News

POST TYPE

HEALTH

ကလေးဆရာဝန် ဒေါက်တာသူရဇော်နှင့် တွေ့ဆုံခြင်း
14-Dec-2017

ရာသီအပြောင်းအလဲကာလ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများ 

ယခုကဲ့သို့ ရာသီအပြောင်းအလဲကာလများတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ရောဂါများ အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး အသက်ငယ်လွန်းသော ကလေးများနှင့် အသက်အရွယ် အိုမင်းသော လူကြီးများတွင် ပို၍ အဖြစ်များသည်ကို တွေ့ရှိရသည်။ ထို ဗိုင်းရပ်စ်များကြောင့် ဖြစ်သောရောဂါများကို သတိပြုနိုင်စေရေးအတွက် ကလေးဆရာဝန် ဒေါက်တာသူရဇော်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုလို ရာသီအပြောင်းအလဲမှာ ဖြစ်ပွားမှုများနိုင်တဲ့ ရောဂါတွေကို ပြောပြပေးပါဦး။
Dr.TYZ : ဒီလိုအချိန် ကလေးတွေမှာ အဖြစ်များတာက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ တစ်နည်းပြောရရင် Acute Viral Infection ရောဂါတွေပဲ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်ဆိုတာ အမျိုးကွဲပေါင်း မြောက်မြားစွာရှိတဲ့အနက် အတွေ့ရ များတာတွေကတော့ ရာသီ တုပ်ကွေးရာဂါ၊ အဆုတ်လေပြွန်ရောင် ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ငယ်လွန်းသူ ကလေးတွေနဲ့ အသက်ကြီးလွန်းတဲ့ လူကြီးတွေမှာ အတွေ့ရများပါတယ်။ နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူတွေ၊ ခုခံအားကျဆင်းနေသူတွေ၊ ကင်ဆာဆေး၊ စတီးရွိုက် အရောင်ကျဆေးတွေကို ကာလအတန်ကြာ သုံးစွဲနေသူတွေမှာ ပိုအဖြစ်များသလို ပိုမို ပြင်းထန်လေ့ရှိတာ တွေ့ရပါတယ်။ ဒီ့အပြင် ပါးကျိတ်ရောင်ရောဂါ၊ လက်ခြေ ပါးစပ်နာ ရောဂါ၊ ပဲသီတာ အစရှိတဲ့ ဗိုင်းရပ်စ် အမျိုးမျိုးကြောင့်ဖြစ်တဲ့ ရောဂါအချို့ကလည်း ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတာ တွေ့ရပါတယ်။

Voice : ရောဂါလက္ခဏာတွေကို ပြောပြပေးပါဦး။
Dr.TYZ : ရောဂါလက္ခဏာတွေကို ပြောပါဆိုရင် ရာသီတုပ်ကွေး ရောဂါမှာဆိုရင် ကလေးတွေက ဖျားမယ်၊ နှာရည်ယိုမယ်၊ ချောင်းဆိုးမယ်။ အသက်ရှူ မြန်တာတွေကို တွေ့ရပါတယ်။ တချို့လည်း ပြင်းထန်တဲ့ နောက်ဆက်တွဲ အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါတွေ ဖြစ်ပွားတာကနေ အသက်အန္တရာယ်ပေးတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ နောက်တစ်ခုက အသက်ရှူ လမ်းကြောင်းမှာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ လေပြွန်ရောင် ရောဂါကတော့ အသက် ၂ နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်ပွားလေ့ရှိတာ များတယ်။ သူလည်း ဒီတိုင်းပဲ။ ဖျားတယ်၊ နှာရည်ယိုတယ်၊ နောက်ပြီး ခဏခဏ ရင်ကျပ်တာမျိုး ဖြစ်တာတွေ တွေ့ရပါတယ်။ လေပြွန်ရောင်တဲ့ ကလေးတွေက ရာသီတုပ်ကွေးဖြစ်တဲ့ ကလေးတွေနဲ့ အစပိုင်းမှာ ဆင်တူတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အသက်ရှူ မြန်တာတွေ၊ အသက်ရှူရ ခက်ခဲတာတွေ၊ အသက်ရှူတဲ့အချိန်မှာ အသံတွေမျိုးစုံ ကြားနေရနိုင်တယ်။ ရင်ကျပ်တဲ့အသံတွေပေါ့။ တချို့ကလေးတွေက ညအိပ်ရင် တရွှီရွှီနဲ့ဖြစ်သလို တချို့ကလေးတွေဆိုရင် နို့မစို့နိုင်ဘဲ ဆက်တိုက်အန်တယ်၊ နောက်ပြီး ခြေ၊ လက်တွေ ပြာလာနိုင်တယ်၊ နှုတ်ခမ်းလေးတွေ ပြာလာတာတွေ ဖြစ်တယ်ဆိုရင် ဒါသည် အရေးကြီးတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။  နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျှောပါ။ အဲ့ဒီမှာလည်း ကလေးတွေက အန်တယ်။ တစ်ခါတလေမှာ ဆက်တိုက် အန်တာတွေ ဖြစ်တတ်တယ်။ တချို့ကတော့လည်း အန်တာနည်းပြီးတော့ ဝမ်းအရည် သွားတာတွေ ဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါမှာ ကိုယ်နွေးပြီးတော့ ဖျားတာတွေ ရှိကောင်းရှိနိုင်ပါတယ်။ တစ်ခါ တစ်ရံမှာ တချို့ဗိုင်းရပ်စ်ပိုးတွေက နှာစေး ချောင်းဆိုးတာရော၊ ဖျားတာရော၊ အန်တာတွေပါ တွဲပြီး ဖြစ်လေ့ဖြစ်ထ ရှိနိုင်ပါတယ်။ တခြား ပါးကျိတ်ရောင်တာ၊ လက်၊ ခြေ၊ ပါးစပ်နာတာတွေက သီးသီးသန့်သန့် သူ့မှာ လက္ခဏာတွေ ရှိတဲ့အတွက်ကြောင့် ပိုကွဲပြားတော့ ခွဲခြားသိနိုင်ပါတယ်။

Voice : ဘယ်လို အခြေအနေတွေမှာ သတိထားပြီး ဂရုတစိုက် ဆောင်ရွက်သင့်ပါသလဲ။
Dr.TYZ : ကလေးက ဖျားရင်သော်လည်းကောင်း၊ အဖျားကျပြီး သော်လည်းကောင်း အဲ့ဒီအချိန်တွေမှာ မလန်းဘူး၊ တက်တယ်၊ ကယောင်ကတမ်း ပြောတယ်၊ သတိလစ်တယ်၊ အစာမဝင်၊ ရေမဝင် ဆက်တိုက်ဖြစ်ပြီး အန်မယ်၊ နို့စို့အရွယ်ကလေးတွေက နို့မစို့နိုင်ဘဲ မှိန်းနေမယ်၊ တစ်နေကုန် ဆီးမသွားတာ၊ ဆီးနည်းတာ ဖြစ်လာမယ်၊ အသက်ရှူမြန်မယ်၊ နှုတ်ခမ်းတွေ၊ ခြေလက်တွေ ပြာလာမယ်၊ ဝမ်းအရည်တွေ ဆက်တိုက်သွားလာပြီးတော့ အရည်ဓာတ် ခန်းခြောက်လာမယ် စတဲ့ လက္ခဏာတွေ ဆိုရင်တော့ ဆေးရုံတင်သင့်ပါတယ်။ ရောဂါလက္ခဏာတွေကို သိရှိပြီးတဲ့ခါမှာ အခုလတ်တလော ဖြစ်ပွားလေ့ရှိတဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ရောဂါတွေမှာ ပုံမှန်အားဖြင့် ကလေးက လန်းဆန်းနေမယ်၊ သက်သောင့်သက်သာ ရှိမယ်၊ ပြင်းထန်တဲ့ နောက်ဆက်တွဲ လက္ခဏာတွေ မရှိဘူးဆိုရင် ဘာမှ ဓာတ်ခွဲစမ်းသပ်စရာ မလိုလောက်ပါဘူး။ ကျွန်တော်တို့ အနေနဲ့လည်း ဗိုင်းရပ်စ်ပိုးကို ပိုးမွေးမြူပြီး ရှာဖွေဖို့က ခက်ခဲပါတယ်။ ကျွန်တော်တို့ လုပ်လေ့လုပ်ထရှိတာက ပျော့တဲ့ ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ဖြစ်တာလား၊ ပြင်းထန်တဲ့ ဗက်တီးရီးယားပိုးကြောင့် ဖြစ်တာလားဆိုတာကို ယေဘုယျအားဖြင့် ခွဲခြားနိုင်လေ့ရှိတဲ့ သွေးစစ်တာမျိုး ရံဖန်ရံခါ လုပ်ပါတယ်။ ပုံမှန်အားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတဲ့ ရောဂါမှာ ပိုးသတ်ဆေးရယ်လို့ ပေးစရာမလိုဘဲ အလိုလို ပျောက်ကင်းနိုင်ပေမယ့် ပြင်းထန်တဲ့ ဗက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အလားတူ လက္ခဏာနဲ့ ရောဂါတွေကလည်း ရှိနိုင်တဲ့အတွက် အဲဒီရောဂါတွေမှာတော့ တိကျတဲ့ ပိုးသတ်ဆေးပေးရမှာမို့လို့ ရံဖန်ရံခါ ဓာတ်ခွဲ စမ်းသပ်ရတာတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ အများစုက သွေးစစ်၊ ဆီးစစ်စရာ မလိုဘဲနဲ့ နှစ်ရက်၊ သုံးရက်အတွင်းမှာပဲ ရောဂါသက်သာသွားတာကို တွေ့ရပါတယ်။ 

Voice : ဒီလို ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လိုပြုစု ကုသသင့်ပါသလဲ။
Dr.TYZ : ဒီကလေးတွေကို ဘယ်လိုပြုစု ကုသရမလဲဆိုတော့ ဖြစ်ပေါ်နေတဲ့ လက္ခဏာတွေအပေါ် မူတည်ပြီး ပြုစုကုသပေးရပါတယ်။ အများစုကတော့ အဖျားတက်တဲ့အတွက်ကြောင့် ပါရာစီတမော တိုက်ကျွေးခြင်း၊ ရေပတ်တိုက်ပေးခြင်းတွေကို လုပ်ပေးရပါတယ်။ ပါရာစီတမောကို ခြောက်နာရီခြား တစ်ခါ ကလေးခန္ဓာကိုယ် အလေးချိန်အလိုက် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း တိုက်ကျွေးရပါတယ်။ ဒီကြားထဲမှာ အဖျားတက်လာမယ်ဆိုရင် တစ်ကိုယ်လုံး ရေပတ်တိုက်ပေးတာကို လုပ်နိုင်ပါတယ်။ ရေပတ်တိုက်တဲ့ အချိန်မှာလည်း ရေခဲရေ၊ ရေခဲတုံးတွေ နဖူးပေါ်တင်တာမျိုး မဟုတ်ဘဲ ရေကျက်သီးနွေးနဲ့ တစ်ကိုယ်လုံး နှံ့စပ်အောင် တိုက်ပေးရပါတယ်။ ပြီးရင် အခြောက်ပြန်သုတ်ပြီးတော့ ကလေးကို နွေးနွေးထွေးထွေး ထားပေးရပါတယ်။ အဖျားတက်မှာ ကြောက်ပြီး အနွေးထည်ထူထူတွေနဲ့ ထုပ်ထားတာတွေ၊ စောင်ထူထူ ခြုံပေးတာတွေ မလုပ်ရပါဘူး။ လေဝင်လေထွက် ကောင်းတဲ့ ပတ်ဝန်းကျင်မှာ ရာသီဥတုနဲ့ မျှတအောင် ဝတ်စားဆင်ယင် ပေးရပါမယ်။ နောက်ပြီး ကလေးက ဆက်တိုက် အန်နေမယ်ဆိုရင် ဓာတ်ဆားရည် ဒါမှမဟုတ် စွပ်ပြုတ်ရည်တွေကို ငါးမိနစ်ခြား တစ်ဇွန်းလောက် တိုက်ကျွေးသင့်ပါတယ်။ ဒီလိုမျိုးလုပ်ပေးမယ်ဆိုရင် ခြောက်နာရီနဲ့ ရှစ်နာရီအတွင်း အန်တာ သက်သာသွားပါလိမ့်မယ်။ ဒီလိုပဲ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေမယ်ဆိုရင်လည်း ဓာတ်ဆားရည်ကို သင့်တင့်လျောက်ပတ်စွာ တိုက်ကျွေးသင့်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဈေးကွက်အတွင်းမှာ ဝယ်လို့ရတဲ့ ဓာတ်ဆားထုပ်တွေက အမျိုးအစား အမျိုးမျိုးရှိသလို ရေပမာဏ အမျိုးမျိုးနဲ့ ဖျော်ရတာလည်းရှိပါတယ်။ ဒါကြောင့် ဝယ်ကတည်းက သို့မဟုတ် ဆရာဝန်ပေးကတည်းက ရေဘယ်လောက်နဲ့ ဖျော်ရမလဲဆိုတာ အတိအကျမေးမြန်းပြီး ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ ရေတစ်လီတာနဲ့ ဖျော်ရမယ့် ဓာတ်ဆားထုပ်ကို ခဏခဏခွဲပြီးတော့ ရေတစ်ဖန်ခွက်စီ ဖျော်ဖို့ မသင့်တော်ပါဘူး။ ဒီလိုဖျော်တာက ကလေးအတွက် အကျိုးမရှိဘဲ ဘေးအန္တရာယ်တောင် ဖြစ်နိုင်တာတွေ ရှိပါတယ်။ နောက်တစ်ခုက တစ်ကိုယ်ရေ သန့်ရှင်းမှုပါ။ ဒီရောဂါက တိကျတဲ့ ပိုးသတ်ဆေးပေးပြီး ကုသဖို့မလိုသလို ကုသလို့လည်း မရပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းက အရမ်း အရေးကြီးပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ထိရောက်စွာ ကုသပါ။ ဗိုင်းရပ်စ်ပိုးက ပိုးသတ်ဆေးပေးစရာ မလိုဘူးဆိုပေမယ့် ရံဖန်ရံခါ ဗိုင်းရပ်စ်နဲ့ နှီးနွှယ်နေတဲ့ အခြားဗက်တီးရီးယားပိုးတွေ ဆင့်ပွားဖြစ်ပွားဖို့ အခြေအနေလည်း ရှိတတ်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာ ဆရာဝန်တွေက ဆုံးဖြတ်ပြီး ကုသမှုပေးပါလိမ့်မယ်။ 

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.TYZ : အများစုကတော့ ကိုယ်ခံအားကောင်း အောင်ပြုစုတာ၊ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေကို ပျောက်ကင်းအောင် ပြုစုကုသတာတွေနဲ့ သက်သာသွားတာ များပါတယ်။ ရောဂါမဖြစ်ပွားခင်မှာ ကာကွယ်ဆေးတွေ ထိုးနှံလို့ရတာ ရှိပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး အရေးကြီးပါတယ်။ အာဟာရ မျှတအောင် စားသောက်နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့ပြင် ရာသီဥတုနဲ့ လိုက်ဖက်အောင် ဝတ်စားဆင်ယင်ဖို့ အရေးကြီးတယ်။ ဖုန်ထူတဲ့နေရာတွေကို သွားမယ်ဆိုရင် မိမိကိုယ်ကိုယ် ကာကွယ်တတ်ဖို့ အရေးကြီးပါတယ်။ နောက်တစ်ခုကတော့ အိပ်ရေးဝအောင်အိပ်ဖို့ အရေးကြီးပါတယ်။ ရောဂါလက္ခဏာ ဖြစ်ပွားလာပြီဆိုရင်လည်း မိမိတို့ ကလေးတွေကို သက်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပြသဖို့ အရေးကြီးပါတယ်။ အကယ်၍ ဝေးလံတဲ့နေရာက သူတွေဆိုရင်လည်း ကလေးက အရေးကြီးတဲ့ လက္ခဏာတွေ ပေါ်လာသလားဆိုတာကို စောင့်ကြည့်ဖို့ အရေးကြီးပါတယ်။ အများစုက နှစ်ရက်၊ သုံးရက်အတွင်း ပျောက်ကင်းသွားတာ တွေ့ရတဲ့အတွက် စိုးရိမ်စရာ သိပ်မရှိပါဘူး။ 

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
                                                                       
သီတာဆွေ

  • VIA