News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးအပြီးတွင် ကျောင်းသားကျောင်းသူအချို့ မူးဝေ၊ ခုနှစ်တန်းကျောင်းသူ တစ်ဦး ဆေးရုံတွင်သေဆုံး
17-Nov-2017
ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့၊ အထက (၂) စာသင်ကျောင်းတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအနက် အချို့မှာ မူးဝေလာသဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရပြီး သတ္တမတန်းကျောင်းသူတစ်ဦးမှာ တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက် မန်နေဂျာ ဒေါက်တာ ထားထားလင်းက အတည်ပြုပြောကြားသည်။

“ကလေးက မနက်မှာ ကာကွယ်ဆေးထိုးပြီးတော့ ညနေမှာ ဆုံးသွားပါတယ်။ အဲ့ဒီအပေါ်မှာ စုံစမ်း စစ်ဆေးပေးပါတယ်။ လောလောဆယ် ကာကွယ်ဆေးကြောင့်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုး ကျွန်မတို့ရှာလို့မတွေ့သေးပါဘူး”ဟု ၎င်းကဆိုသည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် သတ္တမတန်း (က) မှကျောင်းသူ မနန်းယဉ်ယဉ်ထွေးမှာ ထမင်းစားပြီး မူးဝေလာသဖြင့် ပင်လောင်းမြို့နယ်ဆေးရုံသို့ တင်ပို့ခဲ့သော်လည်း မသက်သာသဖြင့် တောင်ကြီးစဝ်စံထွန်း ဆေးရုံသို့ လွှဲပြောင်းတင်ပို့ကုသခဲ့စဉ် ထိုည ၇ နာရီဝန်းကျင်က သေဆုံးခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုမှာ ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ကျောင်းသူတစ်ယောက် သေသွားတာကတော့ သေချာတယ်။ ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ်တော့ ကျွန်တော်တို့လည်း သေချာမသိဘူး။ ကလေးရှစ်ယောက်က ဆေးရုံတင်ထားရတယ်”ဟု ပင်လောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ပင်လောင်းမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျန်းမာရေးဝန်ထမ်းအဖွဲ့ သုံးဖွဲ့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း ယင်းမြို့နယ် ပညာရေးမှူးရုံးထံမှ သိရှိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိဘများအား ၎င်းတို့၏ကလေးများ လတ်တလောတွင် ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း၊ ရောဂါအတွက် ဆေးတစ်မျိုးမျိုး သောက်သုံးနေရခြင်းများရှိပါက ယင်းကာကွယ်ဆေးထိုးနှံရန်အတွက် ရက်ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ရန်အကြံပေးမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းမှ သိရသည်။

“အရင် ဒီကာကွယ်ဆေးထိုးဖူးလို့ မတည့်ဖူးဆိုရင် မထိုးပါနဲ့လို့ တားပါတယ်။ နောက်ကိုယ်ဝန်ဆောင်တွေ မထိုးပါနဲ့၊ နာတာရှည်ရောဂါ ဖြစ်တဲ့သူတွေနဲ့ တခြားရောဂါရှိတဲ့သူတွေကတော့ တားမြစ်တဲ့အထဲမှာ မပါပါဘူး။ ဒါပေမဲ့ လတ်တလော ရောဂါဝေဒနာ တစ်ခုခု ခံစားနေရတယ်၊ ဆေးတစ်ခုခု သောက်နေရတယ်ဆိုရင်တော့ ရွှေ့ဆိုင်းဖို့အတွက် အကြံပေးပါတယ်။ ဒါကလည်း ကလေးမှာရှိနေတဲ့ ရောဂါနဲ့တိုက်ဆိုင်ပြီး ကာကွယ်ဆေး မထိုးချင်တာလည်း ပါပါတယ်။ ကလေးက ကောင်းကောင်းနေမကောင်းတဲ့အခါမှာလည်း သူ့ရဲ့ ခုခံအားအများကြီး မရမှာစိုးတဲ့အတွက် ရွှေ့ဆိုင်းစေတာပါ”ဟု ဒေါက်တာထားထားလင်းက ရှင်းပြသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉ လမှ ၁၅ နှစ်အရွယ် ကလေး ၁၄ သန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး စတင်ထိုးနှံသည့်အချိန်မှာ လက်ရှိအချိန်အထိ ကာကွယ်ဆေး စုစုပေါင်း သုံးသန်းခွဲ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ အချက်အလက်များအရ သိရသည်။

ယခုထိုးနှံပေးသည့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chengdu Institute of Biological Products မှထုတ်လုပ်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရည်အသွေး ပြည့်မီကြောင်း အသိအမှတ်ပြုထားသော ကာကွယ်ဆေးဖြစ်ပြီး လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကတည်းက ထုတ်လုပ်သုံးစွဲခဲ့ပြီး တရုတ်နိုင်ငံတွင်သာမက တခြားသော အာရှနိုင်ငံများရှိ လူသန်း ၄၀ဝ ကို ထိုးနှံထားပြီးဖြစ်ကြောင်း၊ နီပေါ၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများတွင် အသုံးပြုလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှသိရသည်။


  • VIA