News

POST TYPE

HEALTH

ဧရာဝတီတိုင်းမှ ကလေးနှစ်ဦး သေဆုံးမှု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခြင်းကြောင့် မဟုတ်ဟု ငြင်းဆို
23-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းနှင့်ပုသိမ်မှ ကလေးနှစ်ဦး သေဆုံးမှုမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံခြင်းကြောင့် မဟုတ်ကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက The Voice သို့ ပြောကြားသည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်မှ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသည် ကာကွယ်ဆေး ထိုးနှံပြီးနောက် ပြင်းထန်သော နောက်ဆက်တွဲ လက္ခဏာများ ဖြစ်ပေါ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်မှ အသက် ၇ နှစ်အရွယ် ကလေးသည်လည်း ကာကွယ်ဆေး ထိုးနှံပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ (သုံးရက်အကြာ) တွင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ စတုတ္ထတန်း ကျောင်းသူတစ်ဦးမှာလည်း ကာကွယ်ဆေး ထိုးနှံပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ (တစ်ရက်အကြာ) တွင် သေဆုံးခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

“သေချာပေါက် တခြားရောဂါကြောင့်ဆိုတာ ထုတ်ပြန်နိုင်တယ်။ ပင်လောင်းကတော့ သေသေချာချာ မပြောနိုင်သေးဘူး။ သာပေါင်းက ကလေးက လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျောက်ကပ် ရောဂါရှိတယ်လို့ သုံးသပ်တယ်။ ပုသိမ်က ကလေးကတော့ ဦးနှောက်ထဲမှာ နဂို ကာကွယ်ဆေး မထိုးခင်က ပိုးဝင်နေတာကို မသိဘူး။ ရောဂါ လက္ခဏာက မပြဘူး။ ဆေးထိုးပြီးမှ လက္ခဏာ ပြတယ်။ ကျောက်ကပ်နဲ့ အဆုတ်မှာလည်း ရောဂါ တွေ့တယ်”ဟု ဒေါက်တာ ထားထားလင်းက ရှင်းပြသည်။

ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးကို ယခင်ထိုးနှံခဲ့စဉ် ပြင်းထန်သည့် နောက်ဆက်တွဲ ပြဿနာ (သို့) ပြင်းထန်သည့် ဓာတ်မတည့်ခြင်းများ ဖြစ်ပွားခဲ့ပါက မထိုးနှံရပါ၊ ထို့ပြင် ကာကွယ်ဆေးတွင် ပါဝင်သော ပစ္စည်းတစ်မျိုးမျိုးနှင့် ပြင်းထန်သော ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများကို မထိုးပေးရပါ၊ မွေးရာပါ (သို့) ရောဂါကြောင့်သော်လည်းကောင်း (သို့) ဆေးဝါးကြောင့်သော်လည်းကောင်း ခုခံအားစနစ် ကျဆင်းခြင်း (သို့) AIDS ရောဂါလက္ခဏာများ ရှိခြင်း၊ ကုသမှုခံယူပြီး ဆေးသောက်နေသော်လည်း အတက်ရောဂါ မကြာခဏ ဖြစ်နေသူများ၊ နာတာရှည်ရောဂါကို လတ်တလော ပြင်းပြင်း ထန်ထန် ခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင်များအနေနှင့် ယင်းကာကွယ်ဆေးကို လုံးဝ မထိုးနှံသင့်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ကိုးလမှ ၁၅ နှစ်အရွယ် ကလေး ၁၄ သန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး စတင်ထိုးနှံသည့်အချိန်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ ကာကွယ်ဆေး စုစုပေါင်း ခြောက်သန်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေး သည့် ဆရာ၊ ဆရာမများအနေနှင့်လည်း မိဘများအား ၎င်းတို့၏ ကလေးများ လတ်တလောတွင် ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း၊ ရောဂါအတွက် ဆေးတစ်မျိုးမျိုး သောက်သုံးနေရခြင်းများ ရှိပါက ယင်းကာကွယ်ဆေး ထိုးနှံရန်အတွက် ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ရန် စသည့် အကြံပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းထံမှ သိရသည်။

J-12


  • VIA