News

POST TYPE

HEALTH

ပါမောက္ခသမားတော်ကြီး၊ ပါမောက္ခ ဒေါက်တာချိုမာလှိုင်နှင့် တွေ့ဆုံခြင်း
18-Oct-2017 tagged as

လက်ရှိ ကျန်းမာရေး အခြေအနေများအရ ဆီးချိုသွေးချို ရောဂါများသည် ယခင်ထက် ပိုမိုအဖြစ်များလာသည်ကို တွေ့ရှိရသည်။ ခေတ်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ အစားအသောက်နှင့် ကိုယ်လက် လှုပ်ရှားမှု နည်းပါးလာခြင်းအပြင် နေရောင်ခြည်မခံခြင်း စသည့် အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားစေပါသည်။ ယခုနောက်ပိုင်း လေ့လာဆန်းစစ်ချက်များအရ ဗီတာမင်-ဒီ ချို့တဲ့ခြင်းကြောင့် ဆီးချိုသွေးချိုရောဂါများ ဖြစ်ပွားလာခြင်းနှင့်ပတ်သက်၍ မြောက်ဥက္ကလာပ ဆေးရုံကြီးမှ ပါမောက္ခသမားတော်ကြီး၊ ပါမောက္ခ ဒေါက်တာချိုမာလှိုင်နှင့် The Voice က မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : ဆီးချို သွေးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ရှင်းပြပေးပါဦး။
Dr.CMH : ဆီးချို သွေးချိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကို ပြန်လည် ဆန်းစစ်ကြည့်တဲ့အခါမှာ နေရောင်ခြည်က ရရှိလာတဲ့ ဗီတာမင်-ဒီ နည်းပါးနေတာကို တွေ့ရှိလာတယ်။ ဗီတာမင်-ဒီ ဘာလို့နည်းလဲဆိုရင် အသက်အရွယ်မရွေးက များသောအားဖြင့် နေရောင်ခြည် ရရှိနှုန်း နည်းပါးတာကြောင့်ပါ။ အခုခေတ်မှာ ကလေးတွေကို မူကြို၊ ကျောင်းတွေကို သွားတဲ့အခါမှာ နေရောင်ခြည်ထဲ မထွက်တော့ဘူး။ အရင်တုန်းကဆို ကျောင်းတက်ရင် အားကစား လုပ်ရတယ်။ အခုကတော့ မပါတော့ဘဲ Air-con နဲ့ပဲ နေနေကြတယ်။ အဲဒီတော့ နေရောင်ခြည်ကနေရတဲ့ ဗီတာမင်-ဒီတွေ ချို့တဲ့တာ များလာတယ်။ ဒီတော့ ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုဝလာတယ်။ ဆီးချို သွေးချိုတွေ၊ အဆစ် မြစ်ရောင်တာ၊ အရေပြား အရိုးလေးဖက်နာတွေ ဖြစ်လာတယ်။ အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေကလည်း ဗီတာမင်-ဒီနဲ့ တွဲစပ်နေတယ်။ လူလတ်ပိုင်းတွေကျတော့လည်း နေပူထဲထွက်တဲ့အခါမှာ အသားအရေ လှအောင် နေရောင်ခြည်ကာကွယ်တဲ့ Sun Cream တွေ လိမ်းကြတယ်။ ဒါတွေကြောင့်ပေါ့။

Voice : ဗီတာမင်-ဒီ ဆိုတာကို ရှင်းပြပေးပါဦး။
Dr.CMH : ဗီတာမင်-ဒီဆိုတာ ဟော်မုန်းတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ ဗီတာမင်တစ်ခု အနေနဲ့ ရပ်တည်တယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်း အများစုတွေကို ဗီတာမင်-ဒီကနေ အများဆုံး ထိန်းချုပ်ထားတာ တွေ့ရတယ်။

Voice : နေရောင်ခြည်ကနေ ဗီတာမင်-ဒီကို ဘယ်လို ရစေပါသလဲ။
Dr.CMH : အရေပြားမှာရှိတဲ့ ဗီတာမင်-ဒီက နေရောင်ခြည်နဲ့ ထိတွေ့ပြီး သွေးထဲကို ရောက်ရှိပြီးတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ပေးတယ်။ အထူးသဖြင့် ဆီးချိုဖြစ်စေတဲ့ မုန့်ချိုအိတ်မှာ ဗီတာမင်-ဒီက အင်ဆူလင်ကို အထွက် များစေတယ်။ ဆီးချိုဖြစ်နှုန်းကို တားဆီးကာကွယ်ပေးတယ်။ ဆီးချိုဖြစ်ပွားရင်လည်း ဆီးချိုကို ထိန်းပေးတယ်။ ဒါကြောင့် နေရောင်ခြည်ကို ထိပေးဖို့လိုတယ်။ ဆီးချိုလူနာတွေမှာ နေရောင်ခြည် မထိဘဲ အိမ်ထဲမှာပဲ နေမယ်ဆိုရင် ဗီတာမင်-ဒီက နည်းပါး ချို့တဲ့သွားတယ်။ ချို့တဲ့ရင် အင်ဆူလင်နည်းသွားပြီး ဆီးချိုရဲ့ နောက်ဆက်တွဲတွေကို ထပ်ဖြစ်စေတယ်။

Voice : ဗီတာမင်-ဒီ ချို့တဲ့ရင် ဘယ်လိုရောဂါတွေ ခံစားရပါသလဲ။
Dr.CMH : ခံစားရတာက ဆီးချို သွေးချိုရှိတဲ့သူရော၊ မရှိတဲ့သူတွေမှာရော အဆစ်အမြစ် ကိုက်တဲ့ရောဂါတွေ ခံစားရတယ်။ ခေါင်းချွေးထွက်တယ်။ ကလေးတွေရော လူလတ်ပိုင်းတွေမှာရော ခေါင်း တစ်ခြမ်းကိုက်တဲ့ရောဂါ ခံစားရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးလာတတ်တယ်။ နှလုံးသွေးကြောကျဉ်းရောဂါကိုလည်း ပိုဖြစ်စေတယ်။ ဒီအချက်တွေနဲ့ တွဲစပ်လေ့ရှိတယ်။ ဒါတွေက ဗီတာမင်-ဒီ နည်းခြင်းကြောင့် ဖြစ်လာတဲ့ရောဂါတွေပေါ့။ ဆီးချို သွေးချိုရှိတဲ့ မိသားစု တွေကို တိုင်းကြည့်တဲ့အခါမှာ ဗီတာမင်ချို့တဲ့တာကို တွေ့ရတယ်။ ချို့တဲ့တဲ့သူတွေကို နိုင်ငံတကာမွှျာနျနမေခ့ လုပ်တဲ့အခါမှာ ဆီးချိုရောဂါ မျိုးရိုးရှိတဲ့ ကလေးကို ဗီတာမင်-ဒီ တိုက်တဲ့အဖွဲ့နဲ့ မတိုက်တဲ့အဖွဲ့ဆိုပြီး နှိုင်းယှဉ်ကြည့်တဲ့အခါမှာ တိုက်တဲ့အဖွဲ့က ဆီးချိုရောဂါ ဖြစ်ပွားတာကို ၈၀ ရာခိုင်နှုန်း ကာကွယ်ပေးတာ တွေ့ရတယ်။

Voice : ဗီတာမင်-ဒီက နေရောင်ခြည်ကနေပဲ ရနိုင်တာလား။ အစားအသောက်တွေကရော မရနိုင်ဘူးလား။
Dr.CMH : ဗီတာမင်-ဒီက အစားအသောက်လည်း ရနိုင်ပါတယ်။ အစားအသောက်က ရနိုင်တာထက် နေရောင်ခြည်က ရနိုင်တာမှာ နေရောင်ခြည်က သုံးဆ ပိုရတယ်။ အစားအသောက်က တစ်ဆပဲ ရတယ်။ ဗီတာမင်-ဒီ ပါတဲ့ အစားအသောက် စားလိုက်ပေမယ့် အူလမ်းကြောင်း မကောင်းလို့ စုပ်အား မကောင်းရင် အစားအသောက်က မဝင်သွားတော့ဘူး။ အဲဒီအချိန်မှာ နေရောင်ခြည် မရခဲ့ဘူးဆိုရင် ဗီတာမင်-ဒီ ချို့တဲ့တဲ့ ရောဂါ ခံစားရတယ်။ တချို့က နေရောင်ခြည်ထဲ သွားတာပဲ၊ ဘာလို့ ဗီတာမင်-ဒီ နည်းတာလဲဆိုတော့ ဝလို့ရှိရင်လည်း အရေပြားအောက်မှာ အဆီများနေရင် နေရောင်ခြည်က အဆီထဲမှာပဲ ပျောက်သွားတော့ သွေးထဲကို မရောက်သွားဘူး။ ဒါကြောင့် အစားလည်း စားပေးရမယ်။ နေရောင်ခြည်လည်း လှုံပေးရမယ်။ မနက် ၉ နာရီကနေ ၁၁ နာရီကြား နေရောင်ခြည်လှုံတာက စိတ်အချရဆုံးပဲ။ အနည်းဆုံး ၁၅ မိနစ်လောက် ခြေ၊ လက်တွေကို နေရောင်ခြည် ထိပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို သုံးကြိမ်လောက်ဆိုရင် လုံလောက်ပါတယ်။ ကလေး၊ လူကြီး အားလုံး အပါအဝင် အဝလွန်တဲ့သူတွေက ဝိတ်ချချင်ရင် နာရီဝက်ကနေ တစ်နာရီခြား လမ်းလျှောက်သင့်တယ်။ တစ်ပတ်ကို ငါးရက်လောက်ဆို အပြည့်အဝ ရပြီးသားဖြစ်တယ်။ ဒါကြောင့် နေပူဆာ လှုံပေးဖို့ ပြောချင်တယ်။ ဗီတာမင်-ဒီ အများဆုံးပါတဲ့ အစားအသောက်တွေက ငါး၊ တူနာငါး၊ အရိုးပါတဲ့ငါးတွေ၊ နို့၊ Juice တွေ သောက်လို့ရတယ်။ နောက်ပြီး ကြက်ဥမှာလည်း ဗီတာမင်-ဒီ ပါတယ်။ Cereal တွေပေါ့။ ဒါပေမဲ့ အစားအသောက် ရတဲ့နှုန်းက နေရောင်ခြည်လောက် မများဘူး။ 

Voice : ဗီတာမင်-ဒီ ချို့တဲ့တာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲ အနေနဲ့ ဘယ်လိုရောဂါတွေ ဖြစ်လာနိုင်ပါသလဲ။
Dr.CMH : နောက်ဆက်တွဲ ရောဂါတွေက စောစော ပိုဖြစ်တယ်။ ဥပမာ- ဆီးချိုဖြစ်လို့ ဆီးပိုးတက်တယ်။ သွေးအဆိပ် တက်ပြီးတဲ့အခါမှာ ဆေးရုံရောက်လို့ ဆီးချိုလည်း မထိန်းနိုင်တော့ဘူး။ ခန္ဓာကိုယ် တစ်ခုလုံး ပိုးအဆိပ် ပျံ့သွားတဲ့အတွက်ကြောင့် သေဆုံးနှုန်း ပိုများလာတယ်။ အသက်အန္တရာယ် ပိုများစေတယ်။ ဗီတာမင်-ဒီ နည်းနေခဲ့ရင် ဆီးချိုသမားတွေမှာ အသက် အန္တရာယ်ပိုများတယ်။ 

Voice : ဆီးချိုရောဂါ ရှိတဲ့သူတွေ မဟုတ်ဘဲ သာမန်လူတွေမှာရော ဗီတာမင်-ဒီ ချို့တဲ့ရင် ဘာတွေ ဖြစ်တတ်ပါသလဲ။
Dr.CMH : ဆီးချို မရှိဘဲနဲ့ ဗီတာမင်-ဒီ ချို့တဲ့တဲ့ အခါမှာဆိုရင် အများဆုံးက ကိုယ်ခံအား ကျတာ။ ဆောင်းတွင်းမှာ နှာစေးတာ အရင်ဖြစ်တယ်။ ထိပ်ကပ်နာဖြစ်တယ်။ အဆုတ်ပိုး ခဏခဏ ဝင်တယ်။ တိုက်ဖွိုက်ဖြစ်တယ်။ ဆီးလမ်းကြောင်း ပိုးခဏခဏ ဝင်တယ်။ သွေးလွန်တုပ်ကွေးဆိုလည်း အရင်ဆုံးဖြစ်တယ်။ နောက် အဆစ်အမြစ်တွေ နာတဲ့ရောဂါ ဖြစ်လာတယ်။ သို့သော် သူ့မှာ လေးဖက်နာပိုးလည်း မရှိဘဲ အဆစ်တွေက ကိုက်နေမယ်၊ အရိုးတွေက နာမယ်၊ နောက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးတယ်။ မျိုးရိုးလည်း မရှိဘူး။ တခြားရောဂါတွေလည်း မရှိဘဲနဲ့ သွေးက နည်းနည်း တိုးနေတတ်တယ်။ ဒါ့အပြင် သွေးတိုးရှိတဲ့လူနာကလည်း သွေးတိုးကို မနိုင်ဘူး။ ဆေးတွေပေးရဲ့သားနဲ့ သွေးတိုးက ပိုပိုပြီး ဆိုးနေတတ်တယ်။ ဗီတာမင်-ဒီ ချို့တဲ့တာကြာသွားရင် အသက်ကြီးလာရင် ဆီးချိုဖြစ်နိုင်ခြေ အများဆုံး ရှိတယ်။ 

Voice : ဗီတာမင် ချို့တဲ့တာနဲ့ပတ်သက်ပြီး လူထုကို ကျန်းမာရေး သတင်းစကား ပါးပေးပါဦး။
Dr.CMH : ဗီတာမင်-ဒီချို့တဲ့ခြင်းက အရမ်းများပြားနေပါတယ်။ ဒါက လူထုထဲမှာ ၅၀ ရာခိုင်နှုန်း အနည်းဆုံး ရှိနေတယ်။ ကျန်းမာရေးအတွက် ဆိုးကျိုး သက်ရောက်မှု အများဆုံး ပေးတယ်။ နှလုံးသွေးကြော ကျဉ်းတာ၊ သွေးတိုးတာ၊ ဆီးချို၊ ကင်ဆာတွေ၊ ကိုယ်ခံအားကျပြီး ဖျားနာတာတွေ များတယ်။ ဒါကြောင့် ဗီတာမင်-ဒီ ရရှိဖို့ ငယ်ငယ်ကတည်းက နေရောင်ခြည် ထိတွေ့ပေးဖို့ လိုတယ်။ ဗီတာမင်-ဒီများတဲ့ အစားအသောက်တွေကို စားဖို့လိုသလို Lifestyle တွေကိုလည်း ပြောင်းပေးဖို့ လိုတယ်။ ရောဂါ လက္ခဏာ ပေါ်လာပြီဆိုရင်လည်း ဗီတာမင်-ဒီ ဘယ်လောက် ရှိသလဲဆိုတာကို တိုင်းပြီးမှ တိုက်ဖို့လိုတယ်။ သွေးထဲမှာ မတိုင်းတာဘဲနဲ့တော့ ဆေးတွေကို မတိုက်သင့်ဘူးပေါ့။ ဗီတာမင်-ဒီသည် ဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တဲ့အတွက်ကြောင့် များရင်လည်း များတဲ့အတွက် ဆိုးကျိုးတွေ ရှိတတ်ပါတယ်။ အထူးမှာချင်တာက ဆီးချိုနဲ့ သွေးချို မျိုးရိုးရှိတဲ့ သားသမီးတွေကို ဗီတာ မင်-ဒီ Level တွေ တိုင်းတာသင့်ပါတယ်။ ဗီတာမင်-ဒီ ချို့တဲ့ရင် ဆီးချို ဖြစ်တတ်တဲ့အတွက်ပါ။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • VIA
  • TAGS