News

POST TYPE

HEALTH

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းနှင့် တွေ့ဆုံခြင်း
25-Oct-2017

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးမည့် အစီအစဉ်

ဂျပန်ဦးနှောက်ရောင်ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရှိနေပြီး အဆိုပါရောဂါ ကာကွယ်ဆေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက်ကိုးလအရွယ် ကလေးများအတွက် ထည့်သွင်း ထိုးနှံမည်ဖြစ်သည်။ ယင်းကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်းကို ယခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် နိုင်ငံတစ်ဝန်းရှိ အသက်ကိုးလမှ ၁၅ နှစ်အတွင်း ကလေး ၁၄ သန်းအား ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းနှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး စတင် ထိုးနှံပေးမယ့် အစီအစဉ်ကို ရှင်းပြပေးပါဦး။
Dr.HHL : ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ ကလေးတွေကို ပုံမှန်ထိုးပေးနေတဲ့ရောဂါပိုး ၁၀ မျိုးကနေ ကာကွယ်နိုင်ခဲ့တာ။ ဒီကာကွယ်ဆေးက ၁၁ ခုမြောက်အနေနဲ့ ထည့်တာပေါ့။ ဝက်သက်နဲ့ ဂျိုက်သိုးကို ဘယ်ဘက်လက်မောင်းမှာ ထိုးတဲ့အချိန် ဂျပန် ဦးနှောက်ရောင် ရောဂါကို ညာဘက်လက်မောင်းမှာ ထိုးမှာပါ။ ဂျပန်ဦးနှောက်ရောင် ရောဂါက မြန်မာနိုင်ငံမှာ ပြဿနာ ဖြစ်နေတာ အရင်တည်းကပါ။ ဒါပေမဲ့ တခြား ဦးစားပေးရတဲ့ ရောဂါတွေ အများကြီး ရှိတယ်။ ဒီရောဂါပိုးကို ၂၀၁၂ ခုနှစ်မှာ သေသေချာချာ စစ်နိုင်လာတယ်။ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ဦးနှောက်ရောင်တဲ့သူတွေမှာ ပိုးတွေ့တယ်။ လူထုဘက်ကလည်း စိုးရိမ်ကြောင့်ကြမှု ရှိပါတယ်။ တကယ်လည်း ပြဿနာ ရှိတယ်။ ရောဂါဖြစ်ပြီးရင်လည်း ၃၀ ရာခိုင်နှုန်းလောက်က သေတယ်။ မသေဘဲ ကျန်ခဲ့တဲ့ ၇၀ ရာခိုင်နှုန်းမှာလည်း စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ အလွန်ချို့တဲ့ ပြီးတော့ ကျန်ရစ်ခဲ့တာ များတယ်။ မိသားစုတစ်စုချင်းစီအတွက် သိပ်ကို ကြောက်စရာကောင်းတဲ့ ပြဿနာ ဖြစ်နေတဲ့အတွက် ဒီ ၁၁ ခုမြောက် ကာကွယ်ဆေးကို ဝန်ကြီးဌာနက ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ 

Voice : ဒီရောဂါက ဘယ်လို အသက်အရွယ်တွေမှာ ပိုပြီး အဖြစ်များပါသလဲ။
Dr.HHL : အသက် ၁၅ နှစ်အောက်မှာ ဖြစ်တာများတယ်။ မြန်မာနိုင်ငံမှာ ၉၀ ရာခိုင်နှုန်းကျော်လောက်က ၁၅ နှစ်အောက်မှာ ဖြစ်တယ်။ ဒါကြောင့် ကိုးလကနေ ၁၅ နှစ်ကို ထိုးနိုင်ဖို့အတွက် နိုင်ငံတော်က GAVI ဆိုတဲ့ အဖွဲ့ကို အဆိုပြုတယ်။ ဒါကို အစုလိုက် ထိုးချင်ပါတယ်။ ကာကွယ်ဆေးတွေ ပံ့ပိုးပေးနိုင်မလားဆိုတော့ ကလေး ၁၄ သန်းကို တစ်ယောက်ကို တစ်ဒေါ်လာနှုန်းလောက်နဲ့ ကာကွယ်ဆေးအတွက်ရော၊ လုပ်ငန်းဆောင်ရွက်ဖို့ အတွက်ကိုပါ နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ ပံ့ပိုးပေးခဲ့တာပါ။ တကယ်ပဲ တန်ဖိုးကြီးတဲ့ဆေး ဖြစ်ပါတယ်။ ကာကွယ်ဆေးကို အခမဲ့ ရရှိမယ်၊ တစ်ကြိမ်တည်းရမယ့် အခွင့်အရေးဖြစ်ပါတယ်။ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ မထိုးနိုင်တဲ့ ကိုးလအရွယ် ကလေးကလွဲလို့ မရတော့ပါဘူး။ ဒါက အခွင့်အရေး ဖြစ်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာရှိတဲ့ ကလေးတွေ၊ အထူးသဖြင့် ပုံမှန်အားဖြင့် မရောက်နိုင်တဲ့ ရွေ့လျားအုပ်စုတွေ၊ မငြိမ်းချမ်းတဲ့နေရာတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေကို သွားဆွေးနွေးပြီးပါပြီ။ အဲဒီနေရာတွေ အပါအဝင် လွတ်သွားနိုင်မယ့် နေရာတွေအားလုံး ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ၊ တခြား လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်မှာရှိတဲ့ နေရာတွေ ရောက်အောင် ကြိုးစားသွားမှာဖြစ်တယ်။ 

Voice : ဒီရောဂါဖြစ်တယ်ဆိုတာ ဘယ်လို လက္ခဏာတွေနဲ့ သိရှိနိုင်မလဲ။
Dr.HHL : ကလေးက ဦးနှောက်ရောင်တဲ့ လက္ခဏာပေါ့။ ပထမတော့ ဦးနှောက်ထဲ ပိုးရောက်တယ်ပေါ့။ ဦးနှောက်နဲ့ ပတ်သက်တဲ့ နေရာတွေအားလုံးမှာ သူ့ရဲ့လက္ခဏာတွေပြတယ်။ များသောအားဖြင့် ကလေးက အန်တယ်၊ အပြင်းဖျားတယ်၊ တက်တယ်၊ တဖြည်းဖြည်းနဲ့ အသိအာရုံ လျော့တယ်၊ စိတ်ရှုပ်ထွေးသလို ဖြစ်ပြီး ကလေးက သတိလစ်တဲ့အထိ ဖြစ်သွားတယ်၊ ကလေးက သတိရနေရင်လည်း သူ့ကိုယ်သူ မထိန်းနိုင်ဘူး။ ဦးနှောက်နဲ့ထိနေတဲ့ နေရာကိုလိုက်ပြီးတော့ အကြောဆွဲတယ်၊ ပြန်ကောင်းရင်လည်း ဦးနှောက်က ကျုံ့ပြီးတော့ ဉာဏ်ရည်မမီတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Voice : ဆရာမတို့ပြောတဲ့ စာရင်းတွေအရ ရန်ကုန်တိုင်းမှာ ဒီရောဂါက အဖြစ်များတာ တွေ့ရတယ်။ ဒါနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.HHL : ရန်ကုန်တိုင်းမှာ ခရီးမသွားဖူးတဲ့ ကလေးတွေ ရှိပေမယ့် သူတို့ဖြစ်တယ်။ ဗဟန်း၊ ရန်ကင်းက ကလေးတွေဖြစ်တယ်။ သူတို့မှာ လယ်ကွင်းလည်း မရှိဘူး။ ဒါပေမဲ့ စပါးရေစပ်စပ်လိုမျိုး ရေရယ်၊ ခြင်ရယ်၊ ဝက်နဲ့ အိမ်မွေးတိရစ္ဆာန် အားလုံးက မြန်မာနိုင်ငံမှာ ပြေးလို့လွတ်တဲ့နေရာ မရှိပါဘူး။ ဒါကြောင့် လူဦးရေ ထူထပ်တဲ့အပေါ်မှာ ဖြစ်တဲ့သူ ပိုများတာပေါ့။ တစ်နိုင်ငံလုံးမှာဖြစ်နေတဲ့ ပြဿနာလို့ပဲ ယူဆပါတယ်။ 

Voice : ဒီရောဂါကို ဖြစ်စေနိုင်တဲ့ ခြင်အမျိုးအစားနဲ့ ရောဂါကို ဘယ်လို ကြိုတင်ကာကွယ်လို့ ရနိုင်ပါသလဲ။
Dr.HHL : ခြင်မကိုက်အောင် ကာကွယ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ သူက ကျုးလက်စ်ခြင်အမျိုးအစား ကြောင့် ဖြစ်တယ်။ သူက သွေးလွန်တုပ်ကွေးခြင်နဲ့ မတူဘူး။ သွေးလွန်တုပ်ကွေးခြင်က အိမ်တွင်းမှာ ပိုကိုက်တယ်။ ဒီခြင်က အဝေးကြီးပျံနိုင်တယ်။ လယ်ကွင်းတွေ၊ တိရစ္ဆာန်တွေဆီက လာတယ်ဆိုတော့ ခြင်မကိုက်အောင်နေဖို့ပဲ။ အကောင်းဆုံးကတော့ ကာကွယ်ဆေးလို့ပဲ အကြံပေးထားပါတယ်။

Voice : ကာကွယ်ဆေးထိုးနှံပေးမယ့် အချိန်တွေကို ပြောပြပေးပါဦး။
Dr.HHL : ဝက်သက်၊ ဂျိုက်သိုးတုန်းက ဥပမာကို ယူပြီးတော့ နိုဝင်ဘာလမှာ ကျောင်းတွေမှာ ထိုးပါမယ်။ ငါးနှစ်ကနေ ၁၅ နှစ်အတွင်း ကျောင်းမှာရှိတဲ့ ကလေးတွေကို ထိုးမယ်။ ၁၅ နှစ်မကျော်တဲ့ ကလေးတွေကိုပေါ့။ ဒီဇင်ဘာလကျတော့ ကျောင်းမှာ အကြောင်း အမျိုးမျိုးကြောင့် ထိုးဖို့ကျန်တဲ့ ကလေးတွေရယ်၊ ကျောင်းမနေတဲ့ ကလေးတွေရယ်၊ အသက်ငါးနှစ် အောက်ကနေ ကိုးလအတွင်း ကလေးတွေကို ထိုးသွားမှာပါ။ ကျောင်းကတော့ အများဆုံး ဖြစ်တယ်။ သုံးပုံ နှစ်ပုံလောက်ရှိတယ်။

Voice : ကာကွယ်ဆေး လွှမ်းခြုံနိုင်ဖို့အတွက်ကိုရော ဘယ်လိုဆောင်ရွက်ဖို့ ရှိပါသလဲ။ နောက်ပြီး ကာကွယ်ဆေး အလုံအလောက် ရရှိထားပါသလား။
Dr.HHL : ဒါက ဝက်သက်တို့၊ ပိုလီယိုတို့နဲ့ မတူဘူး။ မထိုးတဲ့ ကလေးမှန်သမျှကတော့ မကာကွယ်နိုင်ဘူး။ ခြင်ကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ခြင်ကကိုက်လို့ ဆေးမထိုးထားရင်တော့ ဖြစ်နိုင်တယ်။ ဒါကြောင့် ၁၀ဝ ရာခိုင်နှုန်း လွှမ်းခြုံနိုင်မှ ကျွန်မတို့ လိုချင်တဲ့အတိုင်း ကာကွယ်နိုင်မှာပါ။ ၉၅ ရာခိုင်နှုန်းအထိ အနည်းဆုံး ရောက်ရှိအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားပါတယ်။ ဆေး ၁၅ သန်းကျော် ရောက်ပါပြီ။ ဖြန့်နေပါတယ်။ ကာကွယ်ဆေး လုပ်ငန်းအတွက် သုံးမယ့်ပစ္စည်းတွေ အကုန်လုံးကို စဖြန့်ဖြူးနေပါတယ်။ သင်တန်းတွေ အားလုံးလည်း ပြီးပါပြီ။ 

Voice : ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးရော ရှိနိုင်ပါသလား။ 
Dr.HHL : ကာကွယ်ဆေးဆိုတာက လူကောင်းမှာ ထိုးရတာ။ အဲဒီတော့ လူကောင်းတစ်ယောက်မှာ ဘာပြဿနာမှ မရှိလောက်မှ ကျွန်မတို့က ကာကွယ်ဆေးကို ခွင့်ပြုလို့ရတယ်။ ကာကွယ်ဆေးထိုးပြီးလို့ ပြဿနာရှိရင် အဲဒါကို ကာကွယ်ဆေး အနေနဲ့ မသုံးပါဘူး။ ဒီဆေးက တရုတ်နိုင်ငံက ထုတ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုတဲ့ အရည်အသွေးကို ဒီဆေးက ရထားပါတယ်။ လူသန်း ၄၀ဝ လောက် သုံးပြီးပါပြီ။ အထူးသဖြင့် အာရှပစိဖိတ်နိုင်ငံတွေမှာ ထိုးပြီးပါပြီ။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ထိုးနေပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုး အတွက် သတင်းပို့တာမရှိပါဘူး။ ဒါပေမဲ့ ဆေးတိုင်းမှာ မတည့်တဲ့ပြဿနာဆိုတာ ရှိတတ်ပါတယ်။ အဲဒီအတွက် ကိုလည်း သင်တန်းတွေပေးထားပါတယ်။ ကာကွယ် နိုင်အောင်၊ ကုသနိုင်အောင် အားလုံးကို ပြင်ဆင်ထားပါတယ်။ အရင်က အတွေ့အကြုံတွေအရ ကျွန်မတို့မှာ ယုံကြည်ချက်ရှိပါတယ်။ များသောအားဖြင့် ကာကွယ်ဆေးတွေက ဘေးကင်းပါတယ်။

Voice : ကာကွယ်ဆေးက ဘယ်နှကြိမ်ထိုးဖို့ လိုအပ်ပါသလဲ။
Dr.HHL : ပိုးအရှင်ကို အားပျော့အောင် လုပ်ထားတဲ့အတွက်ကြောင့် တစ်ကြိမ်ထိုးရုံနဲ့ ကာကွယ်နိုင်ပါတယ်။ ကုမ္ပဏီတွေက နှစ်ကြိမ်ထိုးတာ အကောင်းဆုံးလို့ ပြောပေမယ့် WHO က တစ်ကမ္ဘာလုံးကို အကြံပေးထားတာက တစ်ကြိမ်က လုံလောက်တဲ့ အရေအတွက် ဖြစ်ပါတယ်။ 

Voice : ဆရာမအနေနဲ့ ကလေးတိုင်း ကာကွယ်ဆေး လာရောက်ထိုးနှံဖို့ ကလေးတွေရဲ့ အုပ်ထိန်းသူတွေအတွက် သတင်းစကား ပါးပေးပါဦး။
Dr.HHL : အဓိက ဒီလုပ်ငန်းတွေက ပြည်သူလူထု မသိဘဲနဲ့ သူတို့ကိုယ်တိုင် လာမထိုးဘဲနဲ့ ကျွန်မတို့ ဘယ်လောက်လိုက်ရှာရှာ ဒီကလေးတွေ အားလုံးကို တွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အားလုံးသိဖို့အတွက်ရယ်၊ နောက်ပြီး ဒီကာကွယ်ဆေးရဲ့ အကျိုးကျေးဇူးကို လက်ခံပြီးတော့ ကလေးတွေအတွက် တစ်ချိန်လုံး စိုးရိမ်ပူပန်ပြီးတော့ ရောဂါဖြစ်တာကို စောင့်နေမယ့်အစား ဒီလို ကာကွယ်ဆေးကို ထိုးလိုက်တာက အင်မတန်မှကို အကျိုးရှိမယ့် ရွေးချယ်မှု ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA