News

POST TYPE

HEALTH

ကာကွယ်ဆေးထိုး အစီအစဉ်၌ ဆေးသစ်နှစ်မျိုး ထပ်တိုးမည်
07-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက ၂၀၁၈ ခုနှစ်တွင် ကလေးငယ်များအတွက် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး နှစ်မျိုးကို ထပ်မံ တိုးချဲ့သွားမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက ပြောကြားသည်။

“စုစုပေါင်း ၁၃ မျိုးဖြစ်အောင် နောက်ထပ် ကာကွယ်ဆေးနှစ်မျိုးကို ဖြည့်မှာပါ။ အဲဒီအတွက် နိုင်ငံတော်က ငွေတွေ အများကြီး ပေးရတယ်။ ကျွန်မတို့အတွက် အများကြီး ပြင်ဆင်မှုတွေ လိုပါတယ်။ အခုတောင်မှ ကလေး တစ်သန်းစာအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ခုနစ်သန်းလောက် ပေးနေရတယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် ကလေးတစ်ဦးလျှင် ဒေါ်လာ ၈၀ ခန့် အကုန်အကျခံ ထိုးနှံပေးလျက်ရှိပြီး အနာဂတ် သားကောင်းများ ကျန်းမာဖွံ့ဖြိုးစေရေးအတွက် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသည့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်း၊ သေဆုံးခြင်း၊ ဉာဏ်ရည်မမီခြင်း စသည်တို့ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးထိုး လုပ်ငန်းသည် အရေးကြီးသည့် လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက် မိဘများအနေနှင့်လည်း ကာကွယ်ဆေးထိုး လုပ်ငန်းတွင် ပါဝင်သင့်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းထံမှ သိရသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ကလေးငယ်များအတွက် ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး ၁၀ မျိုးကို အခမဲ့ ထိုးနှံပေးလျက်ရှိရာ ယခု နိုဝင်ဘာလမှစတင်ကာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ကျောင်းအခြေပြုနှင့် ပြည်သူလုထု အခြေပြုဟူ၍ နှစ်ပိုင်း ခွဲခြားကာ စတင်ထိုးနှံပေးသွားမည်ဖြစ်ရာ ကလေးများအနေနှင့် ကာကွယ်ဆေး ၁၁ မျိုးကို ရရှိတော့မည်ဖြစ်ကြောင်း ဒေါက်တာထားထားလင်းက ဖြည့်စွက် ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းက လက်ရှိအချိန်အထိ နှစ်စဉ် မွေးဖွားလျက်ရှိသော အသက်တစ်နှစ်အောက် ကလေးငယ်များ၏ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အရ တီဘီဦးနှောက် အမြှေးရောင်ရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါ၊ ဝက်သက်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါနှင့် ပြင်းထန်ဦးနှောက် အမြှေးရောင် ရောဂါ ကာကွယ်ဆေးများကို ထိုးနှံကာ ကွယ်ပေးလျက်ရှိကြောင်း တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်းထံမှ သိရသည်။

J-12

  • VIA