News

POST TYPE

HEALTH

ဒေါင်းဆင်ဒရုန်း ခံစားနေရသူများကို အောက်တိုဘာလတွင် အကြားအာရုံ စစ်ဆေးပေးမည်
31-Aug-2016
ရန်ကုန်၊ သြဂုတ် ၃ဝ

မြန်မာ ဒေါင်းဆင်ဒရုန်း အသင်းနှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး၏ Neuro-Oto Audiology Special Interest Group တို့ ပူးပေါင်း၍ ဒေါင်းဆင်ဒရုန်း ခံစားနေရသူများကို အောက်တိုဘာလတွင် အကြားအာရုံ စစ်ဆေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း မြန်မာ ဒေါင်းဆင်ဒရုန်း အသင်းဥက္ကဋ္ဌ ဒေါ်မျိုးပပက ပြောကြားသည်။ 

“ဒီမှာက ဒေါင်းဆင်ဒရုန်း ကလေးတွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုရတာ အရမ်း နည်းနေသေးတယ်။ အစ်မတို့ အနေနဲ့ မိဘတွေ သတိထားသင့်တဲ့ အရေးကြီးတဲ့ အချက်တွေကို တစ်နှစ်ကိုတစ်ခု စစ်ဆေးပေးဖို့ ကြိုးစားနေတယ်။ မနှစ်က အောက်တိုဘာမှာ သွားနဲ့ ခံတွင်း ကျန်းမာရေး စစ်ဆေးပေးခဲ့တယ်”ဟု ၎င်းက ရှင်းပြသည်။

နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာလကို ဒေါင်းဆင်ဒရုန်းများ၏ ပညာပေး လအဖြစ် သတ်မှတ်ထားပြီး မြန်မာနိုင်ငံ အနေနှင့်လည်း ပညာပေး လုပ်ငန်းများကို ယခုနှစ်တွင် ဒုတိယအကြိမ်မြောက် လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာဒေါင်းဆင်ဒရုန်း အသင်းထံမှ သိရသည်။

အဆိုပါ အကြားအာရုံ စစ်ဆေးခြင်းကို နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးတွင် အောက်တိုဘာလ၏ တနင်္ဂနွေနေ့တိုင်းတွင် နံနက် ၁၅ ဦး၊ ညနေ ၁၅ ဦး စမ်းသပ် စစ်ဆေးပေးမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ် ရောဂါပညာဌာန ပါမောက္ခ ဒေါက်တာခင်လှလှက ပြောကြားသည်။

“ဒေါင်းဆင်ဒရုန်း ကလေးတွေက ပိုပြီးတော့ နားအကြားအာရုံ ထိခိုက်တာ များတယ်။ ၄ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းလောက်က နား အကြားအာရုံ ချို့ယွင်းတယ်လို့ ဆိုတယ်။ သူတို့တွေက ပုံမှန် ကလေးတွေထက် ပိုဖြစ်တတ်တယ်။ နားအကြားအာရုံ စမ်းသပ်ပေးဖို့ အရေးကြီးတယ်”ဟု ၎င်းကဆိုသည်။

မြန်မာဒေါင်းဆင်ဒရုန်း အသင်းအနေနှင့် နိုင်ငံအတွင်းရှိ ဒေါင်းဆင်ဒရုန်းများဘဝ ပိုမို ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကျန်းမာသန်စွမ်း လာစေရန်နှင့် ပညာရေး ကဏ္ဍတွင်လည်း ပါဝင်လာနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး အကြားအာရုံ စမ်းသပ် စစ်ဆေးလိုသူများသည် ဖုန်း ဝ၉ ၅ဝ၄ ဝဝ၉၆၊ ဝ၉ ၅ဝ၆ ၃၇၆၆၊ ဝ၉ ၄၂ဝ ၇၂၃ဝ၉၉ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း ယင်းအသင်းထံမှ သိရသည်။


  • VIA