News

POST TYPE

HEALTH

ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းနှင့် တွေ့ဆုံခြင်း
20-Dec-2017 tagged as

မျက်စိအမြင်အာရုံလွှာ ကင်ဆာ
ကလေးတွင်ဖြစ်သော မျက်စိရောဂါနှင့် လူကြီးတွင်ဖြစ်သော မျက်စိရောဂါသည် ကွာခြားမှုမရှိသော်လည်း မျက်စိအမြင်လွှာ၌ဖြစ်သော ကင်ဆာရောဂါသည် ကလေးများတွင် ထူးခြားပြီးဖြစ်သော ရောဂါတစ်ခုဖြစ်သည်။ ယင်းရောဂါသည် ကြိုတင်ကာကွယ်၍မရဘဲ မွေးကတည်းကပင်ပါလာသော ရောဂါဖြစ်သည့်အတွက် ကလေးမိဘများ သတိပြုနိုင်စေရန်အတွက် ရန်ကုန်မျက်စိဆေးရုံကြီး၊ မျက်စိရောဂါပညာဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာတင်ဝင်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးတွေရဲ့ မျက်စိအမြင်အာရုံလွှာဖြစ်တဲ့ ကင်ဆာရောဂါဆိုတာကို ရှင်းပြပေးပါဦး။
Dr.TW : မျက်စိအမြင်အာရုံလွှာမှာဖြစ်တဲ့ ကင်ဆာရောဂါ(Retinoblastoma)ဆိုတာက ကံသိပ်မကောင်းတဲ့ ကလေးတွေမှာပဲ ဖြစ်တယ်။ ဒီရောဂါကို ကလေးသူငယ်ဆိုင်ရာ ကင်ဆာရောဂါ အထူးကုဆရာဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ကုသကြတယ်။ သူက မျက်လုံးထုတ်ရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဟာက ပျံ့သွားမယ်ဆိုရင် ဦးနှောက်ထဲကိုရောက်သွားပြီးတော့ ဦးနှောက်အာရုံကြော ရောဂါတွေပါ ဖြစ်လာမယ်။ အမြင်နဲ့ အသက်မှာ အသက်ကပိုအရေးကြီးတယ်။ ဒီတော့ အသက်ကိုထိခိုက်နိုင်တော့ မျက်လုံးကိုထုတ်ပြီး Chemo Therapy နဲ့ ကုသမှုအပိုင်းကို လုပ်ပါတယ်။

Voice : ဒီရောဂါက ကလေး ဘယ်အသက်အရွယ်တွေမှာ ဖြစ်တာပါသလဲ။
Dr.TW : ဒီရောဂါက မွေးကတည်းက ပါလာတာပဲ။ မွေးကတည်းက ပါလာတာကို မိဘတွေက သတိမထားမိဘူး။ ကလေးတွေရဲ့ သူငယ်အိမ်နောက်ကို ကြည့်လိုက်ရင် ဖြူဖြူဖွေးဖွေး တစ်ခုဖြစ်နေတယ်။ ကလေးသူငယ်အိမ် ဖြူဖြူဖွေးဖွေးဖြစ်ရတဲ့ အကြောင်းအရင်းကလည်း အများကြီးရှိတယ်။ အဓိကအဖြစ်အများဆုံးကလည်း ဒီမျက်စိအမြင်အာရုံလွှာမှာဖြစ်တဲ့ ကင်ဆာရောဂါပဲ။

Voice : မျက်စိအမြင်အာရုံလွှာမှာဖြစ်တဲ့ ကင်ဆာရောဂါဆိုတာကို သိရှိနိုင်မယ့် လက္ခဏာတွေကို ပြောပြပေးပါဦး။
Dr.TW : ကလေးက တခြားကလေးတွေကြည့်သလို မကြည့်ဘူး။ ပြောရရင် အသံတစ်ခုခုပေးလိုက်လို့ အသံလာရာကို သူမကြည့်ဘူး။ ဒါဆိုရင် သံသယဖြစ်စရာပဲ။ တချို့ကျတော့လည်း မိဘက Awareness ပိုရှိတဲ့အတွက် သူငယ်အိမ်မှာ ဖြူဖြူဖွေးဖွေးကို မတွေ့ခင်ကတည်းက ဆရာဝန်ပြပြီး ကလေးက မျက်စိမြင်ရဲ့လား၊ တခြားကလေးတွေက အသံပေးရင်ကြည့်တယ်။ ဒါပေမဲ့ ကိုယ့်ကလေးက မကြည့်ဘူးဆိုရင် လာစစ်ဆေးတဲ့အခါမှာ တွေ့ရတယ်။ ကလေးအသက် သုံးလနဲ့ ခြောက်လအရွယ်မှာ သူငယ်အိမ်နောက်က ဖြူဖြူဖွေးဖွေးအရာတစ်ခုကို သတိထားမိပြီး ပြကြတာရှိတယ်။ အဲဒီကနေပဲ စမ်းသပ်မှုတွေကို စတာပေါ့။ မျက်စိတစ်ခုတည်း ကောင်းရုံနဲ့မရဘူး။ မျက်စိမှာဖြစ်တဲ့ ဝေဒနာကနေ ဦးနှောက်ဝေဒနာအထိဖြစ်ပြီး အဲဒီကနေ အသက်အန္တရာယ်အထိပါ ဖြစ်လာနိုင်တယ်။ 

Voice : မျက်စိအမြင်အာရုံလွှာမှာဖြစ်တဲ့ ကင်ဆာရောဂါဆိုတာ မျက်လုံးတစ်စုံလုံးမှာ ဖြစ်နိုင်ပါသလား။
Dr.TW : ဒီရောဂါက တစ်ဖက်တည်းလည်း ဖြစ်တတ်သလို နှစ်ဖက်လုံးလည်း ဖြစ်တတ်တယ်။ စဖြစ်ဖြစ်ချင်းမှာ နည်းနည်းတော့ မြင်ရတာပေါ့။ ကြာလာရင် လုံးဝမမြင်ရတော့ဘူး။ နည်းနည်းမြင်ရလည်း မျက်လုံးကို ထုတ်ပစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ဦးနှောက်ထဲကို ပျံ့သွားမှာမို့လို့။ တစ်ဖက်တည်းဖြစ်တဲ့ ကလေးတွေကတော့ ကံကောင်းတယ်။ ငယ်ငယ်တုန်းက မျက်စိထုတ်လိုက်ပြီး ကုသမှုတွေကို စနစ်တကျခံယူလိုက်တဲ့အခါမှာ အခုချိန်အထိ ခေတ်ပညာတတ်ဘွဲ့ရတွေ ဖြစ်သွားတာရှိတယ်။ သူတို့ကိုကြည့်လိုက်ရင် ရောဂါဖြစ်ခဲ့မှန်းတောင် မသိရဘူး။ တကယ်ပဲ စနစ်တကျခံယူရင် ပျောက်ကင်းနိုင်ပါတယ်။ နှစ်ဖက်လုံးဖြစ်ရင် တစ်ဖက်ကို ထုတ်လိုက်ရတယ်။ တစ်ဖက်ကိုတော့ အတတ်နိုင်ဆုံး ရအောင်ကုသပေးတယ်။ တချို့က ပျောက်သွားနိုင်သလို တချို့ကျတော့လည်း နှစ်ဖက်လုံးထုတ်ရတဲ့ ကလေးရှိတယ်။ ဒါပေမဲ့ သဘာဝတရားက တစ်စုံစီရှိတဲ့ (မျက်စိ၊ ကျောက်ကပ်) ကိုယ်အင်္ဂါတွေဆို တစ်ဖက်ပဲ ထုတ်ရတာ။ တစ်ဖက်ပဲကုရတာပဲ များတယ်။ ဒီရောဂါမှာလည်း နှစ်ဖက်စလုံးဖြစ်တာက သိပ်ရှားပါတယ်။ 

Voice : မျက်စိကို ထုတ်လိုက်ရတယ်ဆိုတော့ အဲဒီနေရာမှာ ဘယ်လိုမျိုး အစားထိုးမှုတွေ လုပ်ဆောင်ပေးတာပါလဲ။
Dr.TW : ထုတ်လိုက်တဲ့ မျက်စိနေရာမှာ Eye Ball တစ်ခု ပြန်အစားထိုးပေးတာပဲ။ ဒါက ရုပ်ရည်တင့်တယ်မှုဖြစ်တော့ ကလေးတွေအတွက် လိုအပ်တယ်။ ကလေးတွေမှတင် မဟုတ်ဘူး။ လူတိုင်းလိုတာပါပဲ။ ကလေးတွေမှာ လိုအပ်တာက ကလေးတွေက ကျောင်းနေရမယ်။ မျက်လုံးတစ်ဖက်က ပုံမှန်အနေအထားမဟုတ်တာကို တခြားကလေးတွေ သတိထားမိမယ်ဆိုရင် လှောင်ပြောင်စနောက်တာတွေ ဖြစ်လာမယ်။ ကလေးရဲ့စိတ်က အားငယ်သွားမယ်။ ကျောင်းမတက်ချင်တော့ဘူး စတာတွေဖြစ်လာမယ်။ ဒါကြောင့် တစ်ဖက်မျက်လုံးနဲ့ အတတ်နိုင်ဆုံးညီအောင် လုပ်ပေးပါတယ်။ ကလေးတွေက အိမ်ပတ်ဝန်းကျင်ကနေ ကျောင်းပတ်ဝန်းကျင်မှာ လူတောတိုးနိုင်ဖို့အတွက် လိုအပ်ပါတယ်။ အားငယ်တဲ့ခံစားချက် မဖြစ်အောင်ပေါ့။

Voice : ကလေးမိဘတွေအနေနဲ့ ဘယ်လိုမျိုး ဂရုပြုသင့်ပါသလဲ။ ဒါ့အပြင် ဘယ်လိုကုသမှုတွေကို ခံယူသင့်ပါသလဲ။
Dr.TW : ကလေးမိဘတွေက ကလေးမှာ ကင်ဆာအကျိတ်ဖြစ်တာ မသိရဘူး။ ဖြစ်တာသိတဲ့အချိန်မှာ ကလေးက မျက်စိပြူးထွက်၊ စူထွက်နေတဲ့ အချိန်ဖြစ်တော့ အရမ်းနောက်ကျနေပြီ။ ကလေးဟာ အသံပေးလိုက်လို့ ကြည့်လား၊ မကြည့်လားပေါ့။ မကြည့်ရင် သူ့ရဲ့အမြင်စူးစိုက်မှုက ပြဿနာဖြစ်နေပြီ။ ဒီလိုဖြစ်တာကို ရအောင်ဖမ်းနိုင်ပြီဆိုရင် ကလေးအမြင်ရအောင် လုပ်ပေးဖို့ အခွင့်ပိုများတယ်။ ကလေးက မိဘမြှူတဲ့ဘက်ကို မကြည့်နိုင်ဘူးဆိုရင် ပြဿနာတစ်ခုရှိနေပြီဖြစ်တဲ့အတွက် မျက်စိဆရာဝန်နဲ့ ပြသင့်တယ်။ ဒီရောဂါဖြစ်တာကို တခြားအချက်တွေနဲ့ စမ်းသပ်လို့ရပေမယ့် မိဘတွေအနေနဲ့ ကလေး ရောဂါရှိ မရှိ သိနိုင်ဖို့ အသံကြားတဲ့ဘက်ကို အမြင်စူးစိုက်မှု မရနိုင်တာရယ်၊ ကလေးအသက် သုံးလနဲ့ ခြောက်လလောက်မှာ သူငယ်အိမ် ပုံမှန်အရောင် မဟုတ်ဘူးဆိုတာရယ်၊ မျက်စိစူထွက်လာတာရယ် မျက်စိစွေစောင်းသွားတာမျိုးပေါ့။ ဒီအချက်လေးချက်နဲ့ဆို မိဘတွေက ကြည့်တတ်တယ်။ ဒီလိုအချက်တွေဖြစ်ရင် နီးစပ်ရာဆရာဝန်ဆီမှာ ပြသင့်တယ်။ 

Voice : မျက်စိအမြင်အာရုံလွှာမှာဖြစ်တဲ့ ကင်ဆာရောဂါဆိုတာကို ကုသမယ်ဆိုရင် ပျောက်ကင်းနိုင်ပါသလား။
Dr.TW : ကုသလို့ပျောက်တယ်လို့ ပြောလို့ရပေမယ့် ကုသမှုက မျက်လုံးထုတ်လိုက်တာကလွဲလို့ ဘာမှမရှိသေးဘူး။ ရောဂါဖြစ်တာသိလို့ စောစောလာပြီး စောစောကုသရင် Chemo Therapy အပိုင်းမှာ လိုက်ရနည်းသွားမယ်။ Chemo Therapy ရဲ့ ဘေးထွက်ဆိုးကျိုးကလည်း ရှိတယ်။ အချိန်မီကုသရင် ဦးနှောက်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိနိုင်ပါဘူး။

Voice : ဆရာ့အနေနဲ့ မိဘတွေကို ဒီရောဂါနဲ့ပတ်သက်ပြီး သတင်းစကားပါးပေးပါဦး။
Dr.TW : ပြောချင်တာက ဒီရောဂါက ကြိုတင်ကာကွယ်လို့ရတဲ့အထဲမှာ မပါဘူး။ စောစောသိနိုင်ဖို့အတွက်ပဲ ကြိုးစားရမယ်။ ကလေးအသက် သုံးလလောက်မှာ အမြင်စူးစိုက်မှုမရှိဘူးဆိုရင် စပြီးသတိထားပါ။ တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ပြသပြီး လိုအပ်တဲ့ ကုသမှုကိုခံယူပါ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA
  • TAGS