News

POST TYPE

HEALTH

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းနှင့် တွေ့ဆုံခြင်း
29-Nov-2017 tagged as

အစာဓာတ်မတည့်ခြင်း 

လူတိုင်းတွင် အစားအစာကြောင့် ဖြစ်ပွားတတ်သော အစာဓာတ်မတည့်ခြင်းများ ရှိနိုင်ပြီး တစ်ဦးနှင့်တစ်ဦး ဓာတ်မတည့်သည့် အစားအစာမှာ မတူညီကြပေ။ အစာဓာတ် မတည့်မှုသည် နှာစေး ချောင်းဆိုးခြင်း၊ အသားယားယံခြင်းမှစ၍ အသက်ကိုပါ အန္တရာယ် ဖြစ်စေနိုင်သည့် လက္ခဏာများ ဖြစ်ပေါ်စေကြောင်း၊ ထိုကဲ့သို့ အစာဓာတ်မတည့်ခြင်းနှင့် ဆက်စပ်သော အကြောင်းအရာများကို ပြည်သူလူထု သတိပြုမိနိုင်စေရန် အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ဥက္ကာကြည်ဝင်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အစာဓာတ်မတည့်ခြင်းဆိုတာကို ရှင်းပြပေးပါဦး။
Dr.OKKW : အစာဓာတ်မတည့်ခြင်းဆိုပြီး ပြောလိုက်ရင်သာ နားရှုပ်သွားတာ၊ တကယ်က Food Allergy ဆိုရင်တော့ လူတိုင်းက သိကြတာပေါ့။ ကိုယ်နဲ့မတည့်တာ စားမိလို့ ယားတယ်။ အနီကွက်တွေထွက်တာပေါ့။ Food Allergy လို့ခေါ်တဲ့ အစားအစာ ဓာတ်မတည့်တာနဲ့ Food Intolerance လို့ခေါ်တဲ့ အစားအသောက်ကို မိမိအူလမ်းကြောင်းက လက်မခံနိုင်တာမျိုးဆိုပြီး ရှိတယ်။ Food Intolerance ကတော့ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာမျိုး၊ အပူအစပ် နည်းနည်း စားတာနဲ့ ဝမ်းလျှော၊ ဗိုက်အောင့်တာမျိုးပေါ့။ တချို့ဆိုရင် နို့သောက်လိုက်တာနဲ့ ချက်ချင်း ဝမ်းသွားတယ်။ အဲ့ဒါတွေထက် ပိုဆိုးတဲ့အဆင့်ကတော့ Food Poison ဆိုတဲ့ အစာ အဆိပ်သင့်တာပေါ့။ အစာ အဆိပ်သင့်တာကတော့ အစားအစာထဲမှာပါတဲ့ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးပိုးတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုးဝင်ပြီးဖြစ်တာပေါ့။

အစာဓာတ်မတည့်ခြင်းဆိုတာက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်နဲ့ ဆိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတည့်တဲ့ အစားအစာ မတူညီကြဘူး။ တစ်ယောက်က ပင်လယ်ငါးစားလို့ Allegry ဖြစ်တယ်။ နောက်တစ်ယောက်က မြေပဲစားရင် Allegry ဖြစ်တာမျိုးပါ။ အစုံပါပဲ။

Voice : ဘယ်လို အသက်အရွယ်တွေမှာ ဖြစ်တာ ပိုတွေ့ရပါသလဲ။
Dr.OKKW : အသက်အရွယ် အပိုင်းအခြားရယ်လို့တော့ အတိအကျ မရှိဘူး။ ဒါပေမဲ့ အတွေ့အကြုံတွေအရ လူငယ်၊ လူလတ်ပိုင်းတွေမှာ ပိုပြီးတော့ဖြစ်တာ တွေ့ရတယ်။ ကလေးတွေကျတော့လည်း လူကြီးကျွေးတာပဲ စားရတယ်။ လျှောက်မစားရဘူး။ လူကြီးပိုင်းတွေကျတော့လည်း သူတို့ ငယ်ငယ်တုန်းက မတည့်တာတွေကို သိနေပြီဖြစ်တော့ ရှောင်စားကြတော့ ဖြစ်တာ သိပ်မတွေ့ရဘူး။ လူငယ်၊ လူလတ်ပိုင်းတွေမှာတော့ အများဆုံး တွေ့ရတယ်။ လူငယ်ပိုင်းတွေက တွေ့ရာ၊ မြင်ရာ အကုန်  စားနေပြီဆိုတော့ ဖြစ်တာများတယ်။ သို့သော် ဘယ်အရွယ်မှာမဆို ဖြစ်နိုင်တယ်။

Voice : သူ့ရဲ့ရောဂါ လက္ခဏာတွေကရော။
Dr.OKKW : ရောဂါလက္ခဏာတွေကတော့ သိလွယ်တဲ့ လက္ခဏာတွေပါ။ Allegry ဆိုရင် နှာစေးမယ်၊ နှာချေမယ်။ ပြီးရင် နှုတ်ခမ်းတွေ ယားလာမယ်။ တချို့ဆို နှုတ်ခမ်းတွေ ထူအမ်းလာတယ်။ မျက်လုံးတွေ အစ်လာမယ်။ ခန္ဓာကိုယ်မှာ အနီကွက်တွေ ထွက်ပြီး ယားလာမယ်။ တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းနဲ့ပေါ့။ Allegry မှာလည်း ပြင်းတာနဲ့ ပျော့တာရှိတယ်။ ပြင်းပြင်း ထန်ထန်မဟုတ်ဘဲ အသားလေးယားတာလောက်နဲ့ ပြီးသွားတာရှိမယ်။ တချို့ကျတော့လည်း တော်တော် ကိုပြင်းပြင်းထန်ထန်နဲ့ အသက်ရှူကျပ်လာတာမျိုး၊  ချွဲသံတွေကြားရပြီး အရေးပေါ် အဆင့်ထိဖြစ်သွားတာမျိုးအထိကို ဖြစ်နိုင်တယ်။ ဒီတော့ ရောဂါလက္ခဏာက နှာစေး၊ နှာချေ၊ အသားယားတာလောက်ကနေ အသက်ရှူကျပ်ပြီး အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ ပြင်းထန်တဲ့ လက္ခဏာတွေ ရှိနိုင်တယ်။

Voice : ဘယ်လိုအကြောင်းအရင်းတွေက ဓာတ်မတည့်မှုကို ဖြစ်စေတာပါသလဲ။
Dr.OKKW : တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ဒါပေမဲ့ အဖြစ်များတဲ့ အစားအစာတွေကတော့ မြေပဲတို့၊ ဥတို့၊ နို့တွေနဲ့ အခွံမာအသီးတွေပေါ့။ ဒါ့ပြင် ပင်လယ်ငါး၊ ခရမ်းသီး၊ နာနတ်သီး၊ ငါးပိ၊ ငါးခြောက်တွေပေါ့။ ဒီအစားအစာတွေက လူတိုင်းနဲ့ မတည့်တာလည်း မဟုတ်ဘူး။ ဘာပဲစားစား အားလုံး တည့်နေတဲ့ လူလည်းရှိတာပဲ။ ဒီလိုပဲ နည်းနည်းလေး အစားမှားတာနဲ့ ယားတဲ့သူတွေလည်း ရှိနေတာပဲ။ မြန်မာနိုင်ငံမှာ အဖြစ်များတာ တွေ့မိသလောက်က ခရမ်းသီး၊ ငါးပိ၊ ငါးခြောက်တွေ စားတာကြောင့် ဖြစ်တာတွေ့ရတယ်။ အနောက်နိုင်ငံတွေမှာတော့ မြေပဲကြောင့် အဖြစ်များတယ်။ ဒီမှာကတော့ မြေပဲကြောင့် Food Allegry ဖြစ်တာ နည်းတယ်။

ကိုယ်က ဘယ်အစားအသောက်နဲ့ မတည့်ဘူးလည်းဆိုတာ သိရင်တော့ ကြိုပြီးကာကွယ်လို့ ရတာပေါ့။ ကိုယ်မစားဘူးတာဆိုရင် တည့် မတည့်ဆိုတာ မသိနိုင်ပေမယ့် ထူးဆန်းတဲ့ အစားအစာတွေကို စားမယ်ဆိုရင်တော့ သတိထားရမှာပေါ့။ နိုင်ငံခြားမှာတော့ Allegry Test ဆိုတာရှိတယ်။ ဓာတ်ခွဲခန်းပို့ပြီး ဘာနဲ့ ဓာတ်မတည့်လဲဆိုတာ စစ်ဆေးတာပေါ့။ ဒီမှာတော့ စစ်လို့မရသေးဘူး ထင်တယ်။ နိုင်ငံခြား ဓာတ်ခွဲခန်းကိုပို့ပြီး စစ်ရတာ။ သူတို့ဆီမှာ အစားများ၊ အဖြစ်များတဲ့ အစားအသောက်တွေနဲ့ပဲ စစ်တာပေါ့။

Voice : အစာမတည့်တာ ဖြစ်လာရင် ဘယ်လို ကုသမှုတွေကို ခံယူရမလဲ။
Dr.OKKW : ရောဂါလက္ခဏာက သေးသေးကနေ အရေးပေါ်အထိ ဖြစ်သွားတတ်တော့ ပြောရခက်တယ်။ ဆေးရုံ၊ ဆေးခန်းသွားဖို့ အလှမ်းဝေးတယ်ဆိုရင် ယားယံတာလောက်ကတော့ ပြဿနာ မရှိဘူး။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ အနေအထားတွေက အသက်ရှူကျပ်လာမယ်၊ မူးလာမယ်၊ နှုတ်ခမ်းတွေ ထူပိန်းလာတာမျိုး၊ ကိုယ့်ရဲ့ရင်ဘတ်ထဲက ချွဲကျပ်နေတဲ့ အသံတွေကို ဘေးနားကနေ ကြားရတာမျိုးတွေဆိုရင်တော့ အရေးပေါ် အခြေအနေပေါ့။ သွေးပေါင်ကျသွားပြီး ရှော့ခ်ဖြစ်တတ်တဲ့အတွက်ကြောင့် ဆေးရုံ၊ ဆေးခန်းကို သွားသင့်တယ်။

Voice : နောက်ဆက်တွဲဖြစ်နိုင်တဲ့ လက္ခဏာတွေ ရှိပါသလား။
Dr.OKKW : ဒီရောဂါက နာတာရှည်ဖြစ်သွားတဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ သူ့ရဲ့ Allergy ဖြစ်တဲ့ဓာတ်ပြယ်သွားရင် သက်သာသွားနိုင်ပေမယ့် ဖြစ်တဲ့ရောဂါရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး နောက်ဆက်တွဲအနေနဲ့ အသက် သေဆုံးတာအထိ ခံစားရနိုင်တယ်။ နာတာရှည် ဖြစ်သွားဖို့တော့ မရှိဘူး။ ဒီရောဂါက ဖြစ်တဲ့အချိန်မှာတော့ ကုသမှုခံယူရင် သက်သာသွားမယ်။ နောက်ထပ်တွေ မဖြစ်ဖို့ကတော့ ကိုယ့်ဘာသာကိုယ် ဆင်ခြင်မှပဲရမယ်။ အဲ့ဒီအခါမှာလည်း နှစ်မျိုးရှိတယ်။ တချို့ အစားအသောက်တွေက တစ်ခေါက်စားပြီးသွားရင် နောက်အခေါက်တွေမှာ သိပ်မယားတော့ဘဲနဲ့ ခံနိုင်ရည်ရှိသွားပြီး တစ်သက်လုံး စားလို့ရသွားတာမျိုးရှိသလို၊ တစ်ခေါက်မတည့်သလို နောက်အခေါက်တွေမှာ မတည့်တာလည်းရှိတယ်။ ဒီတော့ လတ်တလော ဖြစ်တာကိုကုသရင် ပျောက်ကင်းနိုင်ပေမယ့် နောက် တစ်ကြိမ် မဖြစ်ရအောင်တော့ ကိုယ်တိုင်ဆင်ခြင်ရမှာပေါ့။

Voice : အစာဓာတ်မတည့်တာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.OKKW : Food Allegry လို့ ပြောပေမယ့် အစားအသောက်အပြင် ကိုယ်သုံးတဲ့ ဆေးဝါးတွေကလည်း အရေးကြီးတယ်။ ဆေးအနေနဲ့ဆိုရင်လည်း ဆေးဆိုင်တွေက စပ်ဆေးတွေသောက်တယ်။ ဆရာဝန်မဟုတ်ဘဲနဲ့ ဒီအတိုင်း စပ်ပေးတဲ့ဆေးကို သောက်ပြီး Allegry ဖြစ်လာတယ်။ အဲ့ဒါတွေကတော့ တော်တော်ဆိုးပါတယ်။ ကိုယ်နဲ့မတည့်တဲ့ အစားအသောက်တွေ၊ ဆေးတွေကို မှတ်ထားပြီး ကိုယ့်အနီးအနားက လူတွေကို အသိပေးထားတာ ကောင်းတာပေါ့။ ဒါမှသာ အရေးပေါ် ဖြစ်လာရင် ကိုယ့်အနီးနားပတ်ဝန်းကျင်က ကူညီနိုင်မှာ။ ဒါ့အပြင် ကိုယ့်ရဲ့အိတ်ကပ်ထဲမှာ ကိုယ်နဲ့မတည့်တာတွေကို မှတ်တမ်းလေးလိုလုပ်ပြီး ထားမယ်ဆိုရင်လည်း အရေးပေါ် ဖြစ်တဲ့အခါမှာ ဓာတ်မတည့်တာတွေကို အခြားသူက သိနိုင်မှာဆိုတော့ နိုင်ငံခြားမှာတော့ ဒါမျိုးလေးတွေ လုပ်ထားကြတယ်။ ဒီလိုလုပ်မယ်ဆိုရင်တော့ အထောက်အကူ ဖြစ်စေပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA
  • TAGS