News

POST TYPE

HEALTH

မန္တလေးတိုင်းအတွင်း အနာကြီးရောဂါ လူနာသစ် နှစ်စဉ် ၅၀ဝ ဦးဝန်းကျင်တွေ့
22-Nov-2017

မန္တလေး၊ နိုဝင်ဘာ ၂၁

မြန်မာနိုင်ငံအနေနှင့် အနာကြီး ရောဂါကင်းစင်မှု သတ်မှတ်ချက်ပြည့်မီ နိုင်ငံအဖြစ် သတ်မှတ်ခြင်း ခံထားရသော်လည်း မန္တလေးတိုင်းအတွင်း နှစ်စဉ် ပိုးရှိ လူနာအသစ် ၅၀ဝ ဝန်းကျင် တွေ့ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနခွဲ (မန္တလေးဇုန်) မှ စောင့်ရှောက်ရေးမှူး ဦးဂျူးစိုးက ပြောကြားသည်။

“ကျွန်တော်တို့ မန္တလေးဇုန်မှာဆိုရင် လူနာသစ်က နှစ်စဉ် ၅၀ဝ ပတ်ချာလည်မှာရှိတယ်။ မနှစ်က စာရင်းအရလည်း ၅၀ဝ ပတ်ချာလည်မှာပဲ။ များတဲ့နှစ်ဆို ၅၅၀။ နည်းတဲ့နှစ်ဆို ၄၉၀ လောက် ရှိတယ်။ တိုင်းနဲ့ပြည်နယ် အားလုံးမှာ မန္တလေးတိုင်းက အနာကြီးရောဂါက အဖြစ်အများဆုံးပါပဲ။ အခုစာရင်းတွေ ဆိုတာကလည်း အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနအနေနဲ့ ထွက်ရှာလို့ရတဲ့စာရင်း မဟုတ်ဘူး။ လူနာတွေ ကိုယ်တိုင် လာပြတာကို ပြုစုထားတဲ့ စာရင်း။ ထွက်ရှာရင် ခုထက် ပိုနိုင်တယ်”ဟု ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံသည် အနာကြီးရောဂါ ကင်းဝေးရေး သတ်မှတ်ချက် (Elimination Target) ရောက်ရှိပြီဖြစ်ကြောင်း ၂၀ဝ၃ ခုနှစ်တွင် အစိုးရက ကြေညာခဲ့ပြီးချိန်မှစတင်ကာ ကျန်းမာရေး ဝန်ကြီးဌာန (ယခင်) အနေနှင့် အနာကြီးရောဂါ တိုက်ဖျက်ရေးအတွက် သောက်ဆေးပေးခြင်း အပါအဝင် တိုက်ဖျက်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် မပြုလုပ်နိုင်တော့ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအောက်ရှိ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနခွဲ (မန္တလေးဇုန်) ထံမှ သိရသည်။ 

“သောက်ဆေး ထောက်ပံ့မှုက လူနာတွေအတွက် အလုံအလောက် ရပါတယ်။ ဒီလူနာတွေအတွက် ဆေးက တစ်မျိုးပဲ ရှိတာဆိုတော့ အလုံအလောက် ချပေးပါတယ်။ မန္တလေးဇုန်မှာလည်း လုံလုံလောက်လောက် ရှိတယ်။ တစ်နိုင်ငံလုံးအတွက်လည်း မပြတ်ပါဘူး။ ကျွန်တော်တို့ မန္တလေးတိုင်းက Elimination Target ကို မီတယ်လို့ ပြောလို့ရပါတယ်။ မီရုံလေးပါပဲ။ အဲ့ဒါက ဘာလို့လဲဆိုတော့ တကယ် မရှာနိုင်လို့။ တကယ် ရှာလိုက်ရင် မီပါတယ်လို့ ပြောဖို့ မသေချာတော့ဘူး။ လူနာသစ် ဆိုတာတွေက သူတို့ ပတ်ဝန်းကျင်မှာ ဖုံးကွယ်လို့မရနိုင်လောက်လို့ လာပြတဲ့လူနာတွေ”ဟု ဦးဂျူးစိုးက ရှင်းပြသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ချက်အရ လူဦးရေတစ် သောင်းတွင် အနာကြီးရောဂါ ဖြစ်ပွားမှုနှုန်း တစ်ဦးအောက်ရောက်သွားပါက  အနာကြီးရောဂါ ကင်းဝေးရေး သတ်မှတ်ချက် (Elimination Target) ရောက်ပြီဟု သတ်မှတ်ထားသည်။

“၂၀ဝ၃ မှာ အဲဒီတာဂတ်ကို ရောက်သွားတယ်ပေါ့နော်။ ဒါပေမဲ့ ရောဂါရှိတဲ့လူတွေ ကျန်နေသေးတယ်။ မနှစ်က စာရင်းအရဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာအရ လူနာသစ် ၂၆၀ဝ ကျော်ရှိတယ်။ လူနာသစ်လို့ ပြောတာက ကျွန်တော်တို့က ဒီဇင်ဘာမှာ ဆေးစကျွေးတယ်ဆိုရင် တစ်နှစ်ဆိုရင် ဆေးပတ်ပြည့်တယ်။ ဆေးပတ်ပြည့်တာနဲ့ လူနာစာရင်းကနေ ဖယ်လိုက်တယ်။ လူနာအသစ်က တစ်နှစ်ကို ၂၆၀ဝ ကနေ ၃၀ဝ၀ ကြားမှာ အမြဲရှိတယ်။ ဆေးကြွေးပြီးပြီဆိုရင် စာရင်း အဟောင်း ဖြစ်သွားတယ်။ ရောဂါပျောက်သွားတယ်လို့ သတ်မှတ်တယ်။ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတော့ ရှိနေတယ်”ဟု မက်သဒစ်အသင်းတော် (အထက် မြန်မာပြည်) တာဝန်ခံ စောအယ်ထူးက ပြောကြားသည်။

ရှမ်းပြည်နယ်ကဲ့သို့သော နေရာများရှိ သွားလာ ဆက်သွယ်ရန် လွယ်ကူသောနေရာများမှ လူနာများကို ကျန်းမာရေး ဝန်ကြီးဌာနအနေနှင့် ဆေးကျွေးမှုများ ပြုလုပ်နိုင်သော်လည်း သွားလာရ ခက်ခဲသည့်နေရာများသို့ သွားရောက်နိုင်ခြင်း မရှိသကဲ့သို့ ဆေးရုံသို့ ရောက်ရှိလာသည့် လူနာများအတွက် ဆေးရရှိရန်မှာလည်း အခက်အခဲဖြစ်နေကြောင်း တာချီလိတ်မြို့ ခရစ်ယာန် အနာကြီး သာသနာ အသင်းတော်မှ စိုင်းရိုဘင်က ပြောကြားသည်။

“၂၀ဝ၄ ခုနှစ်မှာ ကျွန်တော်တို့အသင်း ရှမ်းပြည်ဘက်မှာ ကွင်းဆင်းတော့ ရှစ်အိမ်လောက်ကို တွေ့ခဲ့တယ်။ ကျန်းမာရေးဌာနကို အကြောင်းကြားတဲ့အခါ သူတို့က မယုံဘူး။ မရှိတော့ဘူးဘဲ ပြောတယ်။ ကျွန်တော်တို့ သွားခေါ်ပြီးပြတဲ့အခါကျမှ လူနာအသစ်တွေကို တွေ့သွားတာ။ အဲဒီကျမှ ဆေးတိုက်နိုင်တယ်။ ရှမ်းပြည်က နယ်မြေ ကျယ်ပြန့်တယ်၊ သွားလာရေး ခက်တယ်။ အထူးဒေသတွေလည်း ရှိတဲ့အတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့တဲ့ဆေးက မလွှမ်းခြုံနိုင်ဘူး (Coverage) မဖြစ်ဘူး။ ခုချိန်ထိလည်း မဖြစ်ပါဘူး”ဟု မက်သဒစ် အသင်းတော် (အထက်မြန်မာပြည်) တာဝန်ခံ စောအယ်ထူးက ထပ်လောင်း ပြောကြားသည်။ 

မြန်မာတစ်နိုင်ငံလုံးတွင် ဆေးသောက်ပြီးနောက် အနာကြီးရောဂါ ပျောက်ကင်းသွားသည့်လူနာ သုံးသိန်းဝန်းကျင်ရှိနေပြီး ယင်းတို့အနက် ကိုယ်အင်္ဂါ ချို့ယွင်းသွားသည့် လူနာ သုံးဆယ် ရာခိုင်နှုန်းခန့်အထိ ပါဝင်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

“ကျွန်မတို့နိုင်ငံက သတ်မှတ်ချက်တစ်ခုကို ရောက်သွားပြီ ဆိုပေမယ့် တိုက်ဖျက်ရေး စီမံချက်ကတော့ ရှိနေဆဲပါပဲ။ နှစ်စဉ် လူနာအသစ်တွေ ရှာဖွေတွေ့ရှိရင် ကုသပေးဖို့ရှိတယ်။ ဆေးသောက်ပြီးတဲ့ လူနာတွေထဲက ကိုယ်အင်္ဂါ ချို့ယွင်းသွားတဲ့ လူနာတွေကို ပြန်လည် သန်စွမ်းရေး လုပ်ငန်းတွေ လုပ်နေရဆဲပါပဲ။ အဲဒီအတွက် ထောက်ပံ့ပေးနေပါတယ်”ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနာမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

M-04