News

POST TYPE

HEALTH

နေထိုင်မှု ပုံမမှန်၍ လူငယ်များ၌ အရိုးကျီးပေါင်းဖြစ်ပွားမှုများ
15-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၁၄

အသက်အရွယ်ကြီးသူများတွင် သာမက လူငယ်လူရွယ်များ၌လည်း နေထိုင်မှုပုံမမှန်ခြင်းကြောင်း အရိုးကျီး ပေါင်းဖြစ်ပွားမှု များပြားလာကြောင်း မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာနမှ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခ ဒေါက်တာခင်စောဦးက ပြောကြားသည်။

“အရိုးကျီးပေါင်းက ရောဂါမဟုတ်ပါဘူး။ သူက အသက် လေးဆယ်ကျော်တဲ့သူတွေမှာ ဓာတ်မှန် ရိုက်ကြည့်လိုက်မယ်ဆိုရင် ၈၀ ရာခိုင်နှုန်းလောက်က ကျီးပေါင်းအတက်လေးတွေ ထွက်နေတာကို တွေ့ရတယ်။ နေထိုင်မှုပုံစံတွေ ပြောင်းလာသလို ခန္ဓာကိုယ် အသုံးပြုမှုတွေဖြစ်တဲ့ အထပ်မြင့်တွေ အတက်အဆင်း လုပ်တာ၊ ကွန်ပျူတာ အကြည့်များတာတွေ ပိုလာတဲ့အတွက် ပုံမှန်ထက် ပိုအသုံးပြုလာတဲ့အတွက် အရင်ထက်ပိုပြီး အဖြစ်များလာပါတယ်”ဟု ၎င်းကရှင်းပြသည်။

အရိုးကျီးပေါင်းသည် လည်ပင်းရိုး၊ ခါးရိုး၊ ဒူးဆစ်ရိုး စသည့်နေရာများတွင် အဖြစ်များပြီး တင်ပါးဆုံရိုးနှင့် လက်ချောင်းရိုးများ၌လည်း ဖြစ်ပွားနိုင်ကြောင်း၊ ယင်းရောဂါသည် ယခင်က အသက်အရွယ် ကြီးသူများတွင် Aging Process ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး ယခုနောက်ပိုင်းတွင် အသက်ငယ်ရွယ်သူများ၌လည်း ဖြစ်ပွားလာသည်ကိုတွေ့ရှိရကြောင်း အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာနထံမှ သိရသည်။

ရန်ုကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေနှင့် သင်ကြားရေး ဆေးရုံကြီး၊ သမိုင်း အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံကြီးတို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဆေးရုံများတွင်လည်း ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာ ဌာနများထားရှိပြီး မြောက်ဥက္ကလာပ အထွေထွေနှင့် သင်ကြားရေး ဆေးရုံကြီးတွင် ကျီးပေါင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာနိုင်သော နာကျင်မှုများအပြင် အခြားနာကျင်မှုများ၊ လေဖြတ်ခြင်း၊ အာရုံကြော မကြီးထိခိုက်ခြင်း၊ အောက်ပိုင်း မသန်စွမ်းခြင်း၊ ကလေးသူငယ်ဆိုင်ရာ ပြန်လည် သန်စွမ်းမှုများကို ကုသပေးလျက်ရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

“ဆရာမတို့ဆီမှာ ပြင်ပ လူနာဌာနနဲ့ အတွင်း လူနာဌာနရှိတယ်။ အတွင်းကတော့ ခုတင်အနေနဲ့ ရထားတာက နည်းတယ်။ ၁၂ ခုတင်ပဲ ရှိတယ်။ လူကတော့ အပြည့်ပါပဲ”ဟု ပါမောက္ခ ဒေါက်တာခင်စောဦးက ဆိုသည်။

မြောက်ဥက္ကလာပ အထွေထွေနှင့် သင်ကြားရေး ဆေးရုံကြီး၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါ ပြန်လည် သန်စွမ်းရေး ဆေးပညာဌာန၏ ပြင်ပ လူနာဌာနတွင် နေ့စဉ် လာရောက်ပြသသည့် လူဦးရေမှာ ၈၀ ဦးမှ ၁၀ဝ ဦးကြားရှိပြီး တနင်္လာမှ သောကြာနေ့အထိ ကြည့်ရှုပေးလျက်ရှိကာ အင်္ဂါနေ့နှင့် ကြာသပတေးနေ့တွင် လူနာအသစ်များကို ကြည့်ရှု ကုသပေးလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

J-12

  • VIA