News

POST TYPE

HEALTH

ဆင်ခြေထောက်ကာကွယ်ဆေး တိုက်ကျွေးမှု မအောင်မြင်သဖြင့် ဆယ်ကြိမ်မြောက် ဆက်တိုက်
05-Dec-2017
မန္တလေး၊ ဒီဇင်ဘာ ၄

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆင်ခြေထောက်ကာကွယ်ဆေးကို ဆယ်ကြိမ်မြောက်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်း တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း  ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။ 

“မန္တလေးတိုင်းအတွင်းမှာတော့ ၂၀ဝ၄ ခုနှစ်ကစပြီး ဆေးတိုက်ခဲ့ပါတယ်။ ဒီနှစ်ကတော့ ဆယ်ကြိမ်မြောက်ဖြစ်ပါ့မယ်။ အမှန်တော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တိုက်ကျွေးမှာဖြစ်တယ်။ တစ်ခုရှိတာက ဆင်ခြေထောက်ရောဂါ  ကင်းစင်သွားတဲ့ မြို့တွေရှိတယ်။ လုံးဝကို  ဆင်ခြေထောက်နဲ့ပတ်သက်ပြီး ဘာလက္ခဏာမှမရှိတော့တဲ့ မြို့တွေရှိတယ်။ ဒီပိုးမရှိဘူးဆိုတာ သက်သေ အထောက်အထား ရှိထားပြီးတဲ့မြို့တွေပေါ့။ အဲ့ဒီမြို့တွေမှာတော့ မတိုက်တော့ဘူး” ဟု ယင်းဌာန မန္တလေးတိုင်း တာဝန်ခံ ဒေါက်တာတင့်ဝေက ပြောကြားသည်။

မန္တလေးတိုင်းအတွင်းရှိ ပြင်ဦးလွင်ခရိုင်အတွင်းမှ မြို့နယ်ငါးခုသည် ၂၀၁၅  ခုနှစ်၊ ညောင်ဦးမြို့ခရိုင်အတွင်းမှ မြို့နယ်များသည် ၂၀၁၆ ခုနှစ်တွင် ဆင်ခြေထောက် ရောဂါပိုးကင်းဝေးရေးစီမံချက် အောင်မြင်ပြီးဖြစ်သည့်အတွက် ကာကွယ်ဆေးတိုက်ရန် မလိုတော့ကြောင်း ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနထံမှ ထပ်မံသိရသည်။ 

“ကျွန်တော်တို့က ဆေးတိုက်ပြီးတိုင်း အချိန်တစ်ခုသတ်မှတ်ပြီး ကွင်းဆင်းပြီးတော့ ဒီပိုးရှိမရှိကိုပြန်စစ်ဆေးပါတယ်။ ခုလည်း ဇန်နဝါရီမှာတိုက်ပြီးလို့ နောက်ငါးလခြောက်လလောက်မှာ ဆေးတိုက်ခဲ့တဲ့သူတွေကို ပြန်စစ်ဆေးမယ်။  အောင်မြင်သွားရင် ဆေးတိုက်ကျွေးတာ ရပ်လိုက်မယ်။ မအောင်မြင်ရင်တော့ ဆက်တိုက်ရမယ်။ အမှန်တကယ်တော့ ဒီဆေးကတော့ တစ်နှစ်ကို တစ်ကြိမ်နှုန်းနှင့် ငါးနှစ်ပဲတိုက်ရမှာ။ ကျွန်တော်တို့ ဆီမှာတော့ ဆယ်နှစ်ထိဖြစ်နေပြီ မအောင်မြင်သေးပါဘူး”ဟု ဒေါက်တာတင့်ဝေက ရှင်းပြသည်။ 

ယင်းသို့ ဆေးတိုက်ကျွေးမှု အကြိမ်အရေအတွက် များပြားနေသော်လည်း သတင်းအမှားများကြောင့် ဆေးသောက်ရမည်ကို ကြောက်ရွံ့ကာ ဆေးသောက်ရမည့်လူထုက ဆေးမသောက်ခြင်း၊ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးသည်  ညအိပ်ရာဝင်ချိန်တွင်သာ သောက်သုံးသင့်သည့် ဆေးတစ်မျိုးဖြစ်ခြင်းတို့ကြောင့် ပြည်သူများက ဆေးသောက်ရမည်ကို မေ့လျော့နေခြင်း၊ အချို့က ရောဂါပိုးရှိမရှိကို စစ်ဆေးရမည်ကို ကြောက်ရွံ့နေကြခြင်းကြောင့် မအောင်မြင်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

အဆိုပါဆေးတိုက်ကျွေးခြင်း လုပ်ငန်းကို မြို့နယ်တိုင်းတွင် အဖွဲ့ဝင်သုံးဦး ခန့်ပါသည့် ဆေးတိုက်အဖွဲ့ ၂၀ ခန့်စီဖြင့် အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးမည်ဖြစ်သည်။ 

ဆင်ခြေထောက်ရောဂါသည် မြန်မာနိုင်ငံတွင် လျစ်လျူရှုထားသည့် ရောဂါတစ်မျိုးဖြစ်သော်လည်း ဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုမရှိခြင်း၊ နှစ်စဉ် လုပ်ငန်းသတ်မှတ်ချက်များ မရှိခြင်းတို့ကြောင့် နှစ်စဉ် လူနာမည်မျှရှိသည်ကို မသိရဘဲ ဆေးရုံသို့ရောက်ရှိလာသည့် လူနာများ၏ ဆေးစစ်ချက်များအရ ပိုးတွေ့ရသည့်လူနာများ၊ ရောဂါလက္ခဏာများပေါ်လာသည့်အချိန်မှ လာရောက်သည့်လူနာများကိုသာ မှတ်တမ်းတင်နိုင်ကြောင်း ငှက်ဖျားတိုက်ဖျက်ရေးဌာနထံမှ  သိရသည်။ 

ယင်းကဲ့သို့သောလူနာများကို မန္တလေးတိုင်းအတွင်း များစွာမတွေ့ရသော်လည်း တိုင်းနှင့်ပြည်နယ်အချို့တွင် တွေ့နေရဆဲဖြစ်ကြောင်း ဒေါက်တာတင့်ဝေက ပြောဆိုသည်။ 

M-04


  • VIA