News

POST TYPE

HEALTH

သံဓာတ်ချို့တဲ့မှုသည် ကလေးများတွင် အန္တရာယ်အရှိဆုံးဖြစ်
01-Nov-2017

ရန်ကုန်၊ အောက်တိုဘာ ၃၁

သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် မွေးကင်းစ ကလေးများ၊ ကလေးငယ်များနှင့် အမျိုးသမီးများတွင် အန္တရာယ် အရှိဆုံးဖြစ်ကြောင်း မြန်မာပြည်တွင် ဖြစ်ပွားလျက်ရှိသော သံဓာတ်ချို့တဲ့မှုဆိုင်ရာ အသိမြှင့်တင်ခြင်းနှင့် စိန်ခေါ်မှုများအကြောင်း တင်ပြဆွေးနွေးချက်များအရ သိရသည်။

ကမ္ဘာပေါ်တွင် ဖြစ်ပွားမှု အများဆုံး အာဟာရဓာတ် ချို့တဲ့မှုများအနက် သံဓာတ်ချို့တဲ့မှုမှာ တစ်ခု အပါအဝင်ဖြစ်ပြီး ထိုသို့ ဖြစ်ရခြင်းမှာ နေ့စဉ် စားသုံးသည့် အစားအစာများထဲတွင် သံဓာတ်ပါဝင်မှု နည်းပါးခြင်းကြောင့်ဖြစ်ကြောင်း၊ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါသည် အသက်အရွယ် အပိုင်းအခြားမရွေးဖြစ်ပွားနိုင်ပြီး ရောဂါခံစားရသူများ အနေနှင့် ယင်းသံဓာတ်ချို့တဲ့မှုကို နှစ်လရှည်စွာ ခံစားရသော်လည်း သတိမထားမိဘဲ ရှိနေတတ်ကြောင်း အာဟာရဆိုင်ရာ အကြံပေး ဒေါက်တာဝင်းဝင်းမြင့်က ပြောကြားသည်။

“ဒီလိုဖြစ်ရင် လူ့နှလုံးက အောက်ဆီဂျင်ထုတ်တာ နည်းလာတယ်။ အောက်ဆီဂျင် လုံလောက်စွာ ရှိဖို့အတွက် သွေး ပိုမို ပန်းထုတ်ပေးရတာမို့ နှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးရပ်တာ စတာတွေဖြစ်နိုင်ပြီးတော့ အသက် ဆုံးရှုံးတဲ့အထိ ဖြစ်စေတယ်”ဟု ၎င်းက ရှင်းပြသည်။

သံဓာတ် ပါဝင်သော အစားအသောက်များကို စားသုံးရန် ပျက်ကွက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ထိခိုက်စေကာ အသက်အန္တရာယ် ထိခိုက်ခြင်းများအထိ ဖြစ်နိုင်ကြောင်း၊ ထို့အပြင် သံဓာတ်ချို့တဲ့မှုသည် ရပ်တန့်သွားခြင်းမရှိဘဲ စဉ်ဆက်မပြတ် သံသရာ လည်လျက်ရှိကြောင်း ဒေါက်တာခင်မာချို (Food & Nutrition Specialist, Cornell University, New York) က ဖြည့်စွက် ပြောကြားသည်။

ကနဦး သံဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်သော သွေးအားနည်း ရောဂါလက္ခဏာများတွင် အလိုအလျောက် နွမ်းနယ်ခြင်း၊ ဦးနှောက် လုပ်ဆောင်မှု နှေးကွေးခြင်းကြောင့် သင်ယူနိုင်စွမ်း ကျဆင်းခြင်း၊ ကိုယ်ခံအား ကျဆင်း၍ မကြာခဏ ဖျားနာခြင်းများဖြစ်ပြီး အခြားသော လက္ခဏာများအနေနှင့် မူးဝေခြင်း၊ လက်သည်း ခြေသည်းများ ကြွပ်ဆတ်ခြင်း၊ အောက်မျက်ခမ်းများနှင့် လျှာဖြူဖတ်ဖြူလျော်ဖြစ်ခြင်းနှင့် အသားအရေ ဖျော့တော့ခြင်းများ ဖြစ်ပွားပြီး အခြေအနေ ပိုမိုမြင့်မားလာပါက ခန္ဓာကိုယ်မှ အောက်ဆီဂျင် ပမာဏကို ပို၍ လိုအပ်လာမည်ဖြစ်ကာ ပြင်းထန်သော အခြေအနေများတွင်မူ နှလုံးရပ်ခြင်းကို ဖြစ်ပွားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်သော သွေးအားနည်းရောဂါသည် ပဉ္စမမြောက် အမြင့်မားဆုံးဖြစ်ကြောင်း ကျန်းမာရေး အချက်အလက်ဆိုင်ရာ အဖွဲ့အစည်း Healthdata.org ၏ လေ့လာချက်များအရ သိရသည်။

J-12

  • VIA