News

POST TYPE

HEALTH

တောင်ငူတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ၂၇၀ဝ၀ ကျော် ထိုးပြီး
21-Nov-2017

တောင်ငူ၊ နိုဝင်ဘာ၂၁

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ကြား ကလေးငယ်များကို ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးပေးခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၂၁ ရက်အထိ ကလေး ၂၇၀ဝ၀ ကျော် ထိုးနှံပြီးစီးကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိအိမင်းနောင်က ပြောကြားသည်။

ကာကွယ်ဆေးမှာ အကျိုးနှင့် အပြစ်လည်းရှိပြီး အကျိုးများသဖြင့် ထိုးပေးမည်ဖြစ်ကြောင်း၊ ယခုဆေးမှာ အစမ်းသပ်ခံအဖြစ် လာရောက် ထိုးနှံပေးခြင်း မဟုတ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများထက် မြန်မာနိုင်ငံမှာ တစ်နှစ်ခွဲခန့် နောက်ကျပြီးမှ ထိုးရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

ကာကွယ်ဆေးကို ပြည်ပအလှူရှင်များ ရှိလာသည့်အတွက် ထိုးနှံပေးနိုင်ခြင်းဖြစ်ပြီး အစမ်းသပ်ခံအဖြစ်လည်း ထိုးနှံနေခြင်း မဟုတ်ဘဲ တစ်နိုင်ငံလုံးတွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းပြီးပါက ပဲခူးတိုင်းဒေသကြီးသည် ဂျပန်ဦးနှောက်ရောင် ရောဂါအဖြစ်များဆုံး တိုင်းဒေသကြီး တစ်ခုအဖြစ် ပါဝင်နေကြောင်း၊ ကာကွယ်ဆေးထိုးနှံမှု မပြုနိုင်သည့် ရောဂါရှိနေသူများမှအပ ကျန်သည့် ကလေးငယ်များ ထိုးနှံပေးစေချင်ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ၂၀ ရက်တွင် တောင်ငူမြို့ အမှတ် ၇ အခြေခံပညာကျောင်းမှ ကျောင်းသားမိဘများကို ရှင်းပြသည်။ 

ပဲခူးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင် ရောဂါဖြစ်ပွားသူက ၂၃ ယောက် ရှိခဲ့ကြောင်း၊ ကာကွယ်ဆေးကို ကျန်းမာရေး ဦးစီးဌာနက ၂၀၁၈ ခုနှစ်တွင် ရပ်ကွက်၊ ကျေးရွာများထံ ကွင်းဆင်းကာ ထိုးနှံမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

သားဖြစ်သူ ဒုတိယတန်းကျောင်းသားကို ယင်းနေ့ နံနက်ပိုင်းက တောင်ငူမြို့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းတွင် ကာကွယ်ဆေးထိုးပေးခဲ့ပြီး ဆေးထိုးပြီးချိန် အချိုရည် တိုက်ခြင်း၊ အနားယူခြင်းများ လုပ်ဆောင်ပေးပြီးနောက် တစ်နာရီအကြာတွင် အိမ်ပြန်ခေါ်လာခဲ့ရာ လက်ရှိအထိ ကလေးမှာ လန်းဆန်းနေကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။ 

ကောလာဟလအချို့ကြောင့် ကျောင်းသားမိဘများ စိုးရိမ်နေသည့်အတွက် ကျန်းမာရေး ဦးစီးဌာနထံ အကူအညီတောင်းကာ ဟောပြောပွဲ ပြုလုပ်ပေးခဲ့သဖြင့် ကလေးငယ် အားလုံးနီးပါး လာရောက် ဆေးထိုးနှံခဲ့ကြောင်း၊ ကျောင်းတွင်လည်း ကလေးငယ်များ သောက်သုံးရန်အချိုရည်နှင့် အနားယူရန် နေရာများ ထားရှိပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း အ-ထ-က ၇ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

R-15


  • VIA