News

POST TYPE

HEALTH

ကိုယ်ဝန်ဆောင်မိခင် အိတ်ခ်ျအိုင်ဗီပိုးတွေ့လူနာ လေးထောင်ကျော်ကို ဆေးကုသမှုပေး
06-Dec-2017

ရန်ကုန်၊ ဒီဇင်ဘာ ၅

မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှု ကာကွယ်ရေးအတွက် ၂၀၁၆ ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင် ရှစ်သိန်းခြောက် သောင်းခန့်အထိ အိတ်ခ်ျအိုင်ဗီပိုးစစ်ဆေး ပေးနိုင်ခဲ့ပြီး ယင်းစစ်ဆေးမှုမှ ပိုးတွေ့ကိုယ်ဝန်ဆောင် လေးထောင်ကျော်ကို ဆေးကုသမှုများ ပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခုခံကျ ကာလသားရောဂါတိုက် ဖျက်ရေး စီမံချက်၏ စီမံချက်မန်နေဂျာ ဒေါက်တာထွန်းညွန့်ဦးက ပြောကြားသည်။

“ဒါကို Pilot အနေနဲ့ ၂၀ဝ၀ ပြည့်နှစ်က စခဲ့တယ်။ အိတ်ခ်ျအိုင် ဗီပိုးစစ်ဆေးပေးခဲ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တွေထဲမှာ ပိုးတွေ့ရှိတဲ့မိခင် ၄၇၀ဝ ဦးကို ဆေးဝါး ကုသမှုပေးနိုင်ခဲ့သလို မွေးလာတဲ့ ကလေးတွေကိုပါ ပိုး ရှိ၊ မရှိ စစ်ဆေးပေးခဲ့တယ်”ဟု ၎င်းကရှင်းပြသည်။

မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗီ ကူးစက်မှုမှ ကာကွယ်ရေး လုပ်ငန်းကို ၂၀ဝ၀ ပြည့်နှစ်တွင် စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင် မြို့နယ် အခြေပြုအနေနှင့် ၃၁၉ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သည့်အပြင် လာမည့် ၂၀၂၅ ခုနှစ်၌လည်း မိခင်မှကလေးသို့ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်မှု လုံးဝ ကင်းစင်ပပျောက်သွားသည်အထိ ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ခုခံကျကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

“တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ အိတ်ခ်ျအိုင်ဗီပိုးကူးစက်မှုက ဝ.၆ ရာခိုင်နှုန်းလောက် ရှိပါတယ်။ မိခင်မှ ကလေးကို ကူးစက်မှုက ဝ.၅ ရာခိုင်နှုန်းလောက် ရှိပါတယ်”ဟု ဒေါက်တာထွန်းညွန့်ဦးက ဖြည့်စွက် ပြောကြားသည်။

အဆိုပါ ရောဂါတိုက်ဖျက်ရေး လုပ်ငန်းအတွက် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၀)ကို ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပြီး လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အိတ်ခ်ျအိုင်ဗီပိုး ကင်းဝေးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထွက်ပေါ်လာစေရေးကို ဦးတည်ထားကြောင်း ခုခံကျ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗီပိုးရှိသူ ဦးရေ ၂၂၀,ဝ၀ဝ ခန့်ရှိကြောင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာ တစ်ပြေးညီဖြစ်ပွားနေခြင်း မဟုတ်ဘဲ ယင်းပိုးကူးစက်ရန် အန္တရာယ်များသော ဦးတည်အုပ်စုများဖြစ်သည့် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများနှင့် အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် အဖြစ်များကြောင်း AIDS Epidemic Model (AEM) ဖြင့် ခန့်မှန်းတွက်ချက်ဖော်ပြထားပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကြောင်း အိတ်ခ်ျအိုင်ဗီ ကူးစက်ဖြစ်ပွားမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုခြင်း စစ်တမ်းများအရ သိရသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူ အသစ်ပေါင်း ၁၁၀ဝ၀ ခန့်ရှိပြီး ယင်းတို့အနက် ဦးတည်အုပ်စုများ ဖြစ်သော မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသား လိင်ဆက်ဆံဖော်များတွင် ၂၃ ရာခိုင်နှုန်းအထိ ရှိနေပြီး နေ့စဉ်လူဦးရေ ၃၀ ခန့်သည် အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံနေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-12

  • VIA