News

POST TYPE

HEALTH

ဂျပန် ဦးနှောက်ရောင်ကာကွယ်ဆေး လွှမ်းခြုံမှု ၉၃ ရာခိုင်နှုန်းကျော်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂

နိုင်ငံတစ်ဝန်း အသက်ကိုးလမှ ၁၅ နှစ်အရွယ် ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း အစီအစဉ်၌ ကာကွယ်ဆေးလွှမ်းခြုံမှုမှာ ၉၃ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသောနိုင်ငံ ၂၄  နိုင်ငံတွင် ပါဝင်ပြီး ယင်းရောဂါသည် ပျောက်ကင်းအောင် ကုသနိုင်မည့်ဆေးမရှိသည့်အတွက် ရောဂါဖြစ်နိုင်ခြေရှိကြောင်း၊ ကာကွယ်ဆေးမရရှိသော ကလေးငယ်များကို ကာကွယ်နိုင်ရန် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့တွင် ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့တွင် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် လည်းကောင်း အစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် အသက်ကိုးလအရွယ် ကလေးတိုင်းကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းထံမှ သိရသည်။

နိုင်ငံတစ်ဝန်း ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး အစုလိုက်ထိုးနှံသည့်လုပ်ငန်းတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် ကလေးဦးရေမှာ ရှစ်သန်းကျော်၊ ပြည်သူလူထုအခြေပြုနှင့် ခက်ခဲဒေသ ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးထိုးနှံပေးသည့် ကလေးဦးရေမှာ လေးသန်းကျော်ဖြင့် စုစုပေါင်း ၁၂ သန်း ကျော်ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပြီး ယင်းဝန်ကြီးဌာနအနေနှင့် ကနဦးတွင် နိုင်ငံတစ်ဝန်းလုံးရှိ ကလေးငယ် ၁၄ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

J-12