News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးသည့် မိန်းကလေး ထပ်မံသေဆုံး
22-Nov-2017
ပုသိမ်၊ နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးသည့် အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ နိုဝင်ဘာလ ၂၁ ရက် ညနေ ၆ နာရီကျော်က ပုသိမ်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း ၎င်း၏ မိဘများထံမှ သိရသည်။ 

အဆိုပါ မိန်းကလေးမှာ မရှင်းသန့်ဝေ ဖြစ်ပြီး ပုသိမ်တက္ကသိုလ်ဝင်းရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် စတုတ္ထတန်း ကျောင်းသူဖြစ်ကြောင်း၊ ၎င်းမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းက ထိုးခဲ့ပြီး အော့အန် ခေါင်းမူးကာ ကိုယ်ပူလာသဖြင့် နေအိမ်သို့ ပြန်ခေါ်လာကြောင်း၊ ယင်းနောက်  အဝါရောင် အရည်များ အန်သဖြင့် နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းက ကလေး အထူးကုဖြင့် ပြသရာ ဆေးရုံတက်ခိုင်းသဖြင့် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်မူမူမြင့်က ပြောကြားသည်။

“ကိုယ်ပူချိန် (၁၀၃) ဒီဂရီအထိ တက်ခဲ့ပြီး အဝါရောင်အရည်တွေ ဆက်တိုက် အန်တယ်၊ ကလေး အထူးကုက ဆေးရုံတက်ခိုင်းခဲ့တော့ ဆေးရုံတက်တယ်၊ ဆေးရုံမှာလည်း ဆက်ပြီး အော့အန်တယ်၊ နှစ်ကြိမ်တက်ပြီးတော့ သမီးလေးသေသွားတာပါပဲ”ဟု ၎င်းက ရှင်းပြသည်။ 

ရှမ်းပြည်နယ်တွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးပြီး နေမကောင်းသဖြင့် တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံတွင် ဆေးကုသရင်း နိုဝင်ဘာလ ၁၆ ရက်က သေဆုံးမှု၊ နိုဝင်ဘာ ၁၉ ရက်က သာပေါင်းမြို့နယ် ကညင်ကုန်းကျေးရွာတွင် အသက် ၇ နှစ်အရွယ် ပထမတန်း ကျောင်းသား မောင်ကျော်ဇင်ထက်မှာ ကာကွယ်ဆေးထိုးပြီး သုံးရက်အကြာတွင် သေဆုံးမှုအပြီးတွင် ယခု သေဆုံးမှုမှာ သုံးဦးမြောက်ဖြစ်သည်။  

ယင်းသေဆုံးမှုများနှင့် ပတ်သက်၍ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခြင်းကြောင့် သေဆုံးခြင်း ဟုတ် မဟုတ်ကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ကလေးများ၏ မူလရှိနေသော ရောဂါအခြေအနေကို ဆရာ၊ ဆရာမများနှင့် ဆေးထိုးပေးသူများက မသိခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း၊ ကလေးများအတွက် အရေးကြီးသောကြောင့် ယင်းကာကွယ်ဆေးကို နိုင်ငံတော်မှ ထိုးပေးရခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်း တစ်ခုတည်းကြောင့်သာ ယခုကဲ့သို့ဖြစ်ရခြင်း မဟုတ်ကြောင်း၊ ပြည်သူများကို အဆိုပါ ကာကွယ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးထားကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။

နိုဝင်ဘာ ၁၉ ရက်က သာပေါင်းမြို့နယ် ကညင်ကုန်း ကျေးရွာတွင် အသက် ၇ နှစ်အရွယ် ပထမတန်း ကျောင်းသား မောင်ကျော်ဇင်ထက်မှာ ကာကွယ်ဆေးထိုးပြီး နှစ်ရက် ဆက်တိုက် ခေါင်းမူး၊ အော့အန်ကာ သုံးရက်မြောက်တွင် သေဆုံးခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းချက်များအရ ကာကွယ်ဆေး မထိုးခင် ရက်ပိုင်းက ပြင်းထန်စွာ နေမကောင်း ဖြစ်ထားသည်ကို သိရကြောင်း ၎င်းက ရှင်းပြသည်။ 

ပုသိမ်မြို့နယ်ရှိ အခြေခံပညာ ကျောင်းများကို အခြေပြု၍ ကျောင်းပေါင်း ၂၆၅ ကျောင်းမှ အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကျောင်းသားဦးရေ  ၅၇၅၉၄ ဦးကို နိုဝင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အထိ ဂျပန် ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးနေကြောင်း၊ ပြည်သူလူထု အခြေပြု ဆေးထိုးခြင်းကို အသက် ၉ လမှ ၅ နှစ်ရှိ ကလေး ၂၆၈၁၂ ဦးနှင့် သွားလာရေး ခက်ခဲသောဒေသတွင်ရှိ ကလေး  ၄၃၇၇ ဦးတို့ကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၀ ရက် အထိ ထိုးပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ 

R-12