News

POST TYPE

HEALTH

ရန်ကင်းကလေးဆေးရုံမှ ကလေးများအတွက် စေတနာ့ဝန်ထမ်းခေါ်ယူ
10-Nov-2017 tagged as

ရန်ကုန်၊ နိုဝင်ဘာ ၉

ရန်ကင်းကလေးဆေးရုံကြီးရှိ ရောဂါ ဝေဒနာခံစားနေရသော ကလေးငယ်များ စိတ်ပျော်စေအောင် ကူညီဆောင်ရွက်ပေးမည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူလျက်ရှိကြောင်း Myanmar Clown Doctor မှ တာဝန်ရှိသူ ဒေါ်ကြည်ငြိမ်းချမ်းကျော်က ပြောကြားသည်။

“ကျွန်မတို့ လုပ်လာတဲ့ ငါးနှစ်အတွင်း လုပ်ရင်းနဲ့ သိလာတာက ကလေးတွေအတွက် ဒါက တကယ် လိုအပ်တယ်ဆိုတာပါပဲ။ အဓိက ကလေးတွေကို ဦးတည်တယ် ဆိုပေမယ့် ကလေးမိဘတွေလည်း ပါတာပေါ့။ ကလေးတွေက သူတို့ ခံစားနေရတဲ့ ဝေဒနာတစ်ခုတည်းကိုပဲ အာရုံစိုက်ဖြစ်တော့ စိတ်နွမ်းတာတွေရှိတယ်။ အဲဒါတွေကို ခဏတာလေးပဲဖြစ်ဖြစ် ပျောက်သွားအောင် အာရုံပြောင်းလိုက်တဲ့ သဘောပါပဲ”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ Myanmar Clown Doctor အဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းသို့ဖွဲ့စည်းခဲ့သည့် အချိန်မှစတင်၍ ဟယ်လ်ပင်ကလေး ဆေးရုံကြီးတွင် အပတ်စဉ်စနေနေ့တိုင်း ကလေးငယ်များ ပျော်ရွှင်စေရန် စေတနာ့ ဝန်ထမ်းပြုလုပ်ခဲ့ပြီး တစ်နှစ်အကြာတွင် ရန်ကင်းကလေး ဆေးရုံကြီး၌ အပတ်စဉ် တနင်္ဂနွေတိုင်းကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

“လောလောဆယ် တစ်ဖွဲ့ကို လေးယောက်စီ ရှိတယ်။ ဆေးရုံက ကလေးတစ် ယောက်ချင်းစီကို သွားတာဖြစ်တော့ လူအရမ်း နည်းနေတော့လည်း အဆင် မပြေဘူး။ တချို့ကျတော့လည်း အချိန် အကြာကြီးမလုပ်နိုင်ဘဲ ထွက်သွားတာ တွေလည်းရှိတယ်။ အပျော်ပဲဆိုပြီး လာ လုပ်ကြပြီး တကယ်တမ်းပင်ပန်းမခံနိုင်လို့ ထွက်သွားတာတွေကြောင့် အခု လူထပ် ခေါ်ရတာပါ”ဟု ဒေါ်ကြည်ငြိမ်းချမ်းကျော်က ဖြည့်စွက်ပြောကြားသည်။

ပရဟိတ လုပ်ငန်းအပေါ် မည်ကဲ့သို့ စိတ်ထားသည်ကို မူတည်၍ စေတနာ့ဝန်ထမ်းများကို ခေါ်ယူလျက်ရှိပြီး လက်ရှိ အချိန်တွင် အဖွဲ့တစ်ဖွဲ့လျှင် လေးယောက်စီဖြင့် ဆောင်ရွက်လျက်ရှိကာ စိတ်ပါဝင်စားပြီး လုပ်ကိုင်လိုသူများသည် https://www.myeo.info/ တွင် အသေးစိတ် ကြည့်ရှုကာ ဝင်ရောက်လျှောက်ထားနိုင် သည်။

J-12

  • VIA
  • TAGS