News

POST TYPE

HEALTH

မျက်စိဆေးရုံကြီး၌ ယခုနှစ်အတွင်း မျက်ကြည်လွှာ အစားထိုး ခွဲစိတ်ပေးခဲ့သူ ၁ဝ၉ ဦးရှိ
31-Aug-2016

ရန်ကုန်၊ သြဂုတ် ၃ဝ

တာမွေမြို့နယ် နတ်မောက်လမ်းရှိ မျက်စိ အထူးကု ဆေးရုံကြီး (ရန်ကုန်)၌ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၃ဝ ရက်နေ့အထိ အကြောင်း အမျိုးမျိုးကြောင့် မျက်ကြည်လွှာ လိုအပ်သဖြင့် ခွဲစိတ်ပေးခဲ့သူ လူနာ ၁ဝ၉ ဦးရှိကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

“မျက်ကြည်လွှာ တစ်ခုကို လူနှစ်ယောက်အထိ အသုံးပြုနိုင်အောင် ခွဲစိတ်ပေးနေသလို နောက်ပိုင်းဆိုရင် လူနာသုံးဦး အထိပါ အမြင်အာရုံ ပြန်ရအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”ဟု မျက်စိအထူးကု ဆေးရုံကြီး (ရန်ကုန်)၏ တာဝန်ခံဖြစ်သူနှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ မျက်စိ ရောဂါ ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာတင်ဝင်းက ပြောကြားသည်။

မျက်ကြည်လွှာ အစားထိုး ခွဲစိတ်ကုသပေးသည့် လူနာ ၁ဝ၉ ဦးအနက် မျက်ကြည်လွှာ တစ်ခုလုံးလဲ၍ အစားထိုး ခွဲစိတ်သည့်လူနာ ၅၉ ဦးနှင့် မျက်ကြည်လွှာ တစ်ခုကို နှစ်ပိုင်းခွဲ၍ ခွဲစိတ်ပေးသည့် လူနာ ၅ဝ ဦးရှိပြီး လှူဒါန်းသည့် မျက်ကြည်လွှာ အလှူများမှာ ၈၄ ဦးဖြစ်ကြောင်း မျက်စိအထူးကု ဆေးရုံကြီး (ရန်ကုန်)ထံမှ သိရသည်။

မျက်ကြည်လွှာ ရောဂါသည်များနှင့် ထိခိုက်ဒဏ်ရာ ဖြစ်မှုကြောင့် အစားထိုး ကုသပေးနိုင်ရန် ကြိုတင် စာရင်းပေးသွင်း ထားသည့် မျက်ကြည်လွှာ ပျက်စီးဆုံးရှုံးခဲ့သည့် လူနာများအနက်မှ အရေးပေါ် အခြေအနေအရ မျက်ကြည်လွှာ မဖြစ်မနေ အစားထိုးခွဲစိတ်မှု လိုအပ်သည့် လူနာများနှင့် ဝေးလံ ခေါင်းဖျားသည့် နယ်များမှ လာရောက်ရသည့် လူနာများကို အဓိက ဦးစားပေး ခွဲစိတ်ပေးပြီး ကျန်လူနာများကိုမူ အလှည့်ကျ စာရင်းအတိုင်း ဆောင်ရွက် ပေးနေကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

သေဆုံးခဲ့သူ တစ်ဦး လှူဒါန်းသည့် မျက်ကြည်လွှာကို ဓာတ်ခွဲခန်းတွင် နှစ်ရက် ထားရှိပြီး ကျန်နှစ်ရက်အတွင်း (စုစုပေါင်း လေးရက်ခန့် ကြာချိန်အတွင်း) အချိန်မီ ခွဲစိတ်ရသောကြောင့် သက်ဆိုင်ရာ ခွဲစိတ်ပေးရမည့် လူနာကို ဦးစားပေး အစီအစဉ်အတိုင်း ရွေးချယ် ဆက်သွယ် ပေးရကြောင်း မျက်စိအထူးကု ဆေးရုံကြီး (ရန်ကုန်) ထံမှ သိရသည်။ 

  • VIA