News

POST TYPE

HEALTH

အခွန်အမှတ်တံဆိပ်မပါသည့် ဆေးပေါ့လိပ်များကို ရက်ပိုင်းအတွင်း လေလံပစ်မည်
မန္တလေး၊ ဇန်နဝါရီ ၂

ဆေးပေါ့လိပ်ထုပ်များတွင် အခွန်အမှတ်တံဆိပ်များကပ်ရန် ပြည်တွင်းအခွန်များ ဦးစီးဌာနက ကြေညာပြီးနောက် ပထမဆုံးအကြိမ် ဖမ်းဆီးရမိခဲ့သည့် နဂါးနီဆေးပေါ့လိပ်များကို ဇန်နဝါရီလ ၅ ရက်နေ့တွင် လေလံပစ်မည်ဖြစ်ကြောင်း မြင်းခြံမြို့နယ် အခွန်ဦးစီးဌာနထံမှ သိရသည်။

ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသည့် ကျပ် ၄၄၃ သိန်း တန်ဖိုးရှိသော ဆေးပေါ့လိပ်များကို မြင်းခြံမြို့၌ နိုဝင်ဘာ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆေးပေါ့လိပ်များကို တစ်လိပ်လျှင် ကြမ်းခင်းဈေး ရှစ်ကျပ်ခွဲနှုန်းဖြင့် လေလံပစ်မည်ဖြစ်ကြောင်း မြင်းခြံမြို့နယ်အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

“အရင်တုန်းကတော့ ဖမ်းဆီးရမိတဲ့ပစ္စည်းတွေကို ဖျက်ဆီးရန်ဆိုပြီး ညွန်ကြားခဲ့ပေမယ့် နောက်ပိုင်းမှာ ညွန်ကြားချက်အသစ် ထပ်ထွက်လာတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အခွန်ရဖို့အတွက် လေလံပစ်မှာဖြစ်ပါတယ်။ လေလံလျှောက်လွှာတွေကို ဒီဇင်ဘာလ နောက်ဆုံးပတ်ကတည်းက ထုတ်ယူနိုင်တယ်လို့ ကြေညာထားပေမယ့် အခုချိန်ထိ လာထုတ်တဲ့သူ မရှိသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

အခွန်မဆောင်ရသေးသည့် အထူးကုန်စည်များကို လက်ဝယ်ထားရှိခြင်း၊ ရရှိပိုင်ဆိုင်ထားသည်ကို တွေ့ရှိပါက လယ်ဝယ်ထားရှိသူအနေနှင့် ကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ဒဏ်ကြေးပေးဆောင်ရမည့်အပြင်၊ ယင်းကုန်စည်ကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

“လေလံစည်းကမ်းမှာက လေလံအောင်မြင်သူသည် (မူရင်းပိုင်ရှင်မှလွဲ၍)  ဆေးပေါ့လိပ်တံဆိပ်များကို ဖယ်ရှားပြီးမှသာ ရယူရမည်ဆိုပြီး ရေးထားတယ်။ ဆိုတော့ ဘယ်သူမှ ဆွဲမှာမဟုတ်ပါဘူး။ ကိုယ့်တံဆိပ်နဲ့ ကိုယ်ရောင်းနေတဲ့သူတွေ။ လေလံပစ်မယ်ဆိုရင် တံဆိပ်မပါဘဲ ပစ်ရမယ်။ နောက်တစ်ချက်က ကျွန်တော်တို့က လေလံဆွဲပြီး ကပ်ထားပြီးသား တံဆိပ်တွေ ထိုင်ခွာရမယ်ဆိုတာ အဆင်မပြေနိုင်ပါဘူး။ ဆေးလိပ်သောက်သုံးသူ လျော့နည်းအောင်လုပ်နေတဲ့ကိစ္စမှာ  သိမ်းဆည်းရမိပြီးသားပစ္စည်းကို ပြည်သူကိုပြန်ပြီးတော့ ဖြန့်တာက မကောင်းပါဘူး” ဟု တောင်ကြီး ပန်းသီးဆေးပေါ့လိပ်လုပ်ငန်းပိုင်ရှင် ဦးသန်းဆောင်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း မြင်းခြံ၊ ရွှေဘို၊ စစ်ကိုင်းနှင့် ပဲခူးမြို့တို့တွင် ဆေးပေါ့လိပ်လုပ်ငန်းများကို မိရိုးဖလာ လုပ်ကိုင်လေ့ရှိရာ မြင်းခြံနယ်တွင် ဆေးပေါ့လိပ်လုပ်ငန်း ၇၀ ခန့်မှ အရေအတွက်အများဆုံးထွက်ရှိကြောင်း ဆေးလိပ်ထုတ်လုပ်သူများထံမှ သိရသည်။

M-05