News

POST TYPE

HEALTH

မူးယစ်ဆေးဝါး ဖြတ်လို၍ ပြည်သူ့ဆက်ဆံရေး ဌာနသို့ အကူအညီတောင်းမှု ငါးခု ရှိ
31-Aug-2016

ရန်ကုန်၊ သြဂုတ် ၃ဝ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် ပါရမီ လမ်းထောင့်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာဝင်းအတွင်း၌ ဖွင့်လှစ်ထားသည့် ပြည်သူ့ဆက်ဆံရေး ဌာန (Public Relation Corner)တွင် မူးယစ်ဆေးဝါး ဖြတ်လိုသဖြင့် အကူအညီ တောင်းခံထားသည့် ဖြစ်စဉ် ငါးခုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

“ကျွန်မတို့ PR Corner မှာ စိုးရိမ်စရာ မလိုဘဲ သေချာ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး အကူအညီ တောင်းခံနိုင်ပါတယ်”ဟု ပြည်သူ့ ဆက်ဆံရေးဌာန ကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မူးယစ်ဆေးဝါး ဖြတ်လို၍ အကူအညီ တောင်းခံလာပါက ပြည်သူ့ဆက်ဆံရေး ဌာနအနေနှင့် မူးယစ်ဆေးစွဲသူများ ဆေးဖြတ်နိုင်ရန်အတွက် သင့်လျော်ထိ ရောက်မည့်နည်းလမ်းများ အကြံပေးခြင်း၊ မူးယစ်ဆေးစွဲ ပြန်လည် ထူထောင်ရေး စခန်းများသို့ ဆက်သွယ် ချိတ်ဆက်ပေးခြင်းနှင့် ဆေးစွဲ သံသယ ရှိသူများကို ဆေးစွဲအဆင့် မဖြစ်စေဘဲ ကြိုတင် ကာကွယ်နိုင်ရန် စေတနာ့ဝန်ထမ်း မူးယစ်ဆေးဖြတ် အဖွဲ့များနှင့် ဆက်သွယ်ပေးခြင်းကို ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရသည်။

“ဆေးဖြတ်ချင်လို့ ဖုန်းနဲ့ ဆက်သွယ် အကူအညီ တောင်းတဲ့အခါ ဆေးဖြတ်ချင်တဲ့ လူ ကိုယ်တိုင် ဆက်သွယ်တာတော့ မရှိပါဘူး။ သူတို့ရဲ့ မိသားစုဝင် တစ်ဦး ဦးက ဆက်သွယ် မေးမြန်းကြတာ ဖြစ်ပါတယ်”ဟု ပြည်သူ့ဆက်ဆံရေးဌာန (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသူ (လူမှု ဝန်ထမ်း-၂) ဒေါ်နှင်းယုရွှေက ဆိုသည်။

စတင် ဖွင့်လှစ်ခဲ့သည့် ၂ဝ၁၆ ခုနှစ် မေလ ၉ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ ပြည်သူ့ဆက်ဆံရေး ဌာန(ရန်ကုန်) တွင် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် သက်ဆိုင်သည့် အကူအညီ တောင်းခံမှု ၇၉ ခု၊ ဌာနနှင့် မသက်ဆိုင်သည့် အခြား အကူအညီ တောင်းခံမှု ၅၂ ခုရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

  • VIA