News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်း
06-Dec-2017 tagged as

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံခြင်း

နိုင်ငံတစ်ဝန်း အသက် ၉ လမှ ၁၅ နှစ်အရွယ် ကလေးများအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း ထိုးနှံပေးလျက် ရှိပါသည်။ ထိုကဲ့သို့ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ် ဆောင်ရွက်နေစဉ် ကာလအတွင်း သေဆုံးသူ ၅ ဦးရှိခဲ့သည်။ ထိုသေဆုံးမှုနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသည့် ကလေးများသည် ကာကွယ်ဆေးထိုးပြီးသည့်အချိန်နှင့် တိုက်ဆိုင်ကာ အခြားရောဂါများကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သေဆုံးမှုများကြောင့် ကာကွယ်ဆေး ထိုးနှံပေးမည့် ကလေးမိဘများအနေနှင့် ဘက်ပေါင်းစုံမှ စိုးရိမ်ပူပန်မှု များစွာ ရှိခဲ့သည့်အတွက် လာမည့်ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ပိုမိုစိတ်ချရပြီး ဘေးကင်းသော ကာကွယ်ဆေးထိုး လုပ်ငန်းဖြစ်စေရန်အတွက် တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းအနေနှင့် အခြားသော လုပ်ငန်းများ ထပ်မံ အားဖြည့် ဆောင်ရွက်ထားကြောင်း၊ လာမည့် ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကလေးမိဘများအနေနှင့် စိုးရိမ်မှု လျော့နည်းစေရေးအတွက် ယင်းကာကွယ်ဆေးထိုး လုပ်ငန်းနှင့်ဆက်စပ်သည့် တာဝန်ရှိသူများ၏ ဖြေကြားချက်များကို စုစည်းတင်ပြလိုက်ပါသည်။

“ဒီရောဂါက မြန်မာပြည်မှာ အဖြစ်အများဆုံး မဟုတ်ပေမယ့် ဖြစ်တဲ့အခါမှာ ကုသရခက်တယ်”
ကလေးအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်း (အမျိုးသား ကာကွယ်ဆေး အကြံပေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ အကြံပေးအဖွဲ့ဝင်)

ဂျပန်ဦးနှောက်ရောင်ရောဂါက မြန်မာပြည်မှာ ဖြစ်ပွားနိုင်တဲ့ရောဂါဖြစ်တယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီက စပြီးတော့ အသက် ၉ လ ကလေးတိုင်းကို ပုံမှန် ကာကွယ်ဆေးထိုးမှာ ထိုးပေးမယ်။ အခုလုပ်တာက လွတ်သွားတဲ့ကလေးတွေကို ပြန်ထိုးပေးတာပေါ့။ ဒီအစီအစဉ်က ပြန်လာမှာ မဟုတ်ဘူး။ အခုတစ်ကြိမ်ပဲ အခွင့်အရေး ရမှာပေါ့။ နောက်တစ်ခုက ပြင်ပမှာ ထိုးတာတွေ ရှိပါတယ်။ အခုလောလောဆယ် ပြင်ပမှာလည်း ဆေးပြတ်နေတယ်။ ပိုက်ဆံတတ်နိုင်လို့ ထိုးတာတောင်မှ မထိုးပေးနိုင်ဘူး။ ကုမ္ပဏီတွေလည်း အပြောင်းအလဲ ရှိတယ်လို့ ကြားတယ်။ အဲ့ဒီတော့ အခုထိုးထားတာ ပိုကောင်းပါတယ်။ 

ဆရာ့ဆီ လာမေးကြတယ်။ မထိုးချင်လို့မဟုတ်ဘဲ စိုးရိမ်လို့ လာမေးကြတယ်။ G6PD ချို့တဲ့ရင်လည်း ထိုးလို့ရပါတယ်။ ပန်းနာရင်ကျပ်ရှိလည်း ထိုးလို့ ရပါတယ်။ ပန်းနာရင်ကျပ် ရှူဆေးတွေ သုံးနေရလည်း ထိုးလို့ရပါတယ်။ တစ်ခုပဲ ကိုယ်ခံအားကျစေနိုင်တဲ့ ဆေးတွေ သောက်ထားရင်တော့ လေးပတ်ခြားပြီး ထိုးခိုင်းပါတယ်။ G6PD ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးနီဥထဲမှာ ဓာတ်တစ်မျိုး ရှိတယ်။ အဲ့ဒီဓာတ်က တချို့ ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့ရင် သွေးနီဥတွေ ပေါက်ကွဲပျက်စီးပြီးတော့ ရုတ်တရက် သွေးအားနည်းတာ ဖြစ်တတ်တယ်။ အဲ့ဒီလို ချို့တဲ့တာက လူ ၁၀ဝ မှာ ၄၊ ၅ ယောက် ရှိနေတယ်။ အထူးသဖြင့် ယောက်ျားလေးတွေဖြစ်တယ်။ သူ့ဘာသာသူနေရင် ဘာမှမဖြစ်ဘူး။ သွေးအားလည်း မနည်းဘူး။ ဆာဖာပါတဲ့ဆေးတွေ၊ ငှက်ဖျားဆေးတွေ၊ အကိုက်အခဲ ပျောက်ဆေးတချို့နဲ့ အစားအသောက်ထဲမှာဆိုရင် တောင်ကြီးပဲလှော် (ပဲကြား)နဲ့ ထိတွေ့ရင်ဖြစ်တယ်။ ဒီကာကွယ်ဆေးမှာတော့ G6PD ရှိရင် မထိုးရဘူးဆိုတဲ့ အယူအဆ မရှိဘူး။ ဆေးထုတ်တဲ့ကုမ္ပဏီက ညွှန်ကြားချက် ပေးပြီးသားပေါ့။ ဆေးကုမ္ပဏီရဲ့ ညွှန်ကြားချက်မှာကို ၁၀ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်း ခေတ္တမူးတာ ရှိနိုင်တယ်။ ဆေးတိုင်းမှာ ဆေးနဲ့မတည့်တာ ဖြစ်နိုင်တယ်။ ဒီဆေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အသိအမှတ်ပြုပြီးသား ဖြစ်တယ်။ နောက်ပြီး တခြားနိုင်ငံတွေမှာ သုံးပြီးသား ဖြစ်တယ်။ ဆေးနဲ့ပတ်သက်ပြီး စိတ်ချရမှုကလည်း အာမခံပြီးသား ဖြစ်တယ်။ ဒီရောဂါက မြန်မာပြည်မှာ အဖြစ် အများဆုံး မဟုတ်ပေမယ့် ဖြစ်တဲ့အခါမှာ ကုသရခက်တယ်။ ဖြစ်နိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေ ရှိနေတယ်။ ဒါကြောင့် ဆေးထိုးထားတာက အကောင်းဆုံးပါပဲ။

“မိဘတွေ စိတ်ပူတာ ပိုကောင်းတယ်။ သူတို့ စိတ်ဝင်စားတယ်။ သူတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်တယ်”
ဆေးပညာ ပါမောက္ခ ဒေါက်တာ တင့်တင့်ကြည် (ခုတင် ၁၀ဝ၀ ဆံ့ ဆေးရုံကြီး၊ နေပြည်တော်) 

ကျွန်မက ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို စောင့်ကြပ်ကြည့်ရှုရတဲ့ ကော်မတီမှာ သမားတော်တစ်ယောက်အနေနဲ့ ပါပါတယ်။ ကာကွယ်ဆေးထိုးတာက ကောင်းတယ်။ ကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ဆွပေးတယ်။ ပဋိပစ္စည်းကို လှုံ့ဆွတာတွေ ထိုးပေးလိုက်တာပဲ။ အဲဒီအခါ ခန္ဓာကိုယ်မှာ ပဋိပစ္စည်း ထွက်လာပြီး ခုခံအား ရလာတယ်။ အများစုကတော့ ရတယ်။ တစ်ဦးနဲ့တစ်ဦးက မတူဘူး။ တချို့က မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်တယ်။ သေးသေးမွှားမွှားလေးတွေ ရှိသလို ကြီးကြီးမားမား အသက်အန္တရာယ် ဆုံးရှုံးရတဲ့အဖြစ်တွေကို သိကြရတယ်။ ဒီလိုသေဆုံးမှုတွေ ဖြစ်တဲ့အချိန်က စပြီးတော့ အကုန်လုံး အသေးစိတ် မှတ်တမ်းတင် လေ့လာသုံးသပ်ကြတယ်။ နောက်ဆုံး အသားစ အဖြေတွေ၊ ခန္ဓာကိုယ်က ထွက်တဲ့အရည်နဲ့ သွေးတွေ၊ ဦးနှောက် အရည်ကြည်တွေကို ခေတ်ပေါ် နည်းပညာနဲ့ ရှာဖွေခဲ့တယ်။ အဓိကကတော့ ကာကွယ်ဆေးရဲ့ အားနည်းချက်၊ ထိုးတဲ့စနစ် စသည်အားဖြင့် ဘယ်အားနည်းချက်ကြောင့်လဲပေါ့။ အခုက လေး ငါး ယောက်က ဆေးထိုးပြီး သေဆုံးတယ်လို့ သိရတယ်။ အသေးစိတ် လေ့လာကြည့်တဲ့အခါ ကာကွယ်ဆေးကြောင့် မဟုတ်ကြောင်း သုံးသပ်ချက် ထွက်ပါတယ်။ တိုက်ဆိုင်မှုလို့ သုံးသပ်ကြပါတယ်။ ကာကွယ်ဆေး မထိုးလည်း နေ့စဉ် ရောဂါတစ်မျိုးမျိုးကြောင့် သေဆုံးတဲ့ကလေးတွေ ရှိနေတယ်။ အဲ့ဒီလိုရောဂါ ဖြစ်နေသူကို လက္ခဏာ မပြတော့ ရောဂါရှိမှန်း မသိရဘူး၊ ဒါကို ထိုးလိုက်တယ်။ ပြီးတော့ လက္ခဏာ ပြတယ်။ တစ်ယောက်ကတော့ ဆေးရုံမှာမဟုတ်လို့ ဘာမှန်းမသိပေမယ့် အခြားသူတွေကတော့ အခြားရောဂါပိုးတွေနဲ့ ဆက်စပ်ပတ်သက်တာ ကို ရောဂါဗေဒစစ်တမ်းများအရ သိရှိရတယ်။ အခြား ရောဂါများကြောင့် သေတာလို့ပြောပါတယ်။ ကလေး တစ်ယောက်ဆိုရင် ဒီရောဂါနဂိုကတည်းက ဖြစ်နေတဲ့ သဘောရှိတယ်။ အားလုံး သုံးသပ်ပြီး ထွက်လာတွေ အဖြေတွေကို ကြည့်ပြီးတော့မှ ကာကွယ်ဆေးနဲ့ သက်ဆိုင်မှု ရှိ၊ မရှိ နိုင်ငံတော်အဆင့် ထင်မြင်ချက်ပေးရတာပါ။ 

မိဘတွေ စိတ်ပူတာ ပိုကောင်းတယ်။ သူတို့ စိတ်ဝင်စားတယ်။ သူတို့ကိုယ်တိုင် ပါဝင်ဆုံးဖြတ်တယ်။ သူက သူ့ကလေးအကြောင်း နေကောင်း၊ မကောင်း အသိဆုံးပဲလေ။ ဆေးထိုးတဲ့လူတွေထက်ကို ပိုသိတယ်။ အဲတော့ ပြောပြပေးပါ။ နေကောင်းရင် ပုံမှန် ထိုးပေးစေချင်ပါတယ်။ အခုဖြစ်နေတာက မိဘနဲ့ဝေးတဲ့၊ မိဘမရှိတဲ့ ဥပမာ - လေလွင့်ကလေးတွေ၊ လမ်းပေါ်မှာ ဖြစ်သလိုနေရတဲ့ကလေးတွေ ကျရင်တော့ ဆေးထိုးမယ့် ကလေးက နေကောင်းလား၊ မကောင်းဘူးလား ဆိုတာကို ပြောပြပေးမယ့်သူ မရှိဘူး။ ကျွန်မတို့က ကလေးရဲ့ ရာဇဝင်ကို မရဘူးဆိုရင် သူ့ရဲ့လက္ခဏာကို ပိုကြည့်ရတာပေါ့။ အဲ့ဒီလို အခက်အခဲတွေတော့ ရှိနိုင်တယ်။ တစ်ယောက်ချင်းစီရဲ့ကိစ္စ ဖြစ်ပါတယ်။ ဆေးထိုးတဲ့အခါ ထိုးဖြစ်စေချင်တာက ဖြစ်လာရင် ဆေးမရှိဘူး။ ကာကွယ်ဆေးက အကောင်းဆုံးမို့လို့ပါ။ စနစ်တစ်ခုလုံးကို သင်ခန်းစာ ယူစရာရှိတာယူပြီး ပိုမို လုံခြုံစိတ်ချရအောင် အဘက်ဘက်က ဆောင်ရွက်ထားတယ်။ ကမ္ဘာအဆင့် ကြည့်နေကြသူတွေကလည်း မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်တာ အင်မတန် စနစ်ကျတယ်လို့ ထုတ်ဖော် ချီးကျူးပါတယ်။ အန္တရာယ်ကင်းမှု၊ စိတ်ချရမှုက ပထမပါပဲ။ ဘာမှမဖြစ်စေချင်တဲ့အတွက် မထိုးခင် သံသယ ရှိတယ်ဆိုရင် နီးစပ်ရာ ဆရာဝန် ဒါမှမဟုတ်ရင် ကြီးကြပ်သူတွေကို တိုင်ပင်ပါ။ အရမ်းကြီး ကြောက်စရာမလို ပါဘူး။ သက်ဆိုင်ရာ ဆက်သွယ်ရမယ့် ဆရာမတွေရဲ့ ဖုန်းနံပါတ်၊ တိုင်ပင်ရမယ့် ဆရာဝန် ဖုန်းနံပါတ်တွေ အဆင့်ဆင့် ဆက်သွယ်ဖို့ လမ်းကြောင်းအတွက် ညွန်ကြားချက်များ ရှိနေပါတယ်။

“ဒါကြောင့် ဒီကလေးကို ကာကွယ်ဆေး မထိုးခင်မှာ X-ray တွေ ရိုက်ရမှာလား၊ Ultra-Sound တွေ ရိုက်ရမှာလား၊ အထူးကုတွေနဲ့ ပြေးပြရမှာလား ဆိုတာက သင့်လျော်မှန်ကန်တဲ့ သတင်းပေးချက်တွေ မဟုတ်ပါဘူး”
စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်း (တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း)

ကာကွယ်ဆေး အားလုံးကို ရောဂါအခံရှိနေတဲ့ ကလေးတွေကို အရင်က အမြဲထိုးပေးခဲ့ပါတယ်။ ဖျားနေရင်လည်း ထိုးပေးပါတယ်။ နှာစေးချောင်းဆိုးရင်လည်း ထိုးပေးပါတယ်။ ရင်ကျပ်နေလည်း ထိုးပေးပါတယ်။ တစ်နှစ်အောက် ကလေးတွေတုန်းက ဘာပြဿနာမှ မရှိပါဘူး။ အခုက တကယ့်ကို အန္တရာယ်ကင်းတဲ့ဘက်မှာ နေချင်တဲ့အတွက် ဖျားရင်လည်း မထိုးပါနဲ့။ ဘာဖြစ်ဖြစ် မထိုးပါနဲ့လို့ ပြောတာပါ။ 

ဒါကြောင့် ဒီကလေးကို ကာကွယ်ဆေးမထိုးခင်မှာ X-ray တွေ ရိုက်ရမှာလား၊ Ultra-Sound တွေ ရိုက်ရမှာလား၊ အထူးကုတွေနဲ့ ပြေးပြရမှာလားဆိုတာက သင့်လျော်မှန်ကန်တဲ့ သတင်းပေးချက်တွေ မဟုတ်ပါဘူး။ ဥပမာ-တစ်နှစ်အောက် ကလေးတွေ အများကြီးကို ထိုးပေးပါတယ်။ အဲ့ဒီကလေးတွေမှာလည်း ရောဂါ ရှိချင်ရှိမယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ နေကောင်းနေတယ်ဆိုရင် ကျွန်မတို့က ထိုးပေးပါတယ်။ အခြားနိုင်ငံတွေမှာလည်း ကာကွယ်ဆေးထိုးဖို့ကိုပဲ သင်ကြားထားတဲ့သူတွေပဲ ထိုးပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ကျန်းမာရေး ဝန်ထမ်းကိုတောင် မသုံးနိုင်ပါဘူး။ ကျွန်မတို့က နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ကျန်းမာရေးဝန်ထမ်းမှာမှ သားဖွားဆရာမတွေကိုပဲ ကာကွယ်ဆေးထိုးဖို့ တာဝန် ပေးထားတဲ့အတွက်ကြောင့် သူတို့ရဲ့ အရည်အသွေးပေါ်မှာတော့ ယုံကြည်ချက် အပြည့်အဝ ရှိပါတယ်။

  • VIA
  • TAGS