News

POST TYPE

HEALTH

ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြစန္ဒာသိန်းနှင့် တွေ့ဆုံခြင်း
22-Nov-2017

ကလေးဆီးချိုရောဂါ

ကလေးများတွင် ဖြစ်ပွားသော ကလေးဆီးချိုရောဂါသည် လူသိနည်းသော်လည်း ဖြစ်ပွားမှုများရှိသည်။ အသက် ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များသည့် အမျိုးအစား-၁ ဆီးချိုရောဂါသည် လူကြီး၌ဖြစ်သော ဆီးချိုရောဂါနှင့် ကုသပုံ မတူညီပေ။ ယင်းရောဂါနှင့်ပတ်သက်၍ ဟယ်လ်ပင် ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြစန္ဒာသိန်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကလေးဆီးချိုရောဂါဆိုတာကို ရှင်းပြပေးပါဦး။
Dr.MST : ဆီးချိုရောဂါ ဆိုတာကတော့ သွေးထဲမှာ သကြားဓာတ်များတာပါ။  ဆီးချိုရောဂါက လူသိလည်း များလာပါတယ်။ ဒါပေမဲ့ ကလေးမှာဖြစ်တဲ့ ဆီးချို ရောဂါနဲ့ လူကြီးမှာဖြစ်တဲ့ ဆီးချိုရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်းချင်း မတူဘူး။ ကလေးမှာ အဖြစ်များ တာက အမျိုးအစား-၁ ဆီးချိုရောဂါလို့ ခေါ်တယ်။ လူကြီးမှာဖြစ်တာက အမျိုးအစား-၂ ဆီးချိုလို့ ခေါ်တယ်။ 

Voice : ကလေးတွေမှာ ဆီးချိုဖြစ်ရတဲ့ အကြောင်း အရင်းလေးကို ရှင်းပြပေးပါဦး။
Dr.MST : ကလေးမှာ ဘာကြောင့်ဖြစ်ရတာလဲဆိုရင် သူ့ကိုယ်ထဲမှာ သကြားဓာတ်တွေ များလာတာကြောင့်ပါ။ ဘာကြောင့်များတာလဲဆိုတော့ ကိုယ်ထဲမှာ အင်ဆူလင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို မထုတ်နိုင်တော့တဲ့အတွက်ကြောင့် ဖြစ်လာတာပါ။ အစားတွေ စားလိုက်ရင် အစားတွေကို နောက်ဆုံးမှာ ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်အနေနဲ့ ချေဖျက်လိုက်တာပေါ့။ အဲဒီသကြားဓာတ်ကို ဆရာမတို့ ကိုယ်ခန္ဓာကနေပြီး စွမ်းအင်အနေနဲ့ သုံးဖို့ပေါ့။ အဲဒါမှ ဆရာမတို့က နေ့စဉ် လှုပ်ရှားသွားလာနိုင်ပါမယ်။ အဲဒီလိုသကြားဓာတ်ကို စွမ်းအင်အနေနဲ့သုံးဖို့ အင်ဆူလင်ဆိုတာက လိုအပ် တယ်။ ကိုယ်ခန္ဓာထဲမှာ အင်ဆူလင် မရှိဘူး၊ မထုတ်နိုင်ဘူးဖြစ်နေရင် သကြားဓာတ်တွေကို စီမံခန့်ခွဲပြီး အသုံး မချနိုင်တော့ဘူးဖြစ်မယ်။ ဒါဆိုရင် သွေးထဲမှာ သကြားဓာတ်တွေ အရမ်း များလာတာပေါ့။ ကလေးမှာအဖြစ်များတဲ့ ဆီးချို အမျိုးအစား - ၁ က ကလေးရဲ့ ကိုယ်ခန္ဓာထဲမှာ အင်ဆူလင်ကို မထုတ်နိုင်တော့တဲ့အတွက် သကြားဓာတ်တွေ များလာခြင်းကြောင့် ဖြစ်ပါတယ်။ လူကြီးမှာဖြစ်တဲ့ ဆီးချိုနဲ့ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အကြောင်းအရာချင်း မတူဘူး။

Voice : ကလေးဆီးချို ဖြစ်တယ်ဆိုတာကို ဘယ်လို လက္ခဏာတွေကတစ်ဆင့် သိရှိနိုင်မလဲ။
Dr.MST : သွေးထဲမှာ သကြားဓာတ်များလာခြင်း ကြောင့် အဲ့ဒီကလေးဟာ ဆီးတွေအရမ်းသွားလာ တယ်။ ရေတွေငတ်လာတယ်။ ကလေးက တဖြည်းဖြည်း နဲ့ပိန်သွားပြီး နွမ်းနယ်နေတတ်တယ်။ ကိုယ့်ရဲ့ကလေးမှာ ဒီလိုလက္ခဏာတွေ တစ်ခုခု ဖြစ်လာတယ်ဆိုရင် ကလေးကို သကြားဓာတ်ဖောက်စစ်သင့်တယ်။ ဒါ့အပြင် ငါးနှစ်၊ ခြောက်နှစ်ကလေးတွေဆိုရင် အများအားဖြင့် အိပ်ရာထဲမှာ ဆီးမသွားတော့ဘူး။ အဲလိုကနေ ညဘက်မှာ အိပ်ရာထဲ ဆီးပြန်သွားတာမျိုးတွေ ရှိနေနိုင်တယ်။ ဒါမျိုးတွေ တစ်ခုခု ဖြစ်လာတယ်ဆိုရင် ကလေးကို သကြားဓာတ် ဖောက်စစ်သင့်တယ်။ သကြားဓာတ်ပါ များနေတယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ ပြသင့်ပါတယ်။ 

Voice : ဘယ်အသက်အရွယ် ကလေးတွေမှာ ပိုပြီးတွေ့ရပါသလဲ။
Dr.MST : အမျိုးအစား-၁ ဆီးချိုကတော့ အသက်အရွယ်မရွေးတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဖြစ်များတာက ကလေးတွေမှာ အဖြစ်များတယ်။ ၁၅ နှစ်အောက် ကလေးတွေမှာ ဖြစ်တာ ပိုများတယ်။

Voice : ကလေး အသက်ငယ်တဲ့ အချိန်တည်းက ဖြစ်တဲ့အတွက် သူတို့ အသက်အရွယ် ရလာတဲ့အချိန်မှာ ရော ဘယ်လိုနောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါသေး သလဲ။
Dr.MST : အမျိုးအစား-၁ ဆီးချိုက ဖြစ်ပြီးပြီဆိုရင် ကိုယ်ခန္ဓာထဲမှာ အင်ဆူလင် မထုတ်နိုင်တော့ဘူးပေါ့။ ဘာလို့ မထုတ်နိုင်သလဲဆိုတော့ ကလေးရဲ့ကိုယ်ခန္ဓာ ထဲမှာ ပန်ကရိယဆိုတာရှိတယ်။ သူက အင်ဆူလင် ဆိုတဲ့ ဟော်မုန်းကိုထုတ်ပေးတာ။ အဲဒီ အင်ဆူလင်ထုတ် ပေးတဲ့နေရာတွေကို ဖျက်ပစ်တဲ့ပစ္စည်းတွေ ထွက်လာ တဲ့အတွက်ကြောင့် ဖြစ်လာတာပေါ့။ ဆီးချိုက တစ်သက် လုံးဖြစ်မယ့် သဘောရှိတာပေါ့။ ဆီးချိုဖြစ်လာရင် ကလေး က သွေးထဲမှာ သကြားဓာတ်တွေများလာခြင်းကို ထိရောက် စွာမကုသရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါဟာ  ကြာရှည်စွာဖြစ်ပွား တဲ့ ရောဂါဖြစ်တဲ့အတွက် ဒါတွေရဲ့နောက်ဆက်တွဲကို ခံစားရမယ်။ ဒါ့ကြောင့်မို့လို့ နောက်ဆက်တွဲက ကျောက်ကပ်ပျက်တာတို့၊ မျကိစိကို တိမ်စွဲလာတာတို့၊ ခြေတွေလက်တွေ ဒဏ်ရာရတဲ့အချိန်မှာ အနာမကျက် ဘူး ဖြစ်လာနိုင်ပါတယ်။ ကလေးရဲ့ ကြီးထွားနှုန်းကို လည်း ထိခိုက်စေနိုင်ပါတယ်။ 

Voice : အမျိုးအစား-၁ ကလေးဆီးချိုကို ဘယ်လို ကုသရပါမလဲ။ 
Dr.MST : ကလေးဆီးချိုမှာ အင်ဆူလင်ထိုးဆေးပဲ ပြန်ပေးရတယ်။ အင်ဆူလင်က သောက်ဆေး မရှိဘူး။ ထိုးဆေးပဲရှိတယ်။ နေ့တိုင်းထိုးပြီးပဲ ကုသရမယ်။ တကယ်လို့ ထိရောက်စွာမကုသရင် သကြားဓာတ်တွေ များလာတဲ့အတွက် ဆီးတွေ အရမ်းသွားတယ်၊ ရေငတ် တယ်။ အဲဒီအချိန်မှာ ကလေးက အကြောင်းတစ်ခုခုကြောင့် သူများကလေးလိုပဲ နှာစေး၊ ချောင်းဆိုးတယ်ဆိုရင် သူ့ကိုယ်ခန္ဓာက တုံ့ပြန်မှုတွေရှိလာတယ်။ အဲဒီ လိုတုံ့ပြန်လာတဲ့အချိန်မှာ သကြားဓာတ်က ပိုများလာ နိုင်တယ်။ အဲဒီအချိန်မှာ အင်ဆူလင်က မထုတ်လုပ်နိုင် ဘူး ဖြစ်နေတော့ ကလေးက အသက်ရှူတွေ မြန်လာနိုင်တယ်။ အန်လာတယ်။ ဗိုက်တွေ နာလာတယ်။ မှိန်းလာတယ်။ အဲဒီကနေ သတိလစ်တာတို့ဖြစ်တယ်။ ဆီးချိုကြောင့် အဆိပ်တက်ခြင်းတွေ ဖြစ်တယ်။ အသက် အန္တရာယ်အထိ ရောက်သွားနိုင်တယ်။ 

Voice : ဒီရောဂါမဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်လို့ရနိုင်မလဲ။
Dr.MST : အခုထိတော့ အမျိုးအစား-၁ ဆီးချိုရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်ရနိုင်မယ့် နည်းလမ်းဆိုတာကတော့ မရှိသေးဘူး။ အမျိုးအစား-၁ ဆီးချိုက ဘာကြောင့်ဖြစ်သလဲဆိုတော့ သူက Genetic လို့ ခေါ်တဲ့ မွေးရာပါဗီဇ အခြေအနေကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒီဗီဇအပေါ်မှာ နောက်ထပ် ပြန်ပေါင်းသွားတာက Environmental Factors လို့လည်းခေါ်တာပေါ့။ ပတ်ဝန်းကျင်ကနေ ရောဂါပိုးတစ်မျိုးမျိုး ရှိလာတယ်။ ဒါကို ကိုယ်ခန္ဓာက ပြန်တိုက်ခိုက်ရင်းနဲ့ အဲဒီအချိန် မှာ ကိုယ်ခန္ဓာထဲက ပန်ကရိယမှာရှိတဲ့ အင်ဆူလင်ထွက် တဲ့နေရာတွေကို သွားတိုက်ခိုက်လိုက်တာ။ အဲဒါကြောင့် အင်ဆူလင်မထွက်တာပေါ့။ 

Voice : ရောဂါဖြစ်ပွားနေတဲ့ ကလေးတွေအနေ နဲ့ရော ဘယ်လိုနေထိုင်သင့်ပါသလဲ။
Dr.MST : အဲဒီကလေးတွေကို အင်ဆူလင် ထိုးဆေး ပြန်ပေးရတယ်။ ကလေးသုံးတဲ့ အင်ဆူလင်အမျိုးအစား ပေါ်မူတည်ပြီး တချို့က တစ်နေ့ နှစ်ကြိမ်ထိုးရတယ်၊ တချို့က တစ်နေ့ လေးကြိမ်ထိုးရတယ်။ နောက် အင် ဆူလင်ထိုးတဲ့အခါကျရင် ဘယ်လို ထိုးရသလဲဆိုတာ သင်ပေးတယ်။ ပုံမှန် နေ့တိုင်း သကြားဓာတ်ကို ဖောက်စစ်နေရတယ်။ အင်ဆူလင်က နေ့စဉ်ပုံမှန် ထိုးနေရမှာ ပါ။

Voice : ဆရာမအနေနဲ့ ဒီရောဂါနဲ့ပတ်သက်ပြီး ဖြည့်စွက်စကားပြောပေးပါဦး။
Dr.MST : ကလေးဆီးချိုဆိုတာ လူသိနည်းနေတော့ ကလေးမှာ ဆီးချိုဖြစ်တာ ဟုတ်ပါ့မလား ဆိုပြီး တော့ ဖြစ်နေတာပေါ့။ အခုပြောတဲ့ လက္ခဏာတွေပြ တယ်ဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်တွေ ပြမယ်။ သကြားဓာတ် ဖောက်စစ်ပြီးတော့ အမျိုးအစား-၁ ဆီးချို ဟုတ် မဟုတ် စစ်ဆေးပြီး ကုသကြပါလို့။ 

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ