News

POST TYPE

HEALTH

ART ဆေးနှင့် ဆေးပစ္စည်းများအတွက် ကန်ဒေါ်လာ ၁၄ သန်းရရှိ
13-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၁၂

အေအာရ်တီ (ART) ဆေး ကုသလုပ်ငန်းအတွက် ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရက အမေရိကန် ဒေါ်လာ ၁၄ သန်းကို ရန်ပုံငွေခွဲဝေ ချထားပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယင်းရောဂါတိုက်ဖျက်ရေး အသုံးစရိတ်၏ ၃ ရာခိုင်နှုန်းအောက်သာ ရှိခဲ့ရာမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ နှစ်စဉ် တိုးတက်လာခဲ့ရာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ်ရောဂါဆိုင်ရာ အသုံးစရိတ် ဆန်းစစ်လေ့လာချက် (National AIDS Spending Assessment-NASA) အရ သိရသည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အစိုးရ၊ Global Fund အပါအဝင် 3MDG၊ WHO နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများကလည်း လာမည့် ၂၀၂၀ ပြည့်နှစ်အထိ ထောက်ပံ့မှုများပေးသွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၀ အကျော် ကာလများတွင်လည်း ရန်ပုံငွေထောက်ပံ့မှုများ ဆက်လက်ရရှိသွားရန် ကြိုးစားလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်၏ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောကြားသည်။

“ART ဆေးသောက်ပြီး သာမန်လူတစ်ယောက်လို သက်တမ်းစေ့ နေနိုင်တယ်။ ဒီတော့ ရောဂါရှိနေပေမယ့်လည်း သာမန်လူတစ်ဦးလို နေထိုင်နိုင်သလို သေဆုံးမှုတွေကလည်း သိသိသာသာ ကျလာတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ရန်ပုံငွေက အစိုးရကလည်းများတယ်။ Global Fund ကလည်း ၅၀ ရာခိုင်နှုန်းကျော် ထောက်ပံ့ပေးပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် အိတ်ချ်အိုင်ဗီ၊ အေအိုင်ဒီအက်စ် လူနာများအတွက် ပြုစုကုသပေးမှုကို ၂၀ဝ၅ ခုနှစ်မ စတင်ကာ ခုခံကျကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ART ဆေးဖြင့် ကုသခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ရေးနှင့် ပြုစုကုသပေးရေး လုပ်ငန်းကို ၂၀၁၁ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ရန်ပုံငွေ တိုးမြှင့်ပေးခြင်းများကြောင့် ၂၀၁၁ ခုနှစ်တွင် အိတ်ချ်အိုင်ဗီပိုးရှိသူ ၂၃၀,ဝဝဝ ကျော်ရှိသည့်အနက် လူနာ လေးသောင်းခန့်ကိုသာ ART ဖြင့် ကုသမှုပေးနိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်၊ ဇွန်လကုန်အထိ စာရင်းများအရ လူနာပေါင်း တစ်သိန်းသုံးသောင်းငါးထောင်ကျော်အထိ ကုသမှုပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံရသူ အသစ်ပေါင်း ၁၁,ဝဝဝ ခန့်ရှိပြီး ယင်းတို့အနက် ဦးတည်အုပ်စုများဖြစ်သော မူးယစ်ဆေး အကြောထဲထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသား လိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းအထိ ရှိနေပြီး နေ့စဉ် လူဦးရေ ၃၀ ခန့်သည် အိတ်ချ်အိုင်ဗီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

J-12


  • VIA