News

POST TYPE

HEALTH

ကုသရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးဆက်သွေးနှင့် တွေ့ဆုံခြင်း
27-Dec-2017

အရေးပေါ်လူနာတင်စနစ်

၂၀၁၆ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် အရေးပေါ် လူနာတင်ယာဉ်စနစ်ကို စတင် ဆောင်ရွက်ခဲ့ပြီး ယင်းစနစ်ကို အမြန်လမ်းတွင် သာမက တိုင်းနှင့် ပြည်နယ်များတွင်ပါ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။ အဆိုပါ အရေးပေါ် လူနာတင်ယာဉ်တွင် လိုက်ပါတာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် မကြာမီကာလအတွင်း အရေးပေါ် အသက်ကယ် သင်တန်းကျောင်း ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာမျိုးဆက်သွေးနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အရေးပေါ် လူနာတင်ယာဉ်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေအတွက် အရေးပေါ် အသက်ကယ်သင်တန်းကျောင်း ဖွင့်လှစ်မှာ သိရပါတယ်။ ဘယ်တော့လောက် ဖွင့်မှာပါလဲ။
Dr.MST : အရေးပေါ် လူနာတင်ယာဉ်တွေပေါ်မှာ လိုက်ပါတဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့သူတွေကို အရေးပေါ် ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေလို့ ခေါ်တာပေါ့။ သူတို့က ဆရာဝန်တော့ မဟုတ်ဘူး။ သူနာပြုတွေလိုမျိုး ကျွမ်းကျင်ပညာရှင်တွေပါ။ တခြားနိုင်ငံမှာတော့ ဘွဲ့တွေ၊ ဒီပလိုမာတွေ ပေးပြီးမှ မွေးထုတ်ကြတာပေါ့။ ကျွန်တော်တို့က အဲဒီအဆင့်အထိပေးပြီး မမွေးထုတ်နိုင်သေးခင်မှာ ကာလတို သင်တန်းကိုဖွင့်ပြီး မွေးထုတ်မှာပါ။ သင်တန်းကျောင်းကိုတော့ လောလောဆယ် နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် ဆေးရုံမှာဖွင့်ဖို့ စီစဉ်နေပါတယ်။ အခုလောလောဆယ် သင်တန်းသားတွေ နေထိုင်ဖို့နဲ့ စာသင်ဖို့ လိုအပ်တာတွေကို ဆောင်ရွက်နေပါပြီ။ ဒါတွေ အဆင်သင့်ဖြစ်ရင်တော့ သင်တန်းတွေကို အသုတ်လိုက် ခေါ်တော့မှာပါ။

Voice : ဒီတာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းတွေကို ဘယ်လိုပညာ အရည်အချင်းတွေနဲ့ ကန့်သတ်ပြီး ခေါ်ယူသွားမှာပါလဲ။
Dr.MST : ဒါတွေကိုတော့ အစည်းအဝေးမှာ သတ်မှတ်ပြီး ဆုံးဖြတ်ရမှာပေါ့။ ပညာအရည်အချင်းက လတ်တလောမှာတော့ ၁၀ တန်းအောင်လောက်ပဲ ကန့်သတ်ပြီးထားဖို့ ရည်ရွယ်ထားပါတယ်။ လတ်တလော တာဝန် ထမ်းဆောင်နေတဲ့သူတွေမှာ သင်တန်းပေးပြီးသားလည်း ရှိတယ်။ သင်တန်း မပေးရသေးတာလည်း ရှိတယ်။ ၂၇ ကြိမ်မြောက် ဆီးဂိမ်းမှာတုန်းက လူနာတင်ယာဉ်တွေမှာ တာဝန်ထမ်းဆောင်တဲ့ အစိုးရဝန်ထမ်းတွေကိုတော့ သင်တန်းပေးထားပြီး ဖြစ်ပါတယ်။ အခုအစီအစဉ်ကတော့ အစိုးရဝန်ထမ်းတွေတင် မဟုတ်ဘူး။ ပုဂ္ဂလိကအဖွဲ့အစည်းတွေမှာ လူနာတင်ယာဉ်တွေ ရှိတယ်။ အဲဒီမှာ တာဝန် ထမ်းဆောင်နေတဲ့သူတွေကို သင်တန်းပေးဖို့ ပြန်လည် ဆောင်ရွက်နေပါတယ်။ အားလုံးကို ကျွန်တော်တို့ သင်တန်းကျောင်းမှာ သင်တန်းပေးမှာမျိုးတော့ မဟုတ်ဘူး။ လူတချို့ကို မွေးထုတ်ပြီး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းတွေမှာ အဲဒီဆရာတွေက ပြန်လည် မွေးထုတ်ပေးမှာပါ။ 

Voice : အရေးပေါ် လူနာတင်ယာဉ်စနစ်ကို စတင်ခဲ့တာ အချိန် ဘယ်လောက် ရှိနေပြီလဲ။
Dr.MST : အရေးပေါ် လူနာတင်ယာဉ်တွေက မြန်မာပြည်မှာ ရှိနေခဲ့တာကြာပါပြီ။ စနစ်ကျတဲ့ပုံစံအနေနဲ့ ရှိမနေတာပေါ့။ အမြန်လမ်း လူနာတင်ယာဉ်စနစ်ကို ၂၀၁၆ ခုနှစ်ကစခဲ့တာ ၁၉၂ Call Center ဆိုပြီးတော့ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားတဲ့အခါမှာ လူနာတင်ယာဉ်နဲ့ သယ်ယူပြီးတော့ အနီးစပ်ဆုံး ဆေးရုံကို ပို့တဲ့စနစ်ပေါ့။ ဒါကိုချဲ့ထွင်ဖို့ စဉ်းစားနေပါတယ်။ ရန်ကုန်၊ နေပြည်တော်နဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းတွေမှာ ပြည်နယ်၊ တိုင်းအစိုးရတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်မယ်လို့ စဉ်းစားပါတယ်။ ဒီလို စဉ်းစားလို့လည်း အဲဒီနေရာတွေမှာ လိုလာမယ့် လူနာတင်ယာဉ်ပေါ်မှာ လိုက်ပါမယ့်သူတွေအတွက်လည်း ဒီသင်တန်းကျောင်းကို ဖွင့်ရတာပါ။ 

Voice : လက်ရှိ အရေးပေါ် လူနာတင်ယာဉ်စနစ်က အမြန်လမ်းတစ်လျှောက် ဘယ်နေရာတွေမှာ လုပ်ဆောင်ပေးနေပါလဲ။
Dr.MST : ကျွန်တော်တို့ ပွိုင့် ၁၀ ပွိုင့်ရှိပါတယ်။ အမြန်လမ်းတစ်လျှောက် အရေးပေါ်ဖြစ်တဲ့ ဘယ်နေရာမှာမဆို  ၁၉၂ ကိုဆက်လိုက်ရင် အဲဒီပွိုင့်တွေက အနီးစပ်ဆုံး လာရောက် ခေါ်ပေးပါတယ်။ အမြန်လမ်းမှာ ဖြစ်သမျှတွေကို လူနာတင်ယာဉ် စောင့်ရှောက်မှုတွေ ပေးနေပါတယ်။ ပွိုင့် ၁၀ ပွိုင့်က ရန်ကုန်ဘက်ကစပြောရင် လှည်းကူးဆေးရုံ၊ ဘုရားကြီးဆေးရုံ၊ မြို့ချောင်း ဆေးရုံ၊ ဖြူးဆေးရုံ၊ တောင်ငူဆေးရုံ၊ လယ်ဝေးဆေးရုံ၊ အလည်ရွာဆေးရုံ၊ မိတ္ထီလာဆေးရုံ၊ ပြင်စည်ဆေးရုံနဲ့ တံတားဦးဆေးရုံတွေပါ။

Voice : အမြန်လမ်းမှာလို တခြားနေရာတွေမှာ ချဲ့ပြီးလုပ်ဆောင်မယ့် အစီအစဉ်က ဘယ်တော့လောက် လုပ်မှာပါလဲ။ မြို့တွင်းမှာပါ တိုးချဲ့လုပ်မယ်ဆိုတော့ အခက်အခဲတွေ ရှိလာနိုင်မလား။
Dr.MST : ရန်ကုန်ဆိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ ရန်ကုန်မြို့ ဧရိယာမှာ စတင်ဆောင်ရွက်မယ်။ နောက်ပြီး နေပြည်တော်ဧရိယာမှာ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ကျွန်တော်တို့က ဒီစနစ်ကို တစ်နိုင်ငံလုံး သွားချင်တာ။ တဖြည်းဖြည်းချင်း ကျွန်တော်တို့ ချဲ့သွားမယ်။ အခက်အခဲတွေကတော့ အခု အမြန်လမ်းမှာလည်း ရှိတယ်။ ဒီကိစ္စက လုပ်ရမယ့်ကိစ္စဖြစ်တယ်။ တခြားနိုင်ငံတွေမှာလည်း အရေးပေါ် လူနာတင်ယာဉ်စနစ်ဆိုတာရှိတယ်။ လမ်းကြော ပိတ်တာတွေတော့ ရှိကောင်း ရှိနိုင်တယ်။ ဒါတွေက ကျန်းမာရေးဌာန တစ်ခုတည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ဌာနပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရတာပါ။ ဥပဒေလည်း လိုတယ်။ အရေးပေါ် လူနာတင်ယာဉ် စောင့်ရှောက်မှုဥပဒေဆိုတာပေါ့။ ၂၀၁၈ ခုနှစ်ထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက်ဖို့ရှိတယ်။ ရန်ကုန်နဲ့ နေပြည်တော်တော့ လုပ်ဖြစ်မယ်လို့ မှန်းထားတယ်။ 

Voice : ဒီလိုစနစ်တွေရှိလာရင် ဘယ်လောက်အထိ ကောင်းမွန်တဲ့ရလဒ်တွေ ရလာနိုင်ပါသလဲ။
Dr.MST : အရေးပေါ်လူနာတွေ အချိန်မီ ဆေးရုံ ဆေးခန်းတွေကို ရောက်မယ်။ တချို့ အသက်ကယ်တာတွေက ဆေးရုံမရောက်ခင်မှာ လုပ်ရတာတွေရှိတယ်။ အဲဒီလို အရေးပေါ် ပြုစုစောင့်ရှောက်မှုတွေကို ပြုလုပ်ပေးနိုင်လိုက်မယ်ဆိုရင် အသက်ပေါင်းများစွာ ကယ်တင်နိုင်မယ်။

Voice : အရေးပေါ်လူနာတင်ယာဉ်မှာ တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်းတွေက ဆေးရုံမရောက်ခင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုစောင့်ရှောက်မှု ပေးပါ သလဲ။
Dr.MST : အဓိကတော့ ရှေးဦးသူနာပြုစုနည်းပေါ့။ အဲဒီနည်းကို အခြေခံပြီး တိုးတက်လာတဲ့ နည်းစနစ်တွေ၊ ပစ္စည်းတွေနဲ့ စောင့်ရှောက်မှု ပေးပါတယ်။

Voice : လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းမှာရော ဝန်ထမ်းအင်အား လုံလောက်မှု ရှိရဲ့လား။
Dr.MST : လက်ရှိမှာက ဝန်ထမ်းတွေ မဟုတ်ပါဘူး။ တခြားက သင်တန်းပေးထားတဲ့သူတွေပါ။ လက်ရှိဝန်ထမ်းတွေနဲ့ မလောက်ငလို့ အပြင်က ငှားထားတာပါ။ အခုဆက်လုပ်မယ့် အစီအစဉ်မှာ ကျွန်တော်တို့ဝန်ထမ်းတွေလည်း ပါမယ်။ နောက်ပြီး အဲဒီအရေးပေါ် လူနာတင်ယာဉ်လုပ်ငန်းကိုလုပ်နေတဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ ရှိပါတယ်။ သူတို့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တကယ်တော့ သူများနိုင်ငံတွေမှာ ဒါမျိုးက တက္ကသိုလ်အဆင့်အထိ ရှိပြီးတော့မှ ဘွဲ့တွေ၊ ဒီပလိုမာတွေ ပေးပြီးတော့ ပညာရှင်လူတန်းစားတစ်ရပ်ကို မွေးထုတ်နေတာပေါ့။ ကျွန်တော်တို့က အဲဒီအဆင့်ကို မသွားခင်မှာ သင်တန်းကျောင်း ဖွင့်ထားပြီး ကာလတိုသင်တန်းလေးတွေ ပေးမယ်။ ပြန်လည်ဆင့်ပွား သင်ပေးနိုင်မယ့် သင်တန်းဆရာတွေ မွေးထုတ်မယ်ပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာမှာ Certificate Course လေးတွေ ပေးမယ်။ အဲဒီကနေတစ်ဆင့် တဖြည်းဖြည်း သူနာပြုသားဖွား သင်တန်းကျောင်းလိုမျိုး ဒီပလိုမာ ပေးနိုင်တဲ့ သင်တန်းကျောင်းတွေ၊ အဲဒီကနေတစ်ဆင့် သူနာပြုတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်လို ဘွဲ့ပေးနိုင်တဲ့ တက္ကသိုလ်တွေအထိ ရောက်အောင် အဆင့်မြှင့်တင်သွားမယ်။ အဲဒီလိုဖြစ်ဖို့လည်း ပြင်ဆင်မှုတွေ အများကြီး လုပ်ရပါဦးမယ်။ 

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက် ပြောကြားလိုပါသလဲ။
Dr.MST : ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အရေးပေါ် လူနာတင်ယာဉ်စနစ်နဲ့ အရေးပေါ် လူနာစနစ်နဲ့ အရေးပေါ်လူနာ သယ်ယူပို့ဆောင်မှုစနစ်က အင်မတန်မှ သက်တမ်းနုနယ်သေးတဲ့အတွက် လိုအပ်ချက်တွေ၊ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလိုအခက်အခဲတွေကနေ နိုင်ငံတကာ အဆင့်မီ ပြည်သူလူထုအတွက် တကယ်ကိုထိရောက်တဲ့ အရေးပေါ် လူနာတင်ယာဉ်စနစ်နဲ့ အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်လာဖို့ဆိုတာ အချိန်လည်း ယူရပါမယ်။ ကျွန်တော်တို့ဌာနတစ်ခုတည်း မဟုတ်ဘဲ တခြားဌာနတွေကလည်း ပူးပေါင်း ဆောင်ရွက်ရပါမယ်။ နောက်ဆုံး ပြည်သူကပါ ပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်တဲ့စနစ်တစ်ခု ဖြစ်လာမှာပါ။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA