News

POST TYPE

HEALTH

မူးယစ်ဆေးစွဲ ရောဂါကုသရေးနှင့် သုတေသနဌာနမှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းနှင့် တွေ့ဆုံခြင်း
01-Nov-2017

မူးယစ်ဆေးသုံးစွဲသူများကို မက်သဒုန်းအစားထိုး တိုက်ကျွေးခြင်း

မူးယစ်ဆေး သုံးစွဲသူများအတွက် မက်သဒုန်းဆေးရည် အစားထိုး တိုက်ကျွေးခြင်းကို ၂၀ဝ၆ ခုနှစ်မှစတင်ကာ အခမဲ့ တိုက်ကျွေးခဲ့သည်။ အသက် ၃၀ နှစ်မှ ၃၅ နှစ်အကြား အရွယ်များသည် မက်သဒုန်းဆေးရည် သောက်သုံးမှုများပြီး ယင်းဆေးရည်နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး၊ မူးယစ်ဆေးစွဲ ရောဂါကုသရေးနှင့် သုတေသနဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာ နန္ဒမျိုးအောင်ဝမ်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : မက်သဒုန်းဆေးရည် ဆိုတာကို ရှင်းပြပေးပါဦး။
Dr.NDMAW : မက်သဒုန်းက ဘိန်းဖြူအကြောထဲ ထိုးတဲ့သူတွေအတွက် တိုက်တာပေါ့။ မက်သဒုန်းဆိုတာ မူးယစ်ဆေး မဟုတ်ဘူး။ ဆေးအနေနဲ့ ကုတာပါ။ သိပ္ပံနည်းကျ လုပ်ထားတဲ့ သုတေသနတွေ အခိုင်အမာ ရှိတယ်။ WHO ကလည်း Recommend လုပ်ပေးတယ်။ မက်သဒုန်းဆိုတာ ဘိန်းကနေ ထုတ်တဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ ဘိန်းနဲ့တူတဲ့ ဆေးထဲမှာ စွဲဖို့အခွင့်အလမ်းနဲ့ အန္တရာယ် အနည်းဆုံး ဆေးပါပဲ။ ဘာလို့လဲဆိုတော့ ဆေးတွေမှာက ဆေးသုံးလိုက်ရင် ပျော်တဲ့ခံစားမှု ရှိတယ်။ အဲဒီခံစားမှုကို မက်သဒုန်းက မရဆုံးဆေးပဲ။ ဘိန်းဖြူဆိုရင် စသုံးလိုက်တဲ့အချိန်မှာ အရမ်းကိုပျော်တဲ့ခံစားချက်ကို ခံစားရတယ်။ မက်သဒုန်းသောက်လိုက်ရင် အရင်ကဖြစ်နေတဲ့ ယင်းထတာတွေ သက်သာသွားတယ်။ မက်သဒုန်းကို တစ်ရက်တစ်ကြိမ် တိုက်လိုက်ရင်ရပြီ။ 

Voice : ဆရာတို့အနေနဲ့ မက်သဒုန်းဆေးရည်နဲ့ပတ်သက်ပြီး ကုသမှု ဆောင်ရွက်နေတာတွေကို ပြောပြပေးပါဦး။
Dr.NDMAW : မက်သဒုန်း ဆေးရည်နဲ့ကုသမှုကို ၂၀ဝ၆ ခုနှစ်မှာ စခဲ့တယ်။ အဲဒီတုန်းကတော့ ဆေးရည်တိုက်တဲ့နေရာက သုံးခုပဲရှိတယ်။ ရန်ကုန်၊ မန္တလေးနဲ့ မြစ်ကြီးနားမှာပေါ့။ ၂၀ဝ၆ ခုနှစ်အကုန်မှာတော့ ဒီဆေးရည်ကို လာသောက်တဲ့လူဦးရေကို ရေတွက်ကြည့်တော့ နှစ်ရာကျော်ရှိတယ်။ အဲဒါနဲ့ မက်သဒုန်းဆေးရည် တိုက်ကျွေးတဲ့ဌာနတွေကို တိုးပြီးဖွင့်ခဲ့တယ်။ နောက်ပိုင်းမှာတော့ မူးယစ်ဆေးစွဲကု ဌာနငယ်တွေမှာလည်း ဖွင့်တယ်။ ဒါ့အပြင် မြို့နယ်ဆေးရုံတွေနဲ့ တိုက်နယ်ဆေးရုံတွေမှာပါ ထပ်မံဖွင့်ခဲ့ပါတယ်။ အခု ၂၀၁၇ ခုနှစ်မှာတော့ တစ်နိုင်ငံလုံးမှာ ဆေးတိုက်တဲ့ နေရာပေါင်း ၅၁ နေရာရှိပါပြီ။

Voice : မက်သဒုန်းဆေးရည်ကို သောက်တဲ့ လူဦးရေ ဘယ်လောက်အထိ ရှိပါသလဲ။ 
Dr.NDMAW : အခုဆိုရင် ဆေးရည်ကို နေ့တိုင်း လာသောက်တဲ့သူက ဇူလိုင်လကုန်မှာ ၁၂၈၅၀ ဦးရှိတယ်။ မက်သဒုန်း ကုသမှုကို ရတဲ့သူပေါင်းကတော့ နှစ်သောင်းကျော်လောက် ရှိတယ်။ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်နဲ့ ရှမ်းပြည် (မြောက်ပိုင်း) တွေမှာကတော့ အဓိကပေါ့။ အဲဒီနေရာတွေက ဘိန်းဖြူ အကြောထဲ ထိုးတဲ့သူတွေ များနေလို့ပါ။

Voice : မက်သဒုန်းဆေးရည် သောက်သုံးနေတဲ့သူတွေက ဒီဆေးရည်ကို ဘယ်လောက်အထိ သောက်သုံးရမယ်ဆိုတာ သတ်မှတ်ထားတာတွေ ရှိပါသလား။
Dr.NDMAW : မူးယစ်ဆေးစွဲသူတွေကို ကုသမယ်ဆိုရင် အချိန်ယူရတယ်။ ဘာကြောင့်လဲဆိုတော့ မူးယစ်ဆေးတွေက ဦးနှောက်ရဲ့ လုပ်ဆောင်ပုံတွေကို ပြောင်းလိုက်တော့ ပုံမှန် ပြန်ဖြစ်အောင် အချိန်ယူရတယ်။ ဒါနဲ့တင် မဟုတ်ဘူး။ တခြား အချက်တွေလည်း အများကြီး ပါသေးတာပေါ့။ ဆေးစွဲတယ်ဆိုတာက ကျန်းမာရေး ပြဿနာလည်း ဟုတ်သလို လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာဆိုလည်း ဟုတ်တယ်။ ဆေးဖြတ်ဖို့အတွက်က အချိန် တော်တော် ယူရတယ်။ ဘယ်ဆေးကိုမဆို ဖြတ်ဖို့အတွက် အနည်းဆုံး သုံးလလောက် အချိန်ယူရတယ်။ ဆေးရုံ သုံးလတက်ရမယ် ပြောတာ မဟုတ်ဘူး။ Treatment ရနေဖို့ ပြောတာပါ။ ဘိန်းဖြူ သုံးတဲ့သူတွေကျတော့ ဒီထက်ပိုပြီး ကြာကြာလိုတယ်။ သုံးခဲ့အချိန်နဲ့ ပမာဏတွေအပေါ် မူတည်တာပေါ့။ နိုင်ငံတကာက Recommend လုပ်တာတော့ မက်သဒုန်းကို အနည်းဆုံး ၂ နှစ်လောက် သောက်သင့်တယ်။ ဘယ်လောက်ထိ သောက်ရမယ်ဆိုတာ မရှိဘူး။ ဆေးပြန်သုံးတဲ့ အန္တရာယ်ရှိနေတယ်ဆိုရင်တော့ ဆက် တိုက်ဖို့လိုတယ်။ ၂ နှစ်တော့ပြည့်သွားတယ်။ ဒါပေမဲ့ သူဆေးပြန်သုံးတယ်ဆိုရင် မက်သဒုန်းကို ဆက်တိုက်ဖို့ လိုတယ်ပေါ့။ တစ်သက်လုံး မဖြတ်ဘူးလို့လည်း မဟုတ်ဘူး။ ၂ နှစ်လောက် သောက်ရင်တော့ ကောင်းတယ်။ ခြောက်လလောက် သောက်လိုက်ရင် Maintainence Phase (ပုံမှန်)ထဲရောက်တယ်။ ဆေးသုံးချင်တဲ့စိတ် တွေ လျော့သွားသလို ယင်းထတဲ့လက္ခဏာတွေလည်း ပျောက်သွားတယ်။ ယင်းထတယ်ဆိုတာမှာ နှစ်မျိုးရှိ တယ်။ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ယင်းထတာနဲ့ ဆေးသုံးချင်တဲ့ဆန္ဒရှိလို့ စိတ်ကယင်းထတာတွေ ရှိတယ်။ ဒီနှစ်ခုလုံးကို မက်သဒုန်းက ကောင်းကောင်းကြီးကာ ကွယ်နိုင်ပါတယ်။ အချိန်မှန်မှန်နဲ့ ရက်မပြတ်သာ သေချာလေး သောက်ထားမယ်ဆိုရင် ယင်းလုံးဝ မထတဲ့အပြင် ပုံမှန် ပြန်ဖြစ်လာပြီးတော့ ဆေးသုံးချင်စိတ် လျော့နည်းစေမယ်။ မက်သဒုန်းသောက်ပြီး ဆေးပြတ် သွားတဲ့သူတွေ ရှိပါတယ်။ တချို့ဆိုရင် ခုနစ်နှစ်၊ ရှစ်နှစ်နေမှ ပြတ်သွားတဲ့သူတွေလည်း ရှိတယ်။ မက်သဒုန်းကိုပါ လုံးဝ ပြတ်သွားတာမျိုးပါ။

Voice : ဆေးရည် သောက်သုံးမှုကျတော့ ဘယ်လိုအရွယ်တွေ များပါသလဲ။
Dr.NDMAW : ဆေးသုံးတာတွေက အဆင့်တွေ ရှိတယ်။ ပထမ ဆေးစသုံးတယ်ဆိုတာက စမ်းသပ်လို စိတ်နဲ့သုံးတယ်။ အဲဒါကလည်း ဆယ်ကျော်သက်တွေ များတယ်။ အဲဒီကနေတစ်ဆင့် တဖြည်းဖြည်းနဲ့ အပျော်သုံးလာကြတယ်။ အဲဒီကနေ ပုံမှန် သုံးလာတယ်။ နောက်အဆင့်ကတော့ စွဲသွားတာပေါ့။ စွဲတဲ့အဆင့်ကျတော့ အသက် ၃၀ ကနေ ၃၅ နှစ်ကြားပေါ့။ ကျွန်တော်တို့ဆီမှာ မက်သဒုန်း လာသောက်တဲ့သူတွေကို ကြည့်လိုက်ရင် ဒီအရွယ်တွေ ပိုများတယ်။ မူးယစ်ဆေး သုံးတယ်ဆိုတာနဲ့ အကုန်လုံးက စွဲတဲ့အဆင့် မဟုတ်ဘူး။ တချို့တွေကလည်း စမ်းသုံးကြတာ၊ စမ်းမသုံးဖို့လိုသလို စမ်းမိတဲ့သူတွေကိုလည်း အဆင့်တွေ မတိုးအောင် ကာကွယ်ရမယ်။ စွဲခဲ့ရင်လည်း ကုဖို့လိုတယ်။ 

Voice : ရန်ကုန်တိုင်းမှာ မက်သဒုန်းဆေးရည် တိုက်ကျွေးတဲ့နေရာတွေကို ပြောပြပေးပါဦး။
Dr.NDMAW : ရန်ကုန်မှာကတော့ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံတွေမှာ တိုက်ကျွေးပါတယ်။

Voice : မက်သဒုန်းဆေးရည် သောက်ရင်းနဲ့ ဆေးပြန်စွဲတဲ့သူတွေမှာရော ဘယ်လိုကျန်းမာရေး ထိခိုက်မှုတွေ ရှိလာနိုင်မလဲ။
Dr.NDMAW : မူးယစ်ဆေးသုံးရင်တော့ ကျန်းမာရေးက ထိခိုက်တာပါပဲ။ အဓိက ဘာထိခိုက်သွားလဲဆိုရင်ဘဝက Disability ဖြစ်သွားတာပေါ့။ ဆေးစွဲတယ်ဆိုတာမှာ သူတို့ရဲ့ Priority က ပြောင်းသွားတယ်။ ပုံမှန်ဆို အစာ စားမယ်၊ အိပ်မယ်၊ ရေသောက်မယ် စတဲ့ ဦးစားပေးတွေရှိတယ်။ ဆေးစွဲသွားပြီဆိုရင် ဆေးက အဲဒီနေရာတွေကို တစ်ဆင့်ချင်းစီ ယူလိုက်ပြီး ဒါတွေရဲ့အပေါ်မှာ ရောက်သွားတယ်။ အဲဒီတော့ ဒီလုပ်ငန်းတွေက ဆေးသုံးဖို့လောက် အရေးမကြီးတော့ဘူး။ ဘယ်လိုမှ ကျန်းမာရေး မကောင်းနိုင်တော့ဘူး။ အာဟာရတွေလည်း ချို့တဲ့လာတယ်။ တစ်ကိုယ်ရေ သန့်ရှင်းမှုတွေလည်း အားနည်းလာတယ်။ ပြီးတော့ မအိပ်တော့ဘဲ ပြဿနာတွေ အများကြီး တက်လာတယ်။ မူးယစ်ဆေးက ကိုယ်ခံအားကို လျော့စေတယ်။ ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်လာတယ်။ ဘာရောဂါပိုးမဆို ဝင်တယ်။ အထူးသဖြင့် မူးယစ်ဆေး ထိုးတဲ့သူတွေမှာဆိုရင် အပ်ပေါင်းသုံးတာကနေ သွေးကနေတစ်ဆင့် ကူးတဲ့ အိတ်ခ်ျအိုင်ဗီပေါ့ကူးတယ်။ အခုဆိုရင် အိတ်ခ်ျအိုင်ဗီထက် အသည်းရောင် အသားဝါ စီပိုးတွေက အများကြီး ကူးတယ်။ တီဘီလိုမျိုးတွေလည်း ပိုဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကတော့ တချို့က နဂိုကတည်းက အခံတွေ ရှိတယ်။ ဒါပေမဲ့ မဖြစ်ဘဲနဲ့ ငုံနေသလိုဖြစ်တယ်။ ဆေးသုံးလိုက်တဲ့အခါ ကျတော့မှ စိတ်ရောဂါတွေက ဘွားခနဲပေါ်လာတာပေါ့။ တချို့ကလည်း စိတ်ရောဂါ ဖြစ်ပြီးတော့သုံးတော့ စိတ်ရောဂါက ပိုဆိုးသွားတာပေါ့။ ဒါ့အပြင် လူမှုရေးဆိုင်ရာ ပြဿနာတွေလည်း ဖြစ်စေပါတယ်။ အဘက်ဘက်ကပေါ့။ 

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA