News

POST TYPE

HEALTH

“ဆေးလိပ်ဘူးခွံပေါ်မှာ ပုံတွေ ပါလာရင် ဘယ်နှရာခိုင်နှုန်း ကျသွားတယ် ဆိုတာမျိုး သုံးသပ်ထားတာရှိတယ်''
02-Sep-2016
ဆေးလိပ်ထုပ်တွင် သတိပေး ရုပ်ပုံနှင့် စာသားများ ပုံနှိပ် ဖော်ပြခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာမှာ စက်တင်ဘာလ ၁ ရက်နေ့တွင် စတင် အာဏာ သက်ရောက်ပြီဖြစ်ရာ အဆိုပါ ဥပဒေနှင့် ပတ်သက်၍ ရှေ့ဆက် လုပ်ဆောင်မည့် ကိစ္စများကို ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးကို လုပ်ဆောင် နေသည့် စင်ကာပူအခြေစိုက် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် The Union ၏ Project Administrator ကိုရာဇာညွှန့်ကို The Voice က မေးမြန်းဖော်ပြ လိုက်ပါသည်။

Voice : ဆေးလိပ် ဘူးခွံတွေမှာ ကျန်းမာရေး အသိပေးခြင်းဆိုင်ရာ စာတန်း၊ ရုပ်ပုံတွေကို ထည့်သွင်း ပေးတာနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲက ဆေးလိပ် ဘူးခွံတွေကိုရော ဘယ်လို ဆက်လုပ်မလဲရှင့်။
YZN : ဒီကနေ့ (စက်တင်ဘာ ၁ ရက်နေ့) က စပြီး စီးကရက် ကုမ္ပဏီတွေ အနေနဲ့ သတ်မှတ် ထားတဲ့ ကျန်းမာရေး အသိပညာပေးတဲ့ ကင်ဆာ ဖြစ်တဲ့ပုံနဲ့ ဆေးလိပ်ဘူးကို စထုတ်ရမယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဈေးကွက်ထဲမှာရှိတဲ့ ဆေးလိပ်ဘူးတွေကို နောက်ထပ် ခြောက်လအထိ၊ ဖေဖော်ဝါရီ ၂ဝ၁၇ အထိ နောက်ဆုံး လက်ကျန် ရှင်းခွင့် ပြုထားတယ်။ မတ်လ နောက်ပိုင်းဆိုရင်တော့ အရေး ယူတော့မှာပေါ့။

Voice : အရေးယူမယ်ဆိုတော့ အရေးယူမှု အပိုင်းကရော ဘယ်လို ရှိနိုင်မလဲ။
YZN : အရေးယူမယ် ဆိုတာကတော့ ဈေးကွက်ထဲမှာ ဆက်ရှိနေရင် စီးကရက် ဘူးတွေ သိမ်းမယ်။ ရောင်းတဲ့ သူတွေကို ပညာပေးမယ်။

Voice : The Union အနေနဲ့က ဘယ်အစိတ်အပိုင်းမှာ ပါဝင်မလဲရှင့်။
YZN : ကျွန်တော်တို့ အနေနဲ့က Pictorial Health Warning ခေါ်တဲ့ ဓာတ်ပုံတွေ ဒီ့ထက်မက တိုးတက်အောင် လုပ်ပေးမယ်။ အခွန် တိုးကောက်ဖို့အတွက် ကျန်တဲ့ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဘယ်လို မြှင့်တင်မလဲ၊ အခွန် တိုးကောက်ရင် စီးကရက်သောက်နှုန်း ဘယ်လောက်ကျမလဲထိ ပူးပေါင်း ဆောင်ရွက်ဖို့ရှိတယ်။

Voice : ဆေးလိပ်ဘူးခွံမှာ ကျန်းမာရေး အသိပေးတဲ့ စာတန်း၊ ရုပ်ပုံတွေပါမယ်ဆိုရင်ရော စီးကရက် သောက်နှုန်းကျမယ်လို့ သုံးသပ်ပါသလား။
YZN : ဟုတ်ကဲ့။ သုံးသပ်ထားပါတယ်။ အာဆီယံမှာလည်း အင်ဒိုနီးရှား၊ နီပေါ၊ အိန္ဒိယတို့မှာလည်း ဆေးလိပ်ဘူးခွံပေါ်မှာ ပုံတွေ ပါလာရင် ဘယ်နှရာခိုင်နှုန်း ကျသွားတယ် ဆိုတာမျိုး သုံးသပ်ထားတာ ရှိတယ်။ ကျောင်းသား အရွယ်တွေဆိုရင် စီးကရက် သောက်တာ အန္တရာယ်ရှိမှန်း မသိဘူး။ ပုံတွေ ပါလာရင်တော့ ဆေးလိပ်ကြောင့် ရောဂါဖြစ်တာ သိမယ်။ Pactorial Health Warning မထုတ်ခင်ကတော့ ဘယ်နှရာခိုင်နှုန်း ကျတယ် ဆိုတာကို စစ်တမ်း ကောက်ထားတာ ရှိတယ်။ Pictorial Health Warning ထွက်ပြီးရင် ကျန်းမာရေး ဝန်ကြီးဌာနက လုပ်ဖို့ အစီအစဉ် ရှိတယ်။ ငွေကြေးနဲ့ နည်းပညာကတော့ The Union က ထောက်ပံ့မယ်။

Voice : အခွန် တိုးကောက်မယ်ဆိုရင် စီးကရက် သောက်နှုန်းကျမယ်လို့ရော သုံးသပ် ထားပါသလား။
YZN : အခွန် တိုးကောက်ရင်လည်း ဆေးလိပ်တွေ လျှော့သောက်လာမယ်။ အခွန်အနေနဲ့ အထူး စည်းကြပ်ခွန် (အထူး ကုန်စည်ခွန်) အနေနဲ့ ကောက်မယ်။ ဆေးလိပ်၊ ဆေးရွက်ကြီးကို ၁၂ဝ ရာခိုင်နှုန်း ကောက်မယ်။ အကောက်ခွန် အနေနဲ့လည်း ကျန်းမာရေး အသိပေးတဲ့ စာတန်း၊ ရုပ်ပုံတွေ ပါလာတဲ့အခါ မှောင်ခိုသွင်း၊ မသွင်းသိနိုင်လည်း သိနိုင်မှာ ဖြစ်တယ်။
ရလေး


  • VIA