News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးသည့် ကလေးတစ်ဦး ထပ်မံသေဆုံး
21-Nov-2017

ပုသိမ်၊ နိုဝင်ဘာ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သော အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး ဆေးထိုးပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ တိုင်းကျန်းမာရေး ဦးစီးဌာနကို ကွင်းဆင်းစစ်ဆေးရန် ပြောကြားထားပြီး သေဆုံးမှုမှာ ကာကွယ်ဆေးကြောင့် ဟုတ် မဟုတ်၊ အခြားရောဂါအခံ ရှိ မရှိတို့ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

သေဆုံးသူမှာအသက် ၇ နှစ်အရွယ်ရှိ ပထမတန်းကျောင်းသား မောင်ကျော်ဇင်ထက်ဖြစ်ကြောင်း၊ ၎င်းသည် နိုဝင်ဘာ လ ၁၆ ရက်နေ့က ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးအပြီး ၂ ရက်ဆက်တိုက် မူးဝေခြင်း၊ အော့အန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းနောက် ၃ ရက်မြောက်နေ့ ဖြစ်သော နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် သေဆုံးခဲ့ကြောင်း ရှောပြာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကိုဦးက ပြောပြသည်။

အဆိုပါ ကလေးမှာ ၂၀၁၆ ခုနှစ်က ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတင် ကုသခဲ့ရပြီး ယခု ကာကွယ်ဆေး မထိုးခင် ရက်ပိုင်းအတွင်းက ပြင်းပြင်းထန်ထန် နေမကောင်း ဖြစ်ခဲ့ဖူးကြောင်း၊ နေပြန်ကောင်းခါစတွင် ကျောင်း၌ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ထိုးခဲ့ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။ 

တိုင်းကျန်းမာရေးအဖွဲ့က နိုဝင်ဘာလ ၂၀ရက်နေ့က သေဆုံးသူကလေး၏ အလောင်းကို ပြင်ပ စစ်ဆေးချက်များ လုပ်ဆောင်ခြင်း၊ မိသားစုကို ကလေး၏ ရောဂါ ရာဇဝင်ကိုမေးမြန်းခြင်း၊ မိသားစု၏ ကျန်းမာရေး အခြေအနေကို စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ သေဆုံးသူ ကလေးကို ခွဲစိတ်စစ်ဆေးမှု မလုပ်ရန် မိသားစုက မေတ္တာရပ်ခံခဲ့သဖြင့် မခွဲစိတ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။ 

ဧရာဝတီ တိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်မှ ၂၃ ရက်နေ့အထိ စာသင်ကျောင်းများတွင် အသက် ၅ နှစ်မှ ၁၅ နှစ်အတွင်းရှိ ကလေးသူငယ်များကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၁ မှ ၂၀ အထိ ပြည်သူ အခြေပြု ဆေးထိုးခြင်းလုပ်ငန်းတွင် အသက် ၉ လမှ ၅ နှစ်ရှိ ကလေးများကို ဆောင်ရွက်မည်ဖြစ်ရာ ကလေးသူငယ် ၁၇ သိန်းကျော်ကို ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီးဌာနထံမှ သိရသည်။  

မြန်မာနိုင်ငံတစ်ဝန်း အသက်ကိုးလ မှ ၁၅ နှစ်အရွယ်ကလေးများကို နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ လက်ရှိအထိ ကလေး စုစုပေါင်း ငါးသန်းကျော် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး၏ နောက်ဆက်တွဲ ပြင်းထန် လက္ခဏာဖြစ်ပွားသူ ကလေး သုံးဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ကာကွယ်ဆေး ထိုးနှံပြီးနောက် ပြင်းထန်သော နောက်ဆက်တွဲ လက္ခဏာများ ပေါ်ပေါက်သဖြင့် မြို့နယ်ဆေးရုံတွင် ကနဦး ကုသပေးပြီးနောက် တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံသို့ လွှဲပြောင်းခဲ့သော်လည်း နိုဝင်ဘာလ ၁၆ ရက်က သေဆုံးခဲ့ကြောင်း၊ သေဆုံးသည့် အကြောင်းအရင်းမှာ ကာကွယ်ဆေးနှင့် သက်ဆိုင်ခြင်း ရှိ၊ မရှိ သိရှိစေရန် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းသတင်း ထုတ်ပြန်ချက်အရ သိရသည်။

R-11,J-12

  • VIA