့ ခုခံအားကျဆင်းတဲ့ဆေးတွေ သောက်နေရတဲ့ လူတွေက ကင်ဆာရောဂါဆေးတွေ၊ စတီးရွိုက်ပါတဲ့ ဆေးတွေ သောက်နေရတဲ့သူတွေမှာ ပိုကူးတယ်။ 

Voice : ကလေးတွေမှာရော ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနိုင်ပါသလား။
Dr.TTK : ကလေးတွေမှာလည်း ဖြစ်တယ်။ ဖြစ်နေတဲ့သူတွေလည်း ရှိတယ်။ လသားအရွယ်တွေမှာ အမေဆီကပဲဖြစ်ဖြစ်၊ ကလေးကိုထိန်းတဲ့သူဆီက ပဲဖြစ်ဖြစ် ကူးတာတွေ တွေ့နေရတယ်။ ကုရင်တော့ ပျောက်တယ်။ ဒါပေမဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး တွေကို ကလေးကအရွယ်နဲ့မမျှအောင် ခံရတာပေါ့။ ဥပမာ - နားလေးတာတို့၊ အသည်းတွေ၊ ကျောက်ကပ်တွေ ထိခိုက်တာတွေ ရှိတယ်။ ပုံမှန်ပေးရင်တောင်မှ ပမာဏအတွင်းမှာကိုပဲ ကောင်းကျိုးဆိုးပြစ်ရတာ ခက်ခဲတယ်။ အမြဲတမ်း စောင့်ကြည့်နေရတယ်။ အများစုကတော့ ပျောက်ပါတယ်။ အသက်ဆုံးရှုံးတဲ့သူတွေလည်း ရှိတယ်။ အစကတည်းက မကုဘူးဆိုပြီး ငြင်းဆန်တဲ့သူတွေလည်းရှိတယ်။ ငြင်းဆန်တဲ့သူတွေတော့ စိတ်ပူရတယ်။

Voice : ရောဂါလက္ခဏာတွေကရော။
Dr.TTK : ရောဂါလက္ခဏာတွေက သာမန်တီဘီနဲ့ သိပ်မကွာဘူး။ နှစ်ပတ်ကျော် ချောင်းဆိုးမယ်။ သလိပ်မှာ ချွဲပါမယ်။ သွေးပါမယ်။ ခန္ဓာကိုယ် အလေးချိန် လျော့ကျသွားမယ်။ တငွေ့ငွေ့ဖျားပြီး ညဘက် ချွေးထွက်မယ်။ သာမန် တီဘီကုထုံးနဲ့ကုပေမယ့် သိသိသာသာ မပျောက်ဘူးဆိုရင် စိတ်ပူရပြီ။ တကယ်တမ်းက ဓာတ်ခွဲခန်းအဖြေက ပထမလည်း သလိပ်ပိုးတွေ့တယ်။ ဆေးသောက်ပြီးတော့လည်း သလိပ်ပိုးတွေ့နေဆဲဆိုရင် သံသယ ဖြစ်ရမယ့်လက္ခဏာပေါ့။ အခု နောက်ပိုင်းမှာတော့ Gene Xpert စက်နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ စစ်လို့ရအောင် လုပ်ထားပါတယ်။ 

Voice : ဒီဆေးကုသမှု ခံယူနေတဲ့သူတွေအနေနဲ့ ဆေးကုသစဉ်ကာလမှာ ဘယ်လိုအချက်တွေကို သတိထားသင့်ပါသလဲ။
Dr.TTK : ဆေးကုသမှု ခံယူနေတဲ့ အချိန်တွင်းမှာ အဆစ်ရောင်တာ၊ မူးဝေတာ၊ ပျို့အန်တာ၊ နားလေးတာ၊ ခြေလက်ထုံကျဉ်တာ၊ စိတ်ဓာတ်ကျတာစသဖြင့် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်တယ်။ အဲဒီလို ခံစားရရင်တော့ သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ ချက်ချင်း ဆွေးနွေးပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သလိပ်ပိုးတွေ့တဲ့ လူနာတွေအနေနဲ့ကတော့ သလိပ်မှာ ပိုးမတွေ့တော့တဲ့အထိ မိသားစုနဲ့ ခြင်ထောင်တစ်ခုတည်းမှာ မအိပ်ဖို့ ရှောင်ရပါမယ်။ နောက်ပြီး သလိပ်ကို အဖုံးပါတဲ့ခွက်ထဲကိုထွေးပြီး ရေအိမ်ထဲ စွန့်ပစ်ရမယ်။ လေဝင် လေထွက် ကောင်းတဲ့နေရာမှာနေ၊ သင့်သလို အသုံးအဆောင်ပစ္စည်းတွေကိုလည်း မကြာခဏ နေရောင်ပြပေးသင့်ပါတယ်။

Voice : ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်လို့ ရနိုင်မလဲ။
Dr.TTK : ကာကွယ်ဖို့ကတော့ တော်တော် ကျယ်ပြန့်တယ်။ နှာချေ ချောင်းဆိုးရင် အုပ်ဆိုးတာမျိုး၊ လက်မောင်းကို အသုံးပြုပြီး ဆိုးတာမျိုးနဲ့ နေမယ်ဆိုရင် တစ်ဖက်လူကို မကူးနိုင်ဘူးပေါ့။ ဆေးကုသမှုကိုလည်း ခံယူရမယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံက ပူတဲ့အခါကျတော့ အဲကွန်းသုံးတယ်။ တီဘီပိုးကောင်က အပူကိုကြောက်တော့ အေးတဲ့နေရာမှာ အသက်ရှင်တယ်။ အဲကွန်းခန်းထဲ တီဘီရောဂါရှိတဲ့သူက ဝင်လာပြီး ချောင်းဆိုးမယ်ဆိုရင် ပိုပြီးကူးနိုင်တာပေါ့။ လေအေးစက်တွေကြောင့် ပြန့်ပွားမှုကို ထိန်းချုပ်တဲ့အခါမှာ ခက်ခဲတယ်။ ကူးစက်တဲ့ရောဂါတွေ မဖြစ်အောင် ထိန်းချုပ်ရေးတွေ ဆောင်ရွက်တဲ့အခါ ရောဂါ အမျိုးမျိုး ကူးစက်ပုံ အမျိုးမျိုး ရှိတယ်။ ဥပမာ - သွေးကတစ်ဆင့် ကူးတာရှိတယ်။ စွန့်ပစ်ပစ္စည်းက ကူးတာရှိတယ်။ ဓာတ်ခွဲခန်းကနေ ကူးတာရှိတယ်။ ဒီလိုကူးတာတွေကို ဂရုစိုက်သလိုပဲ ဆေးခန်းတွေရဲ့ လေဝင် လေထွက်ကို ဂရုစိုက်ပြီး တီဘီရောဂါလို လေမှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုးကို မဖြစ်ပွားအောင် ဆေးရုံ ဆေးခန်း အုပ်ချုပ်သူတွေကလည်း လူနာစောင့်ဆိုင်း ဧရိယာတွေကို ဂရုစိုက်စေချင်တယ်။ စောင့်ဆိုင်း ဧရိယာတွေမှာ ရောဂါရှိသူကို အကြာကြီး မစောင့်ခိုင်းဘဲနဲ့ အရင်ဦးစားပေးစနစ်နဲ့ ပြခိုင်းတာမျိုးပေါ့။ နောက် ဆေးယဉ်ပါးတီဘီဖြစ်တာက ရန်ကုန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ဝက်လောက် ဖြစ်နေတာ ရှိပါတယ်။ တစ်နိုင်ငံလုံးမှာလည်း ရှိတယ်လို့ သိနေရပါတယ်။

Voice : ဒီရောဂါနဲ့ ပတ်သက်တဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.TTK : ဒီရောဂါက သတိပြုရမယ့်အထဲမှာ ပါနေတယ်။ ဒီရောဂါကို ဖော်ထုတ်ရန် ရှာရလွယ်အောင်လည်း ဓာတ်ခွဲခန်း အခြေအနေတွေ လုပ်ထားတယ်။ ရှာတွေ့ခဲ့ရင်လည်း အကန့်အသတ်မရှိ အစိုးရက တာဝန်ယူပြီးတော့ လုပ်ပေးနေတယ်။ တီဘီရောဂါ တိုက်ဖျက်ရေးဌာနတွေမှာ ဆေးဝါးတွေ အခမဲ့ ရနိုင်တယ်။ ဒါကြောင့် ဒီအခွင့်အရေးကို အသုံးပြုကြပါ။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ