News

POST TYPE

HEALTH

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးမည်
18-Oct-2017


ရန်ကုန်၊ အောက်တိုဘာ ၁၈

နိုင်ငံတစ်ဝန်းလုံးရှိ အသက်ကိုးလမှ ၁၅ နှစ်အတွင်းရှိ ကလေး ၁၄ သန်းခန့်ကို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၏ စီမံချက်မန်နေဂျာ ဒေါက်တာ ထားထားလင်းက ပြောကြားသည်။

ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး အစုလိုက် ထိုးနှံပေးခြင်း လုပ်ငန်းကို ယခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင်လည်းကောင်း၊ ဒီဇင်ဘာလလ ၁၁ ရက်နေ့မှ ၂ဝ ရက်နေ့အထိ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင်လည်းကောင်း အုပ်စုနှစ်စုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ယင်းရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက်ကိုးလအရွယ် ကလေးငယ်များကို ထည့်သွင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းထံမှ သိရသည်။

ကာကွယ်ဆေးထိုး အစီအစဉ်၏ ဘတ်ဂျက်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့် အကုန်အကျခံသွားမည်ဖြစ်ပြီး အစိုးရအပြင် WHO၊ UNICEF၊ GAVI နှင့် PATH စသော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ပုဂ္ဂလိကကျောင်းများ၊ နိုင်ငံတကာ ကျောင်းများတွင် စုရပ်များ ဖွင့်လှစ်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် မြို့နယ်ဆေးရုံများ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၊ ဒေသန္တရ ကျန်းမာရေးဌာန၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ၊ ရပ်ကွက်ကျေးရွာများအတွင်း အုပ်ချုပ်ရေးရုံး၊ ဓမ္မာရုံများ၊ ဘုန်းကြီးကျောင်း၊ ပုဂ္ဂလိကနေအိမ်နှင့် အခြား သတ်မှတ်ထားသည့် ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းထံမှ သိရသည်။

J-12

  • VIA