News

POST TYPE

HEALTH

အမေရိကန် နိုင်ငံရောက် ချင်းတိုင်းရင်းသားများက ဒေါ်လာလေးသိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ဖလမ်းဆေးရုံသို့ လှူမည်
09-Dec-2017
ရန်ကုန်၊ ဒီဇင်ဘာ ၉

အမေရိကန်နိုင်ငံရောက် ချင်းတိုင်းရင်းသားများဖြင့်ဖွဲ့စည်းထားသည့် C.U.R.E Association က အမေရိကန်ဒေါ်လာ လေးသိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများကို ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းဆေးရုံသို့ လှူဒါန်းမည်ဖြစ်ကြောင်း NGO အဖွဲ့တစ်ခုဖြစ်သည့် Rotary Club of Central Yangon မှ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောကြားသည်။ 

Rotary Club of Central Yangon နှင့် အမေရိကန်နိုင်ငံရှိ ချင်း နှစ်ခြင်းခရစ်ယာန် အသင်းတော်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဖလမ်းဆေးရုံသို့ လှူဒါန်းမည့်ပစ္စည်းများ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိခဲ့သဖြင့် Rotary Club of Central Yangon လွှဲပြောင်း ရယူခဲ့ပြီးနောက် ဖလမ်းမြို့သို့ ယင်းနေ့တွင်ပင် ထွက်ခွာသွားပြီဟု ၎င်းကပြောဆိုသည်။ 

“ဒီညနေပဲ ခရီးဆက်သွားပြီး ၁၅ ရက်နေ့ လွှဲပြောင်းပေးမှာပါ။ ကွန်တိန်နာ ရန်ကုန်ကို ရောက်လာတဲ့အခါ လိုင်စင်လျှောက်ဖို့လိုအပ်တဲ့ စာရွက်စာတမ်းကို ချင်းပြည်နယ် အစိုးရ၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ရတာပါ။ ကျွန်တော်တို့က ဖလမ်းရောက်တဲ့အထိ ပို့ဆောင်ပေးရမှာပါ”ဟု ဦးဖြိုးဝေရာဇာက ရှင်းပြသည်။ 

ဆေးရုံသုံး မော်တာတပ်ခုတင်၊ ချွဲ စုပ်စက်၊ ခန္ဓာကိုယ်တွင်း မှန်ပြောင်းကြည့်စက်၊ ဆေးရုံသုံးပစ္စည်း အပူပေးတဲ့စက်တွေ၊ မေ့ဆေးစက်၊ ဓာတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများ အပါအဝင် ပစ္စည်းအမျိုး အမည် ၇၀ဝ ကျော် ပါဝင်ကြောင်း လှူဒါန်းမည့် ပစ္စည်းစာရင်းများအရ သိရသည်။

J-12


  • VIA