News

POST TYPE

HEALTH

မျက်ခမ်းစပ်ရောဂါဖြစ်ပွားမှု လျော့နည်း
24-Oct-2017

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုကြောင့် မျက်ခမ်းစပ်ကဲ့သို့ ကူးစက်နိုင်သည့် မျက်စိရောဂါဖြစ်ပွားနှုန်း လျော့နည်းလာသော်လည်း အတွင်းတိမ်ရောဂါနှင့်အတူ အခြားသော မျက်စိရောဂါများ ပြန်လည် ဦးမော့လာကြောင်း ရန်ကုန်မျက်စိ ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးတစ်ဦးက ပြောကြားသည်။

“အခုက အတွင်းတိမ်ရောဂါအပြင် ဆီးချိုတို့၊ သွေးတိုးစတဲ့ရောဂါတွေရဲ့ နောက်ဆက်တွဲကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေနဲ့ ကလေးသူငယ် မျက်စိရောဂါတွေက ပြန်ဖြစ်လာတာပေါ့”ဟု ၎င်းကဆိုသည်။

ကမ္ဘာပေါ်တွင် အမြင်အာရုံချို့တဲ့သူပေါင်း ၂၄၆ သန်းရှိပြီး မျက်စိခွဲသူပေါင်း ၃၉ သန်းခန့်ရှိကြောင်း၊ ယင်းတို့မှ ၆၅ ရာခိုင်နှုန်းသည် အသက် ၅၀ နှစ်အထက်တွင်ရှိပြီး ဖြစ်ပွားမှု၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကာ ၈၀ ရာခိုင်နှုန်းသည် ကာကွယ်ကုသ၍ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်များအရ သိရသည်။

ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု (Primary Eye Care) ကို လွှမ်းခြုံနိုင်ရေးအတွက် ကျောင်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျေးလက်နေ ပြည်သူများအထိ ကွင်းဆင်းကာ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုပို့ချခြင်းများကို နှစ်စဉ်တိုးမြှင့်ကာ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

“ဆီးချို၊ သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေအတွက်လည်း မကူးစက်တတ်တဲ့ရောဂါ ကြိုတင်ကာကွယ်ရေး စီမံချက်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုကို ကျယ်ပြန့်စွာ လွှမ်းခြုံနိုင်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ရန်ကုန်မျက်စိဆေးရုံကြီးမှ မျက်စိအထူးကု ဆရာဝန်ကြီးတစ်ဦးက ဖြည့်စွက် ပြောကြားသည်။

မြန်မာနိုင်ငံ၌ ကာကွယ်ကုသ၍ ရရှိနိုင်သော မျက်စိရောဂါများမှ အဓိက မျက်စိ မမြင်ခြင်းကို ဖြစ်စေနိုင်သောရောဂါများမှာ အတွင်းတိမ်၊ ရေတိမ်၊ ထိခိုက်ဒဏ်ရာ၊ မျက်ခမ်းစပ်ရောဂါ၊ အာဟာရ ချို့တဲ့ခြင်းကြောင့်ဖြစ်သော မျက်စိရောဂါများနှင့် ဆီးချို၊ သွေးချိုရောဂါများကြောင့်ဖြစ်သော မျက်စိရောဂါများဖြစ်ကြောင်း ရန်ကုန် မျက်စိဆေးရုံကြီး၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

J-12

  • VIA