News

POST TYPE

HEALTH

ခါးနာခြင်းကင်းဝေးစေမည့် ဆောင်ရန်၊ ရှောင်ရန်များ
22-Nov-2017 tagged as

အသက်အရွယ်ကြီးသည့် လူကြီးများတွင်သာမက လူငယ်များ၌ပင် နေထိုင်မှုပုံစံ မမှန်ခြင်းများကြောင့် အရိုးအကြောနှင့် အဆစ်အမြစ်များတွင် ဒဏ်ဖြစ်ပြီး နာကျင်ခြင်း ဝေဒနာများကို ဖြစ်စေပါသည်။ ယင်းကဲ့သို့ နာကျင်မှုများထဲမှ ခါးနာခြင်းနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကို ဖော်ပြလိုက်ပါသည်။

အလေးမခြင်း - အလေးအပင်မလျှင် ခြေထောက်ကို ကွေးပါ။ ခါးကို အတတ်နိုင်ဆုံး မတ်မတ်ထားပါ။ လိုအပ်လျှင် ဒူးကွေးပါ။ ဝန်ထုပ်ကို ကိုယ်နှင့် ကပ်ထားပါ။ ဝန်သိပ်လေးပါက အကူအညီရှာပါ။

မတ်တတ်ရပ်ခြင်း - မတ်တတ်ကြာကြာ ရပ်မည်ဆိုပါက ပုံစံတစ်မျိုးတည်းတွင် ကြာကြာမရပ်ရ။ ခါးရိုးကို မတ်မတ်ထား၍ နား၊ ပခုံး၊ တင်ပါးဆုံရိုးတို့အား မျဉ်းပြိုင် အနေအထား ဖြစ်ရပါမည်။ ခြေထောက်တစ်ဖက်ကို အနည်းငယ်ရှေ့သို့ထုတ်၍ ထား ပါ။ ဒူးခေါင်းကိုကွေး၍ သက်သောင့်သက်သာ အနေအထားဖြင့်ရပ်ပါ။ ကြာကြာရပ် မည်ဆိုပါက ခါးကျောရိုးတည့်မတ်စေရန် ခွေးခြေခုံမြင့်မြင့်ကိုသုံးပါ။ ခြေထောက် နှစ်ချောင်းလုံးပေါ်တွင် စုံမရပ်ဘဲ မကြာခဏ ခြေတစ်ဖက်စီကို အလှည့်ကျ ခြေဖျား ထောက်ပြီးရပ်ပါ။ အချိန်ကြာမြင့်စွာ လမ်းလျှောက်၊ မတ်တတ်ရပ်မည်ဆိုပါက ဒေါက်မြင့်ဖိနပ် မစီးသင့်ပါ။ သက်သောင့်သက်သာရှိသော ဖိနပ်များကိုစီးပါ။

ထိုင်ခြင်း - ထိုင်မည်ဆိုလျှင် ကုလားထိုင်သည် မိမိ၏အနောက်တွင် ရှိ မရှိ ဆန်းစစ်ပါ။ ခြေထောက်တစ်ဖက်ကို အနည်းငယ် နောက်သို့ ရွှေ့ထားပါ။ ဝမ်းဗိုက် ကြွက်သားအား တောင့်ထား၍ တင်ပါးဆုံရိုးအား ရှေ့သို့ကွေး၍ ခါးကို မတ်မတ်ထားပြီး အထောက်အပံ့အားဖြင့် ကုလားထိုင် လက်တန်းကို အားပြု၍ ကိုင်ထားပါ။ ဒူးကွေးထားခြင်းဖြင့် ခြေသလုံးကြွက်သားများသည် ထိုင်ခုံပေါ်သို့ ရောက်အောင် စွမ်းဆောင်ပေးနိုင်ပါသည်။

အိပ်ခြင်းနှင့် အိပ်သည့်ပုံစံမှ ထထိုင်ခြင်း - အိပ်သည့်နေရာသည် ခါးကိုတည့်၍ ခန္ဓာကိုယ် သက်သောင့်သက်သာ အနေအထား ရှိသည့်နေရာ ဖြစ်ရမည်။ ပက်လက် အနေအထားဖြင့် လဲလျောင်းအိပ်သည့်အခါ ကြမ်းပြင်ပေါ် မအိပ်ဘဲ ကွပ်ပျစ် (သို့မဟုတ်) နှစ်လက်မ၊ သုံးလက်မ အထူခင်းထားသည့် ခုတင်ပေါ်တွင် ခေါင်းအုံးကို ခြေထောက်နှစ်ချောင်းအောက်တွင် ထား၍အိပ်ပါ။ ဘေးစောင်း အိပ်မည်ဆိုပါက ပေါင်နှစ်ချောင်း မျဉ်းပြိုင်ဖြစ်စေရန် ခေါင်းအုံးကို ခွ၍အိပ်ပါ။ 

ခါးကို မလိမ်မကောက်စေဘဲ အိပ်ရာပေါ်တွင် ဘယ်ညာစောင်းလိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း လှည့်ကာ ခေါင်းအုံးကိုပါ တစ်ပါးတည်း ရွှေ့ပြောင်းပါ။ ထို့အပြင် အိပ်ရာမှထလျှင် ခါးကုန်းကာ ခြေထောက်များ ဆန့်ပြီး မထစေဘဲ တစ်ကိုယ်လုံး ခုတင်ပေါ်မှစောင်းပြီး ဒူးဆစ်အောက်ခြေထောက်နှစ်ချောင်းကို ခုတင်ဘေးသို့ အရင်ချ၍ လက်နှစ်ဖက်ကိုအားယူလျက် တွန်းထပါ။ ခါးကိုတည့်တည့်မတ် မတ်ထား၍ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း လှုပ်ရှားမှုပြုရပါမည်။ 

ခန္ဓာကိုယ် လှည့်ခြင်း - မတ်တတ်ရပ်သည့်အချိန်နှင့် ခန္ဓာကိုယ်လှည့်သည့်အချိန်တွင် ခါးကိုသတိထားပါ။ ခန္ဓာကိုယ် လှည့်သည့်အခါ ခါးကိုလိမ်၍လှည့်မည့်အစား ခြေထောက်ကို အရင်ရွှေ့ပါ။ ပြီးမှ တင်ပါးဆုံနှင့် ပခုံးကိုရွှေ့ပါ။ ခြေလှမ်း အနည်းငယ်ရွှေ့ပြီး ခြေဖနောင့်ကိုလှည့်၍ ဦးတည်ရာသို့လှမ်းပါ။ ခြေလှမ်းကို ရှေ့ဆက်လှမ်းပါ။ ဒူးကို သက်သောင့်သက်သာ ထားပါ။ ဝမ်းဗိုက်ကြွက်သားများကို တောင့်ထားပါ။ ထို့အပြင် နှာချေ၊ ချောင်းဆိုးမည်ဆိုပါက ခါးကို လုံးဝ မကုန်းရပါ။ ကျောရိုးတစ်ခုလုံးကို ဖြောင့်ဖြောင့်ထား၍ ဒူးခေါင်း၊ တင်ပါးဆုံရိုးတို့ကိုကွေး၍ နှာချေ၊ ချောင်းဆိုးပါ။

Source : အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး ဆေးပညာဌာန

  • TAGS