News

POST TYPE

HEALTH

ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် တွေ့ဆုံခြင်း
15-Nov-2017

ငါးနှစ်အောက်ကလေးများ၌ အဖြစ်များသည့် လက်၊ ခြေ၊ ပါးစပ်နာရောဂါ

လက်၊ ခြေ၊ ပါးစပ်နာ ရောဂါသည် အသက် ငါးနှစ်အောက် ကလေးငယ်များတွင် အများဆုံးတွေ့ရှိရပြီး ကမ္ဘာတစ်ဝန်း ဖြစ်ပွားမှုရှိသော်လည်း အာရှတိုက်တွင် အဖြစ်များသည်ကို ပိုမိုတွေ့ရှိရသည်။ အသက် အန္တရာယ်ရှိသည့် ရောဂါမျိုး မဟုတ်သော်လည်း မြန်မာနိုင်ငံ၏ နေရာဒေသ အစုံ၌လည်း ဖြစ်ပွားလျက်ရှိသည့် အဆိုပါ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ဒေါက်တာသူရဇော် (ကလေးဆရာဝန်) နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လက်၊ ခြေ၊ ပါးစပ်နာ ဆိုတာကို ရှင်းပြပေးပါဦး။
Dr.TYZ : အခုတစ်လော ကလေးတွေမှာ တွေ့ရများတာပေါ့။ ကလေးတွေရဲ့ လက်ဖဝါးတွေ၊ ခြေဖဝါးတွေမှာ အရည်ကြည်ဖုလေးတွေ ပေါက်မယ်။ ပြီးတော့ ပါးစပ်ထဲမှာ အနာလေးတွေ ဖြစ်မယ်ပေါ့။ ဒါကို ခေါ်ကြတာကတော့ လက်၊ ခြေ၊ ပါးစပ်နာ (Hand, Foot and Mouth Disease) လို့ ခေါ်တယ်။ တချို့ကလည်း ကျွဲ၊ နွားတိရစ္ဆာန်တွေမှာဖြစ်တဲ့ ခွာနာလျှာနာမျိုးဆိုပြီး ကလေးခွာနာလျှာနာလို့ ပြောတာရှိပါတယ်။ ခွာနာ လျှာနာလို့ မသုံးစေချင်ပါဘူး။ တိရစ္ဆာန်မှာ ဖြစ်လေ့ရှိတဲ့ ခွာနာလျှာနာ ဖြစ်တဲ့ရောဂါပိုးနဲ့ အခု ကလေးတွေမှာဖြစ်တဲ့ ရောဂါပိုးက အနေအထား မတူသလို ရောဂါရဲ့ သဘာဝကလည်း မတူပါဘူး။

Voice : ဘယ်လို အသက်အရွယ်တွေမှာ အဖြစ်များပါသလဲ။ ဘာကြောင့် ဖြစ်ပွားရတာပါလဲ။
Dr.TYZ : အသက်ငါးနှစ်အောက် ကလေးငယ်တွေမှာ အဖြစ် များပါတယ်။ ဒါပေမဲ့ အသက်အရွယ်မရွေး ဖြစ်နိုင်သလို အသက် ၁၀ နှစ်အထိ ဖြစ်တာတွေကိုလည်း တွေ့ရပါတယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုရင်တော့ ဗိုင်းရပ်စ် ရောဂါပိုးကြောင့်ပဲ ဖြစ်ပါတယ်။ Coxsackievirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ရယ်၊ Enterovirus EV71 လို့ခေါ်တဲ့ ဗိုင်းရပ်စ် မျိုးနွယ်စုတွေကြောင့်ဖြစ်တယ်။ ဗိုင်းရပ်စ်မျိုးနွယ်စု မျိုးကွဲပေါင်း များစွာရှိတယ်။ Coxsackievirus က အဖြစ်များတာ တွေ့ရပါတယ်။ ရောဂါပိုးရှိတဲ့ ကလေးသူငယ်တွေနဲ့ ထိတွေ့မိရာကလည်းကောင်း၊ သူတို့ နှာချေချောင်းဆိုးတဲ့ အမှုန်အမွှားတွေကို ရှူရှိုက်မိရာကလည်းကောင်း၊ ဒါမှမဟုတ် သူတို့က စွန့်ပစ်တဲ့မစင် အစရှိတဲ့ အညစ်အကြေးတွေကို တစ်နည်းနည်းနဲ့ ကိုင်တွယ်မိတယ်၊ ထိတွေ့မိတယ်၊ ကလေးရဲ့ ပါးစပ်ထဲကို ရောက်ရှိသွားရင် စသဖြင့် ကူးစက်နိုင်တာကို တွေ့ရပါတယ်။

Voice : ရောဂါရဲ့လက္ခဏာတွေကို ပြောပြပေးပါဦး။
Dr.TYZ : ရောဂါပိုး ကူးစက်ပြီးပြီဆိုရင်လည်း ကလေး တစ်ယောက်က သူ့ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှု ခုခံအား အနည်းနဲ့အများပေါ်မှာ မူတည်ပြီးတော့ သုံးရက်ကနေ ခုနစ်ရက်လောက်ကြာမှ ရောဂါလက္ခဏာပြတာ တွေ့ရပါတယ်။ ရောဂါလက္ခဏာကလည်း အနုစားနဲ့ အပြင်းစားထိအောင် အမျိုးမျိုး တွေ့ရတတ်တယ်။ ပထမဆုံး တစ်ရက်၊ နှစ်ရက်မှာ ဖျားတတ်ပါတယ်။ အဖျားက ၁၀ဝ၊ ၁၀၁ လောက်ရှိနိုင်သလို ၁၀၂ ကနေ ၁၀၄ လောက်အထိ အဖျားကြီးနိုင်တာမျိုးလည်း ရှိနိုင်ပါတယ်။ လက်တွေခြေတွေမှာ အရေကြည်ဖုလေးတွေ ထွက်လာမယ်။ အရေကြည်ဖုလေးတွေက ရံဖန်ရံခါ တစစ်စစ်နဲ့နာတာ ရှိကောင်း ရှိနိုင်တယ်။ အဲဒီရေကြည်ဖုလေးတွေက ဆရာတို့ ငယ်ငယ်ကပေါက်ခဲ့တဲ့ ပဲသီတာလို့ ခေါ်သလို ရေကျောက်လို့လည်းခေါ်တဲ့ Chickenpox နဲ့ဆင်ပါတယ်။ ထူးခြားတာကတော့ Chickenpox က လက်ဖဝါးနဲ့ ခြေဖဝါးတွေမှာ ဖြစ်လေ့မရှိသလို ဒီရောဂါကတော့ လက်ဖဝါး၊ ခြေဖဝါးတွေ မှာ အတွေ့ရများပါတယ်။ နောက်တစ်ခုက Chicken Box က ပါးစပ်ထဲမှာ အနာတွေဖြစ်လေ့ မရှိသလို ဒါကတော့ ပါးစပ်ထဲမှာ အနာလေးတွေ ဖြစ်လာပါတယ်။ ပါးစပ်ထဲက အနာလေးတွေ ဆိုတာကလည်း နှုတ်ခမ်းတွေ၊ သွားဖုံးတွေ၊ ပါးစောင်တွေ၊ အာခေါင်တွေ၊ အာသီးဘေးနားက လည်ချောင်းတွေနဲ့ နေရာမျိုးစုံမှာ အပူနာလေးတွေ ဖြစ်ပေါ်လာပါတယ်။ ကနဦးအစမှာ အနီရောင် ရဲရဲလေးဖြစ်လာပြီးတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ အနာတွေ အသွင်ကို ပြောင်းလဲသွားပါတယ်။ တချို့က လက်ဖဝါး၊ ခြေဖဝါး အနာ သိပ် မဖြစ်ဘဲ ပါးစပ်အနာပဲ ပိုဖြစ်တတ်ကြပါတယ်။ ပါးစပ်အနာက ဘယ်လောက်အထိ ပြင်းထန်သလဲဆိုရင် တချို့ကလေးတွေက ကိုယ့်ရဲ့ တံတွေးကိုတောင် ကိုယ်မျိုမချနိုင်လောက်အောင် ပြင်းထန်ပါတယ်။ ကလေးတွေက သွားရည်ကို ငုံထားမယ်။ သွားရည် တများများကျမယ်။ ညဘက်မှာဆို အိပ်နေရင်းနဲ့ သွားရည်ကို မျိုချမိရင်တောင် ထငိုတတ်တယ်။ အကြောင်းအရင်း မရှိဘဲ စူးစူးဝါးဝါး ငိုတာမျိုးတွေ တွေ့ရတတ်တယ်။ နာတာကို မပြောပြတတ်တဲ့ ကလေးသူငယ်တွေမှာဆိုရင် တော်တော်လေးကို မိဘတွေက စိတ်ပူရပါတယ်။ ကလေးက ညဘက် ရုတ်တရက် အကြောင်းအရင်း မရှိဘဲ ထငိုတယ်။ အိပ်နေရာကနေ ငိုတယ်။ အိပ်လို့မရသလို အမြဲတမ်း နို့စို့နေတဲ့ကလေးက နို့ လုံးဝ မစို့တော့တာတွေ ဖြစ်လာတတ်ပါတယ်။ တချို့နာတာကို မပြောတတ်ပေမယ့် ရေဆာတယ်ဆိုပြီး ရေသောက်တယ်။ ရေသောက်ပြီး ပြန်ငိုတာတွေလည်း ရှိတတ်ပါတယ်။

Voice : ဒီရောဂါကြောင့် နောက်ဆက်တွဲ ခံစားရနိုင်တာတွေ ရှိပါသလား။
Dr.TYZ : Enterovirus ကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါမှာတော့ ရံဖန်ရံခါ ပြင်းထန်တဲ့ ဦးနှောက်ရောင်ရမ်းခြင်းနဲ့ အာရုံကြော ရောင်ရမ်းခြင်းတွေက နောက်ဆက်တွဲအနေနဲ့ ဖြစ်ပွားတာ ရှိတယ်လို့ သုတေသန စာတမ်းတွေမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ပုံမှန် အားဖြင့်ဖြစ်ပွားတဲ့ Coxsackievirus ကြောင့်ဆိုရင်တော့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေ ဖြစ်ပွားတာ သိပ်မတွေ့ရပါဘူး။ 

Voice : ရောဂါဖြစ်တယ် ဆိုတာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှာဖွေလို့ ရနိုင်မလဲ။
Dr.TYZ : အထူးသဖြင့် ကလေးတွေဖြစ်ပွားတဲ့ လူနာရာဇဝင်ကြည့်ပြီး စမ်းသပ်ကြည့်လိုက်မယ် ဆိုတာနဲ့တင် သိရှိနိုင်ပါတယ်။ ဘယ်ဗိုင်းရပ်စ်ကြောင့် ဖြစ်တာလဲဆိုတာကိုတော့ တိတိကျကျ သိရှိနိုင်ဖို့ကတော့ သူ့ရဲ့ အရေပြားမှာထွက်တဲ့ အရည်ကြည်ကိုသော်လည်းကောင်း၊ သွေးကဖြင့်သော်လည်းကောင်း၊ ဝမ်းကဖြင့်သော်လည်းကောင်း ရောဂါပိုး မွေးခြင်းနဲ့ ဘယ်ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်ဆိုတာကို သုတေသနပြုလုပ်လို့ ရပါတယ်။ ဒါကတော့ ကပ်ရောဂါအသွင် ဖြစ်ပေါ်မှသာလျှင် လုပ်လေ့လုပ်ထ ရှိတယ်။ ပုံမှန်အားဖြင့် သွေးစစ်ပြီး ရှာဖွေဖော်ထုတ်လေ့ မရှိပါဘူး။ 

Voice : ဒီရောဂါကို ကုသကာကွယ်လို့ ရနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးပါဦး။
Dr.TYZ : ဗိုင်းရပ်စ် ရောဂါပိုးကြောင့် ဖြစ်တဲ့အတွက် တိကျတဲ့ ပိုးသတ်ဆေးပေးပြီး ကုသလို့ မရဘူး။ ဒါကြောင့် ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးတော့ အရေးကြီးပါတယ်။ ရောဂါဖြစ်တဲ့သူဘက်ကလည်း ကာကွယ်ရမှာဖြစ်သလို မဖြစ်သေးတဲ့သူဘက်ကလည်း ကာကွယ်ရမှာဖြစ်တယ်။ လက်၊ ခြေ၊ ပါးစပ်နာ ဖြစ်ပွားတဲ့ ကလေးတွေနဲ့ မိဘတွေ အနေနဲ့ကတော့ ကလေး ဒီလို ရောဂါဖြစ်ပြီဆိုရင် ကျောင်းမလွှတ်သင့်ပါဘူး။ ကူးစက်တတ်တဲ့ရောဂါဖြစ်လို့ပါ။ ဖြစ်တဲ့ကလေး ကိုယ်တိုင်ကလည်း ပင်ပန်းနိုင်ပါတယ်။ အိမ်မှာပဲထားပါ။ နောက်တစ်ခုက တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ လက်ဆေးခြင်းပါပဲ။ ဒီရောဂါက လေထုထဲက ကူးစေနိုင်သလို လက်နဲ့ ထိတွေ့ကိုင်တွယ်ပြီး နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကနေပါ ရောဂါပိုး ဝင်ရောက်နိုင်တဲ့အတွက် လက်ဆေးခြင်းက အထူး အရေးပါတဲ့ ကာကွယ်မှု နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ရောဂါ ကာကွယ်ဆေးရယ်လို့ ထိုးနှံပေးဖို့အတွက် ဆရာတို့နိုင်ငံမှာ မရှိသေးပါဘူး။ ကမ္ဘာတစ်ဝန်းလုံးမှာလည်း ကပ်ရောဂါအသွင်နဲ့ ကလေးသူငယ်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လောက်တဲ့အထိ ဖြစ်ပွားခြင်း မရှိသေးတဲ့အတွက် ကာကွယ်ဆေးရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပေးနေတာကို မတွေ့ရှိရပါဘူး။ 

Voice : ရောဂါဖြစ်တယ်ဆိုရင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ။
Dr.TYZ : ရောဂါဖြစ်တဲ့ ကလေးတွေကို ရေချိုးပေး၊ ရေပတ်တိုက်ပေးလို့ ရပါတယ်။ အဓိက အဖျားကြီးရင် တက်သွားတတ်တဲ့ ကလေးတွေ ရှိတဲ့အတွက်ကြောင့် အဖျားကြီးတာကို ပါရာစီတမောလည်း တိုက်သလို ရေပတ်တိုက်၊ ရေချိုးခြင်းနဲ့လည်း အဖျားကျအောင် ချပေးနိုင်ပါတယ်။ အစားကတော့ ပုံမှန်အတိုင်း အကုန် ကျွေးလို့ရပါတယ်။ ပူတာ၊ စပ်တာတွေတော့ မကျွေးပါနဲ့။ အငွေ့တထောင်းထောင်းနဲ့ ပူတာမျိုးရော၊ ငရုတ်ကောင်းလို ပူတာမျိုးရောပါ။ ပါးစပ်မှာ အနာကရှိထားတော့ အစာစားဖို့ ငြင်းနေတဲ့ကြားထဲကမှ အပူအစပ်ကိုကျွေးမိရင် ကလေးတွေက ကြောက်သွားတတ်သလို၊ နာသွားတတ်ပါတယ်။ ချိုအေးတာတွေ ကျွေးလို့ရတယ်။ အဝါရောင်ရှိတဲ့ အသီးအနှံတွေတော့ များများ ကျွေးပေးရပါတယ်။ 

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပြပေးပါဦး။
Dr.TYZ : မှာချင်တာကတော့ မိဘတွေရော၊ ကလေးငယ်တွေရော၊ ကျောင်းက ဆရာ၊ ဆရာမတွေရော အားလုံး လက်ဆေးခြင်း အလေ့အထကို လုပ်ဖို့အတွက်ပါပဲ။ တစ်ကိုယ်ရေ သန့်ရှင်းပြီး ကျန်းမာစွာနေထိုင်ခြင်းတို့က ရောဂါကို ကာကွယ်တဲ့နေရာမှာ အရေးကြီးဆုံးပဲဖြစ်တယ်။ ရောဂါဖြစ်လာပြီဆိုရင်လည်း အဖျားကျအောင် သင့်တင့်လျောက်ပတ်တဲ့ အဝတ်အစားတွေ ဝတ်မယ်။ အပူအအေး မျှတအောင် ထားမယ်။ လိုအပ်ရင် ရေချိုး ရေပတ် တိုက်ပေးမယ်။ ကလေးတွေက အစားစားဖို့ ငြင်းတယ်ဆိုပေမယ့်လည်း အစာ၊ ရေ အာဟာရ မျှတအောင် တတ်နိုင်သမျှ ချော့ကျွေးဖို့လိုပါတယ်။ အနည်းဆုံး စွပ်ပြုတ်ရေလောက်တော့ ဝင်အောင် တိုက်ပေးရပါမယ်။ အကယ်၍ ကလေးက ဂနာမငြိမ်တာတွေ ဖြစ်လာမယ်၊ လန်းဆန်းမှု မရှိဘူး၊ ဆီးသွားနည်းလာမယ်၊ အမော မခံနိုင်တာတွေ ဖြစ်မယ်၊ တက်မယ်၊ ကယောင်ကတမ်း ပြောတာတွေ ဖြစ်လာမယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး သွားဖို့အတွက် တိုက်တွန်းလိုပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA