News

POST TYPE

HEALTH

ဆီးချို သွေးချိုဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ် ပိုများ
11-Oct-2017 tagged as

ရန်ကုန်၊ အောက်တိုဘာ ၁၀

ဆီးချိုနှင့် သွေးချိုရောဂါဖြစ်ပွား နှုန်းသည် တစ်နှစ်ထက်တစ်နှစ် ပိုမို      များ ပြားလာကြောင်း မြောက်ဥက္ကလာပ ဆေးရုံကြီးမှ သမားတော်ကြီး ပါမောက္ခ ဒေါက်တာချိုမာလှိုင်က ပြောကြားသည်။

“ဘာကြောင့်ဖြစ်သလဲဆိုတော့ နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတဲ့အတွက်ပဲ ဖြစ်တယ်။ ကမ္ဘာမှာလည်း ဒီရောဂါတွေ ဖြစ်နှုန်းက ပိုများလာတာ တွေ့ရတယ်”ဟု ၎င်းကရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆီးချိုနှင့် သွေးချိုရောဂါ ခံစားနေရသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း၊ အထူးသဖြင့် ဆီးချိုနှင့် သွေးချိုရောဂါ ဖြစ်ပွားသူများသည် အဝလွန်သူများနှင့် တွဲစပ်ကာ တွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဆီးချိုနှင့် သွေးချို စီမံကိန်းများတွင် ဖော်ပြထားသည်။

လက်ရှိ ကျန်းမာရေး အခြေအနေများအရ ဆီးချိုနှင့် သွေးချိုရောဂါသည် အဖြစ်များလာပြီး လူ ၁၀ ဦးတွင် တစ်ဦးနှုန်းဖြစ်လာသည်ကို တွေ့ရကြောင်း၊ ထို့အပြင် ယင်းရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် ဆေးရုံတက်လူနာ များပြားလာကြောင်း၊ နောက်ဆက်တွဲရောဂါများဖြစ်သော နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ ထုံနာကျဉ်နာဖြစ်ခြင်း၊ ကျောက်ကပ် ဝေဒနာများအပြင် ကင်ဆာရောဂါများနှင့်ပါ တွဲစပ်ကာ ဖြစ်ပွားလျက်ရှိကြောင်း ပါမောက္ခ ဒေါက်တာ ချိုမာလှိုင်က ဆက်လက် ပြောကြားသည်။

ဆီးချိုရောဂါရှိသူနှစ်ဦးတွင် တစ်ဦးသည် မိမိကိုယ်ကိုယ် ရောဂါရှိနေသည်ကို မသိကြဘဲ ဆီးချိုနှင့် သွေးချိုရောဂါရှိသူများသည် ရေ အလွန်အမင်း ငတ်ခြင်း၊ ကိုယ် အလေးချိန်ကျခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ အမြင်မှုန်ဝါးလာခြင်း၊ မူးမော်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စသော လက္ခဏာများကို ခံစားရကြောင်း၊ ထို့အပြင် အထိုင် များသော နေထိုင်မှုများ၊ အဝလွန်ခြင်း၊ မိသားစုတွင် ယင်းရောဂါနှင့် ပတ်သက်၍ မျိုးရိုးရှိခြင်း၊ သွေးတိုးခြင်း၊ အဆီများခြင်း စသည့်အချက်များသည် ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်သည့် အဓိက အချက်များဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

J-12

  • TAGS