News

POST TYPE

HEALTH

ရန်ကုန်ဆေးရုံကြီး ကင်ဆာဆေးပညာဌာန၌ ခုတင် မလုံလောက်
ရန်ကုန်၊ အောက်တိုဘာ ၇

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာဆေးပညာဌာန၌ ကင်ဆာဆေးသွင်း ကုသမှုခံယူသည့်လူနာ များပြားသဖြင့် ခုတင်လုံလောက်မှု မရှိကြောင်း ယင်းဌာန၏ ပါမောက္ခဌာနမှူး ဒေါက်တာ မျိုးမြင့်မော်က ပြောကြားသည်။

“ဆေးသွင်းတာကို အလှည့်နဲ့သွင်းတယ်။ တချို့လူနာတွေက ၁၂ နာရီသွင်းဖို့လိုရင် မနက် ၈ နာရီကနေ ညနေအထိပေါ့။ ခြောက်နာရီ သွင်းဖို့လိုတဲ့ လူနာတွေကိုတော့ နှစ်ပိုင်းခွဲပြီး မနက်တစ်ပိုင်း၊ နေ့လယ်တစ်ပိုင်း ခွဲထားတယ်။ ကင်ဆာ ဆေးသွင်းတဲ့ လူနာက တစ်နေ့ကို ၇၀ ကနေ ၁၀ဝ ကြားရှိတော့ ရှိတဲ့ခုတင် ၅၀ နဲ့မလောက်ဘူး။ ဒါကြောင့် အချိန်ပိုင်းနဲ့ လုပ်ပေးတယ်”ဟု ၎င်းကရှင်းပြသည်။

ကင်ဆာဆေးပညာဌာနတွင် ပြင်ပ လူနာဌာနနှင့် အတွင်းလူနာဌာနဟူ၍ နှစ်ပိုင်းခွဲ၍ ကုသမှုပေးလျက်ရှိပြီး ပြင်ပ လူနာဌာနကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီခွဲအထိ ကြည့်ရှုပေးလျက်ရှိကြောင်း၊ လာရောက်ပြသသည့် လူနာဦးရေမှာ တစ်နေ့လျှင် ပျမ်းမျှလူနာ ၂၅၀ ဦးမှ ၃၀ဝ ဦးကြားရှိပြီး လူနာအသစ်မှာ ၃၀ ဦးမှ ၄၀ ဦးအတွင်းရှိကြောင်း ယင်းဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၌ တွေ့ရများသော ကင်ဆာရောဂါများမှာ ရင်သားကင်ဆာ၊ သားအိမ်ခေါင်း ကင်ဆာ၊ သားဥကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့ဖြစ်ပြီး အမျိုးသားများ၌ အဖြစ်များသည့် ကင်ဆာရောဂါများမှာ အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာ၊ အကျိတ် ကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အစာအိမ် ကင်ဆာတို့ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ ကင်ဆာဆေးပညာဌာန၏ မှတ်တမ်းများအရ သိရသည်။

J-12