News

POST TYPE

HEALTH

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများ တိုးမြှင့်တည်ဆောက်မည်
13-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစတင်ကာ ဝန်ထမ်းအိမ်ရာများကို တိုးမြှင့် တည်ဆောက်မည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးဆက်သွေးက ပြောကြားသည်။

လောလောဆယ် ဝန်ထမ်း အားလုံးရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ပဲ ရသေးတယ်လို့ ခန့်မှန်းတယ်။ ငါးနှစ်စီမံကိန်းအရ ၂၀၂၁ ခုနှစ်မှာတော့ ပြည့်သွားမှာပေါ့။ နှစ်အလိုက် ဦးစားပေးမြို့နယ်တွေခွဲပြီး သတ်မှတ်ထားတာရှိတယ်”ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေနှင့် မဖြစ်မနေ ဆောက်လုပ်ရမည့်ဆေးရုံ၊ ဆေးခန်းနှင့် လက်ရှိ ဆောက်လုပ်ဆဲ ဆေးရုံ၊ ဆေးခန်းများမှလွဲ၍ ဆေးရုံအသစ် ဆောက်လုပ်ခြင်းကို တစ်နှစ်တာမျှ ရပ်နားထားမည်ဖြစ်ပြီး ပိုလျှံသော ရန်ပုံငွေကို ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၇-၂၀၂၁ စီမံကိန်းအရ ၂၀၂၁ ခုနှစ်တွင် အမှုထမ်း၊ အရာထမ်း အားလုံးနီးပါး အိမ်ရာ ရရှိနိုင်ရေးအတွက် ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပချေးငွေ (Private Loan) ဖြင့်လည်း ဝန်ထမ်းအိမ်ရာဆောက်ရန် ကမ်းလှမ်းထားသည့် အဖွဲ့အစည်းများရှိကြောင်း ဒေါက်တာမျိုးဆက်သွေးက ဖြည့်စွက် ပြောကြားသည်။

“အခုက အစိုးရဘတ်ဂျက်နဲ့ပေါ့။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်နှစ်အတွင်း ဆောက်ဖို့ ဘတ်ဂျက်အားဖြင့်ကလည်း မဖြစ်နိုင်သလို တည်ဆောက်နိုင်စွမ်းကလည်း တစ်ပြိုင်နက်တည်း မလွယ်ဘူး။ Private Loan နဲ့အတွက်က တာဝန်ရှိသူတွေ ညှိနှိုင်းနေတယ်။ ဒါနဲ့ဆိုရင်တော့ သုံးနှစ်လောက်အတွင်း အကုန် ပြီးသွားမယ်”ဟု ၎င်းကဆိုသည်။

ဝန်ထမ်းများ လုပ်ငန်းခွင်၌ အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ အိမ်ငှားနေရခြင်းဖြင့် ငွေကြေးကုန်ကျမှု များပြား၍ လစာ စုဆောင်းရရှိမှု နည်း ပါးခြင်း၊ ဝန်ထမ်းအိမ်ရာများတွင် တစု တစည်းတည်း နေထိုင်ခြင်းအားဖြင့် လုံခြုံရေးကောင်းမွန်ကာ ရင်းနှီးသည့် မိတ်ဆွေအသိုင်းအဝိုင်း ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း စသောအချက်များကြောင့် ဝန်ထမ်းအိမ်ရာများကို တိုးမြှင့်ဆောက်လုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

J-12


  • VIA